ထိုင်းအာဏာပိုင်များက ရိက္ခာထောက်ပံ့ခွင့် ပိတ်ပင်ထား၍ မြန်မာစစ်ရှောင်များ အခက်အခဲဖြစ်နေ

မဲဟောင်းဆောင်ခရိုင် မဲစယီယန်မြို့နယ် ဆောင်ဟိန်ကျေးရွာနှင့် အနီးတဝိုက်တွင် စစ်ဘေးရှောင်များနေထိုင်ရာတွင် ကိုဗစ်-၁၉ ကူးစက်ခံရသည်ဟု အကြောင်းပြကာ အသွားအလာနှင့် ရိက္ခာသယ်ယူခွင့်ကို ပိတ်ပင်ထားသည်။

By Admin 11 Jul 2023

ထိုင်းအာဏာပိုင်များက ရိက္ခာထောက်ပံ့ခွင့် ပိတ်ပင်ထား၍ မြန်မာစစ်ရှောင်များ အခက်အခဲဖြစ်နေ

DMG ၊ ဇူလိုင် ၁၁

ထိုင်းနိုင်ငံ မဲ့ဟောင်းဆောင်ခရိုင်အတွင်း ခိုလှုံနေကြသည့် ကယား(ကရင်နီ)စစ်ဘေးရှောင် ၅,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာသယ်ယူခွင့်ကို ထိုင်းအာဏာပိုင်များက ဇူလိုင်လ ၇ ရက်မှ ၁၄ ရက်ထိ တစ်ပတ်ကြာပိတ်ထားကြောင်း သိရသည်။

မဲဟောင်းဆောင်ခရိုင် မဲစယီယန်မြို့နယ် ဆောင်ဟိန်ကျေးရွာနှင့် အနီးတဝိုက်တွင် စစ်ဘေးရှောင်များနေထိုင်ရာတွင် ကိုဗစ်-၁၉ ကူးစက်ခံရသည်ဟု အကြောင်းပြကာ အသွားအလာနှင့် ရိက္ခာသယ်ယူခွင့်ကို ပိတ်ပင်လိုက်ကြောင်း ကူညီပေးနေသူများထံမှ သိရသည်။

ဘန်ကောက်မြို့အခြေစိုက် New Power Generation စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက “ဆောင်ဟိန်ကျေးရွာမှာ တိမ်းရှောင်တဲ့သူတွေက မယ်စဲ့တိုက်ပွဲကြောင့် ရှောင်ရတဲ့သူများတယ်။ ဖရူဆိုနဲ့ ဒီးမော့ဆို ဘက်ကလည်းရှိတယ်။ ဘော်လခဲခရိုင်က လာသူတွေလည်း ရှိတယ်။ လူဦးရေ ၅,၀၀၀ ကျော် ရှိနေတာ။ ထိုင်းရဲတွေက စစ်ရှောင်နေတဲ့ နေရာမှာ ကိုဗစ်ကူးခံနေတယ်ဆိုပြီးတော့ သွားခွင့်မပြုတော့ စခန်းထဲလှောင်ထားသလို ဖြစ်နေတယ် ” ဟု ပြောသည်။

စစ်ဘေးရှောင်များမှာ ကယားပြည်နယ် မယ်စဲ့ရွာနှင့်အနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA) တို့ကြား ဇွန်လ ၂၈ ရက်နေ့ကပင် စတင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံအတွင်းသို့ တိမ်းရှောင်နေရခြင်းဖြစ်သည်။

စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများပို့ဆောင်ရာတွင် ထိုင်းရဲဂိတ်နှင့် စည်ပင်ရုံးတို့၌သာ လွှဲအပ်ခဲ့ရပြီး စစ်ရှောင်များထံ တိုက်ရိုက်သွားရောက်ပေးပို့ခြင်းကို ထိုင်းအာဏာပိုင်များက ပိတ်ပင်ထားခြင်းဖြစ်သည်။

