အပူချိန်မြင့်တက်မှု၊ ရေရှားပါးမှုများကြောင့် ကရင်နီစစ်ဘေးရှောင်များ နေမကောင်းဖြစ်မှု များလာ

ယခုရက်ပိုင်းအတွင်း အပူချိန်မြင့်တက်မှု၊ သောက်သုံးရေ ရှားပါးမှုတို့ကြောင့် ကယား(ကရင်နီ)ပြည်နယ်ရှိ စစ်ရှောင်များမှာ ဖျားနာခြင်း၊ ခန္ဓာကိုယ်တွင် အဖုအပိန့်များထွက်ခြင်း၊ ဝမ်းလျောခြင်း စသည့် ရောဂါများ အဖြစ်များနေကြောင်း သိရသည်။

By Admin 23 Apr 2023

ကရင်နီစစ်ဘေးရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်။ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
ကရင်နီစစ်ဘေးရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်။ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

DMG ၊ ဧပြီ ၂၃

ယခုရက်ပိုင်းအတွင်း အပူချိန်မြင့်တက်မှု၊ သောက်သုံးရေ ရှားပါးမှုတို့ကြောင့် ကယား(ကရင်နီ)ပြည်နယ်ရှိ ဒီးမော့ဆို၊ လွိုင်ကော်နှင့် ဖရူဆို စသည့် မြို့နယ်တို့ရှိ စစ်ရှောင်များမှာ ဖျားနာခြင်း၊ ခန္ဓာကိုယ်တွင် အဖုအပိန့်များထွက်ခြင်း၊ ဝမ်းလျောခြင်း စသည့် ရောဂါများ အဖြစ်များနေကြောင်း စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူများထံက သိရသည်။

စစ်ဘေးရှောင်အများဆုံးရှိသည့် ဒီးမော့ဆို၊ လွိုင်ကော်နှင့် ဖရူဆို မြို့နယ်တို့မှ စစ်ဘေးရှောင်စခန်း ၂၀၀ ဝန်းကျင်မှ စစ်ဘေးရှောင်ဦးရေ ၁၅၀,၀၀၀ ခန့်မှာ ရာသီဥတုပူပြင်းမှုဒဏ်အပြင် သောက်သုံးရေရှားပါးမှုဒဏ်ကို ခံစားနေရကြောင်း Freelance Volunteer Myanmar အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“အပူဒဏ်ခံစားနေရတာ စစ်ဘေးရှောင်စခန်း ၂၀၀ လောက်ရှိနေပြီ။ မနှစ်ကထက် ပိုပြီး ပူလာတာ။ ဆိုတော့ ဖျားနာတဲ့သူတွေ မူးလဲတာတွေလည်း ပိုဖြစ်လာတယ်။ တောင်ပေါ်နေရာဆိုတော့ သောက်သုံးရေတွေရဖို့ ရေသယ်ကားတွေနဲ့မှ အဆင်ပြေတယ်။ တိုက်ပွဲအခြေအနေကြည့်ပြီး သွားနေရတော့ စခန်းတွေဆီ ရေရဖို့ အဆင်မပြေဘူးပေါ့” ဟု ၄င်းကပြောသည်။

ကယား(ကရင်နီ) ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း လွိုင်ကော်မြို့တွင် အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် အထိ ရှိနေပြီး ဒီးမော့ဆို နှင့် ဖရူဆို မြို့တို့၌ ၃၆ ဒီဂရီစင်တီဂရိတ်မှ ၄၂ ဒီဂရီစင်တီဂရိတ် ဝန်းကျင်အထိ အပူချိန်မြင့်တက်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန သတင်းအချက်အလက်များတွင် ဖော်ပြသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ လူဦးရေ ၄,၀၀၀ ကျော်နေထိုင်သည့် ဒေါနိုးကူးစစ်ရှောင်စခန်းမှာ တစ်နေ့လျှင် လူနာ ၂၀ ဦးထက်မနည်းကို ဆေးကုသပေးနေရကြောင်း ဒေါနိုးကူး စစ်ဘေးရှောင်စခန်းမှ ကျန်းမာရေးတာဝန်ခံက ဆိုသည်။

