မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများကြောင့် ကလေးငယ်ထိခိုက်သေဆုံးမှု အများဆုံးမှာ ရခိုင်မှဖြစ်

မြန်မာနိုင်ငံအတွင်း မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများ(UXO)ကြောင့် သေဆုံး ဒဏ်ရာရရှိသူများ၏ သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်များဖြစ်ကြောင်း ယူနီဆက်မြန်မာက ထုတ်ပြန် လိုက်သည်။

07 Apr 2021

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပဲသဒူကျေးရွာတွင် (မတ်လ ၄ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင်) စစ်ကျန် လက်နက်တစ်လုံးပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

DMG ၊ ဧပြီ ၇

မြန်မာနိုင်ငံအတွင်း မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများ(UXO)ကြောင့် သေဆုံး ဒဏ်ရာရရှိသူများ၏ သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်များဖြစ်ကြောင်း ယူနီဆက်မြန်မာက ထုတ်ပြန် လိုက်သည်။

ယင်းသို့ ထိခိုက်ဒဏ်ရာရသေဆုံးသည့် ကလေးငယ်အများဆုံးမှာ ရခိုင်ပြည်နယ်မှဖြစ်ပြီး တစ်နိုင်ငံလုံး စုစုပေါင်း၏ ၄၇ ရာခိုင်နှုန်းအထိရှိသည်ဟု ဧပြီလ ၆ ရက်ကထုတ်ပြန်သော ယူနီဆက်မြန်မာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဧပြီလ ၄ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်း စစ်လက်နက်ပစ္စည်းအကြွင်းအကျန်(ERW)တစ်ခု ပေါက်ကွဲမှုကြောင့် အသက် ၂ နှစ်နှင့် ၅ နှစ်အရွယ် ကလေးငယ်နှစ်ဦးနှင့် မိခင်ဖြစ်သူသေဆုံးခဲ့ရပြီး အသက် ရ နှစ်အရွယ်မွေးချင်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အတွက် ယူနီဆက်မြန်မာအနေဖြင့် စိတ်မကောင်းဖြစ်ရကြောင်း ဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ၂ နှစ်တာဖြစ်ပွားခဲ့သည့် တိုက်ပွဲအကျိုးဆက်အဖြစ် မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကို ဒေသခံများ ရင်ဆိုင်နေကြရကြောင်း သိရသည်။

မြေမြှုပ်မိုင်းအန္တရာယ်အကြောင်းကို ကလေးသူငယ်များသိရှိနားလည်ရန်နှင့် မြေမြှုပ်မိုင်းများနှင့် အခြား မပေါက်ကွဲပဲကျန်ရှိနေသည့် စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား အကူအညီများ ပေးနိုင်ရန်အတွက် ယူနီဆက်နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများက လုပ်ဆောင်လျှက်ရှိကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားချိန်မှစ၍ လက်ရှိအချိန်ထိ စစ်ကျန်လက်နက်များနှင့် မြေမြှပ်မိုင်းပေါက်ကွဲမှု တို့ကြောင့် အရပ်သား ၄၀ ကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၈၀ ကျော်အထိရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ ကောက်ယူထားသည့်စာရင်းအရ သိရသည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားတို့တွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ကြောင်းနှင့် တောတောင်များတွင် မိုင်းရှင်းလင်းရေးကိစ္စကို ရက္ခိုင့် တပ်တော်နှင့်ညှိနှိုင်းနေကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက ပြောဆိုထားသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက “အခုမိုင်းရှင်းတာက အဝေးပြေးကားလမ်းတလျှောက်ပဲ ရှင်းတာကိုတွေ့ရတယ်။ မိုင်းရှင်းမယ်ဆိုရင် စစ်စခန်းချခဲ့တဲ့နေရာတွေ၊ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေကို အဓိကရှင်းသင့်တယ်။ အဲဒီလိုရှင်းဖို့အတွက် ရွာသားတွေကိုခေါ်ပြီးတော့ အဓိက ကန့်သတ်ထားတဲ့နေရာတွေကိုဖော်ထုတ်ရမယ်။ အဲဒီလိုရှင်းပြီးမှ ရွာသားတွေပြန်တဲ့အခါ မိုင်းအန္တရာယ်ကို ကာကွယ်နိုင်မယ်” ဟု ပြောသည်။

ရခိုင်တွင် လက်ရှိစစ်ဘေးရှောင်တစ်သိန်းရှစ်သောင်းကျော်ရှိပြီး ၎င်းတို့ နေရပ်မပြန်နိုင်သည့်အကြောင်းအရင်း တစ်ရပ်မှာ မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်များအန္တရာယ်ကြောင့်ဖြစ်ကာ အခြားမှာ နေထိုင်ရေးနှင့် အလုပ် အကိုင်ရရှိရေးတို့ ဖြစ်သည်ဟုဆိုကြသည်။

ဗီဒီယိုများ