“ရိက္ခာတွေ အဝတ်အထည်တွေ သွားပို့တော့ ရဲဂိတ်နဲ့ စည်ပင်ရုံးမှာ နေရာချပေးတယ်။ သူတို့သွားပို့ပေးမယ်ပဲ ပြောတယ်။ စစ်ရှောင်တွေရှိတဲ့နေရာကိုတော့ သွားလာခွင့်ပိတ်ထားတယ်ဆိုပြီး ထိုင်းရဲတွေ ပြန်ပြောတယ်။ ကျနော်တို့အဖွဲ့ဝင် တစ်ယောက်ကတော့ စစ်ရှောင်တစ်ယောက်ရဲ့အကူအညီယူပြီး စခန်းဘက်ကိုသွားကြည့်မှ စစ်ဘေးရှောင်တွေရဲ့ အခြေအနေကို သိခဲ့ရတယ်။ စားသောက်ဖို့အတွက်တောင် ဘာမှကို ထောက်ပံ့တာ မတွေ့ရဘူး။ အခြေအနေကတော့ တော်တော်ဆိုးဝါးတယ်” ဟု တန်းတူညီမျှခြင်းမြန်မာ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေပြီး လတ်တလောတွင် တောထဲရှိ မျှစ်နှင့် သစ်ဥသစ်ဖုအချို့ကို ရှာဖွေစားသောက်နေရကြောင်း ပြောဆိုသည်။

“အပြင်ထွက်မရဘူး။ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးဖို့ကလည်း လာလိုက် မလာလိုက် ဖြစ်နေတာ။ တခါတလေ တောတောင်ထဲသွားပြီးတော့ မျှစ်တို့ သစ်ဥသစ်ဖုတွေရှာပြီး စားသောက်နေရတယ်။ အခက်အခဲကတော့ ပေါင်းစုံပဲ” ဟု မယ်စဲ့ဒေသခံ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံရှိ NGO၊ CSO အဖွဲ့များ၊ စစ်ရှောင်အရေးလှုပ်ရှားသူများက ထိုင်းနိုင်ငံလူ့အခွင့်အရေးကော်မရှင်နှင့် NUG ထံသို့ ကြားဝင်ဖြေရှင်းပေးရန် တင်ပြထားကြောင်း သိရသည်။

“ထိုင်းအာဏာပိုင်တွေအနေနဲ့ စစ်ဘေးရှောင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို ထိုင်းနိုင်ငံထဲက NGO အဖွဲ့တွေ CSO အဖွဲ့တချို့နဲ့ ပူးပေါင်းပြီး ထိုင်းလူ့အခွင့်အရေးကော်မရှင်ထံကို စာပို့တင်ပြထားတယ်။ NUG ထံကိုလည်း တင်ပြထားတယ်။ လတ်တလောအနေအထားမှာလည်း ထိုင်းအစိုးရအပြောင်းအလဲရှိနေတဲ့အတွက် အချိန်ယူစောင့်နေရတဲ့ သဘောဖြစ်နေပါတယ်” ဟု New Power Generation အဖွဲ့ဝင် တစ်ဦးကပြောသည်။

ကယား(ကရင်နီ) ပြည်နယ် ဖရူဆို၊ ဒီးမော့ဆို၊ ဘော်လခဲ နှင့် ဖားဆောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသခံ ၁၅, ၀၀၀ ခန့်မှာ ကရင်နီ- ထိုင်း နယ်စပ်တလျှောက်နှင့် မဲ့ဟောင်းဆောင်ခရိုင်နှင့် ခွန်ယွမ်နယ်မြေတို့တွင် ယာယီ တိမ်းရှောင်နေရသည်။

အာဏာသိမ်းပြီးနောက် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံနယ်စပ်အတွင်းသို့ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် ၃ သိန်း နီးပါးရှိနေကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့များထံက သိရသည်။

#F004

ပုံစာ - ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံနေသော ကရင်စစ်ဘေးရှောင်များ။ ဓာတ်ပုံ - Free Burma Rangers

 

ဗီဒီယိုများ