“ကရင်နီ စစ်ရှောင်စခန်းတွေထဲ ရေရှားတာရော ကျန်းမာရေးအခြေအနေ ထိခိုက်ခံစားရတာ ဒေါနိုကူးစခန်းက အဆိုးဆုံးမှာ ရှိနေတယ်။ ထိုင်းနယ်စပ် နေရာဖြစ်နေတာရယ် တောင်ကြားထဲမှာဆိုတော့ ရေက လုံးဝ မရဘူးပေါ့။ ရတဲ့ရေကလည်း မသန့်တော့ ဝမ်းရောဂါကတော့ အများဆုံးဖြစ်တယ်။ အသက်ကြီးရွယ်အိုတွေဆိုရင်လည်း အပူဒဏ်မခံနိုင်လို့ မူးမေ့လဲတာတွေ အထိဖြစ်နေတာ” ဟု ၄င်းကဆိုသည်။

ယခုနှစ် နွေရာသီအတွင်း ရာသီဥတုပြောင်းလဲမှုကြောင့် အစွန်းရောက် ရာသီဥတုအခြေအနေနှင့် ကြုံတွေ့နေရပြီး ဧပြီ ၁၉ ရက်မှ မေလ ၁ ရက်နေ့ကြားကာလတွင် အပူချိန် အမြင့်ဆုံးအထိ စံချိန်တင်နိုင်ကြောင်း မိုးလေဝသစောင့်ကြည့်သူများက ခန့်မှန်းထားကြသည်။

လက်ရှိမှာ အပူချိန်မြင့်တက်မှုဒဏ်ကြောင့် ကယားပြည်နယ်အနှံ့ စစ်ဘေးရှောင်များထဲက ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုအများစုမှာ ခေါင်းမူးဖျားနာ၊ အနာရောဂါများဖြစ်နေသော်လည်း ကုသပေးရန်အတွက် ဆေးဝါးလုံလောက်မှုမရှိ ဖြစ်နေကြောင်း ဆေးဝန်ထမ်းများထံက သိရသည်။

“ကုသမှုပေးဖို့ ရွေ့လျားဆေးခန်းတွေ ဖွင့်ထားပေမဲ့ ဆေးဝါးတွေ အလုံအလောက်မရှိတော့ အဆင်ပြေဘူးပေါ့။ ဒါကြောင့် ဆေးဝါးကူညီပေးမှုတွေ အများကြီး လိုအပ်နေတယ်” ဟု စစ်ရှောင်များကို ကုသပေးနေသည့် ဆေးဝန်ထမ်းတစ်ဉီးက ဆိုသည်။

အဆိုပါ ရောဂါများမှာ ပြီးခဲ့သည့် ရက်ပေါင်း ၁၀ ကျော်ကာလတွင် ပိုပြီးအဖြစ်များလာသည်ကို တွေ့ရပြီး နွေရာသီရေရှားပါးမှုကြောင့် တကိုယ်ရေသန့်ရှင်းမှုလည်း အားနည်းလာကြောင်း စစ်ဘေးရှောင်များက ဆိုကြသည်။

လက်ရှိတွင် ရေရှားပါးမှုခံစားနေရသည့် စစ်ရှောင်စခန်းများအတွက် တာပေါ်လင်စဖြင့် ယာယီရေကန်များ ပြုလုပ်ပေးနေသော်လည်း လုံလောက်မှုမရှိသဖြင့် ယာယီရေကန်များ ဆက်လက်ပြုလုပ်ပေးရန် အကူအညီများ လိုအပ်နေသေးကြောင်းလည်း သိရသည်။

“လောလောဆယ် ရေကန် ၃၀ ဝန်းကျင်ပဲ ပြုလုပ်ပေးနိုင်တယ်။ အရေးပေါ်စစ်ရှောင်လာရတဲ့ ပြည်သူတွေအတွက် ရေကန်ပြုလုပ်ပေးဖို့ မိုးကာတွေ အရေးပေါ် လိုအပ်နေပါတယ်။ နောက်ပြီး ရေသယ်ယာဉ်တွေအတွက် လိုအပ်မယ့် စက်သုံးဆီတွေကိုလည်း ကူညီထောက်ပံ့ပေးစေချင်တယ်။ ကူချင်သူများ ကျနော်တို့အဖွဲ့ကို လာရောက်ဆက်သွယ်ဖို့ တောင်းဆိုပါတယ်” ဟု ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းမှု ၂ နှစ်တာအတွင်း ကယားပြည်နယ်၌ စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ ဒေသ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများကြောင့် ဒေသခံ ၂ သိန်းကျော်ဝန်းကျင်မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KNHRG) စာရင်းတွင် ဖော်ပြသည်။

#F004

ဗီဒီယိုများ