မော်ချီးဒေသတွင် ဆန်တစ်အိတ် ၆ သိန်းကျပ်ထိ ကုန်စျေးနှုန်း မြင့်တက်နေ

ကယား (ကရင်နီ) ပြည်နယ်၊ မော်ချီးဒေသတွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တို့ကြား လချီကြာ တိုက်ပွဲဖြစ်ပွားနေပြီး သွားလာရေးပိတ်ပင်ခံရမှုကြောင့် အခြေခံစားသောက်ကုန်စျေးနှုန်းများမှာ အဆမတန် မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 07 Oct 2023

၂၀၁၈ ခုနှစ်က မှတ်တမ်းတင်ထားသော မော်ချီးမြို့မြင်ကွင်း။ ဓာတ်ပုံ - Facebook
၂၀၁၈ ခုနှစ်က မှတ်တမ်းတင်ထားသော မော်ချီးမြို့မြင်ကွင်း။ ဓာတ်ပုံ - Facebook

DMG ၊ အောက်တိုဘာ ၇

ကယား (ကရင်နီ) ပြည်နယ်၊ မော်ချီးဒေသတွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တို့ကြား လချီကြာ တိုက်ပွဲဖြစ်ပွားနေပြီး သွားလာရေးပိတ်ပင်ခံရမှုကြောင့် အခြေခံစားသောက်ကုန်စျေးနှုန်းများမှာ အဆမတန် မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

မော်ချီးမြို့သို့ဝင်ရောက်ရာ အဓိကလမ်းမဖြစ်သော လွိုင်ကော် - ဒေါတမကြီး - ဘော်လခဲ လမ်းပိုင်းကို စစ်ကောင်စီက ယခုနှစ် ဖေဖော်ဝါရီလမှစပြီး ကုန်စည်တင်သွင်းခွင့် ပိတ်ပင်ထားသဖြင့် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်းများမြင့်တက်မှုကို ကြုံတွေ့နေရခြင်း ဖြစ်သည်။  

မော်ချီးမြို့ခံ ကုန်သည်တစ်ဦးက “တိုက်ပွဲလချီဖြစ်ပြီးတော့ စစ်တပ်က လွို‌င်ကော် - ဘော်လခဲလမ်းကို ပိတ်လိုက်တာ။ အခုဆို ကုန်တွေ မရောက်တာ ၉ လ လောက်ရှိတော့မယ်။ အဓိက လမ်းမပိုင်းကို ပိတ်ထားတာ ဆိုပေမဲ့ မှောင်ခိုလမ်းကနေတော့ ပို့တာပေါ့။ ဒါပေမဲ့ သယ်ယူစရိတ်ကြီးတာနဲ့ လမ်းက ရေရှည်အသုံးပြုလို့ မရတော့ ကုန်ဈေးနှုန်းတွေ တက်ကုန်တာ”  ဟု ပြောသည်။

လက်ရှိ မော်ချီးမြို့တွင် စားအုန်းဆီ တစ်ပိဿာကို  ယခင် ၃၀,၀၀၀ ကျပ်မှ ယခု ကျပ် ၁၀၀,၀၀ ကျပ်၊ ဆန်ကြမ်း ၂၄ ပြည် တစ်အိတ်ကို ယခင် ၁၀၀,၀၀၀ ကျပ်မှ ယခု ၄၀၀,၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးတစ်အိတ်ကို ယခင် ၃၀၀,၀၀၀ ကျပ်မှ ယခု ကျပ် ၆၀၀,၀၀၀ ကျပ်၊ ကြက်ဥတစ်လုံးကို ယခင် ၈၀၀ ကျပ်မှ ယခု ၁,၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ယခင် ၉,၀၀ဝ ကျပ်မှ ယခု ကျပ် ၂ဝ,ဝဝဝ ကျပ် စသည်ဖြင့် ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

“ကုန်တွေက ဘယ်မှာမှဝယ်မရတော့ ဈေးတွေက မတရားကို တက်နေတာ။ ပိုက်ဆံရှိရင်တောင် ဝယ်စားလို့ မရတဲ့‌ အခြေအနေ ဖြစ်နေတယ်။ ဆန်ဆိုလည်း ၆ သိန်းလောက်အထိ ဖြစ်နေပြီ။ ဆီဆိုရင် ပိုက်ဆံတစ်သိန်းရှိမှ ဝယ်လို့ရတော့မယ့် အနေအထား ဖြစ်နေတယ်” ဟု ကုန်စုံဆိုင်ရှင်တစ်ဦးက‌ ဆိုသည်။

မော်ချီးမြို့နှင့် ဖားဆောင်းမြို့ကြား ထိုင်း-မြန်မာနယ်စပ်နေရာ၌ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကာ ကုန်စည်ပို့ဆောင်ရေး လမ်းပိုင်းများကို စစ်ကောင်စီက ပိတ်ပင်ထားမှုကြောင့် ဒေသခံများစားဝတ်နေရေးအပြင် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာထောက်ပံ့ရာ၌ အခက်ကြုံနေရကြောင်း စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူများက ပြောကြသည်။

“အခု ထိုင်းနယ်စပ်မှာလည်း တိုက်ပွဲဖြစ်‌နေတာ ဆိုတော့ ကုန်စည်လမ်းကြောင်းက ပိတ်သွားပြီ။ ဘယ်လိုမှ သွားမရတော့ဘူး။ စစ်ရှောင်‌တွေကို ကူဖို့ဆိုရင်တောင် အလှူရှင်တွေ လာလို့မရတဲ့ အနေအထား ဖြစ်နေတာပေါ့။ ဆန်တွေက ဈေးတက်နေတော့ ရိက္ခာတွေပို့ပေးဖို့ဝောာင် တော်တော်လေးကို ကြိုးစားနေရတဲ့ အခြေအနေဖြစ်နေတယ်”  ဟု စစ်ဘေးရှောင် ကူညီရေးလုပ်နေသူတစ်ဦးက ပြောသည်။

မော်ချီးဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်နေမှုကိစ္စနှင့် ပတ်သက်ပြီး ကယားပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရခဲ့ပေ။

မော်ချီးဒေသသည် ခဲမဖြူ၊ အဖြိုက်နက် စသည့် သတ္တုများထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပြီး ဒေသခံများမှာ တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။

#F004

ဗီဒီယိုများ