ရခိုင်တွင် စစ်တပ်က တပ်စွဲနေထိုင်ခြင်းနှင့် လုံခြုံရေးတင်းကျပ်မှုတို့ကြောင့် ဒေသခံများ လုပ်ကိုင်စားသောက်ရန်အခက်အခဲဖြစ်

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်မှ ကျေးရွာများအတွင်း တပ်နေထိုင်ခြင်း၊ ဝင်ရောက်စစ်ဆေးခြင်းနှင့် ခရီးသွားလာရာတွင် စစ်ဆေးရေးတင်းကျပ်မှုများရှိလာသည့်အတွက် ဒေသခံများ လုပ်ကိုင်စားသောက်ရန် အခက်အခဲရှိနေကြောင်း ပြောဆိုကြသည်။

10 Aug 2022

DMG ၊ သြဂုတ် ၁၀

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်မှ ကျေးရွာများအတွင်း တပ်နေထိုင်ခြင်း၊ ဝင်ရောက်စစ်ဆေးခြင်းနှင့် ခရီးသွားလာရာတွင် စစ်ဆေးရေးတင်းကျပ်မှုများရှိလာသည့်အတွက် ဒေသခံများ လုပ်ကိုင်စားသောက်ရန် အခက်အခဲရှိနေကြောင်း ပြောဆိုကြသည်။

ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာ မြန်မာစစ်တပ်မှ တပ်စွဲနေထိုင်ကာ လှည့်လည်သွားလာနေမှုများရှိသည့်အတွက် ဒေသခံများစိုးရိမ်နေကာ လုပ်ငန်းခွင်သို့သွားရောက်ရန်ပင် အဆင်မပြေဖြစ်နေကြသည်ဟု ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင်ကဆိုသည်။

“မြန်မာစစ်တပ်က ကင်းလှည့်စစ်ဆေးတာတွေရှိတဲ့အတွက် ည ၈ နာရီဆိုရင် လူတွေ အပြင်မထွက်ရဲကြတော့ဘူး။ အရမ်းပင်ပန်း ဆင်းရဲတဲ့သူတွေဆိုရင်လည်း နေ့ပိုင်းမှာ ဟင်းရှာ၊ ငါးရှာဖို့တောင် မသွားရဲကြဘူးဖြစ်နေတယ်။ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် မရှိဆင်းရဲသားတွေမှာ စားဝတ်နေရေးခက်ခဲသွားနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်အတွင်းရှိ ကျေးလက်နေပြည်သူများစုမှာ တောတောင်များကိုအမှီပြုကာ သစ်ခုတ်၊ ဝါးခုတ်၊ ဟင်းရှာခြင်းနှင့် လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ကြသည်။

ထိုသို့ လုပ်ငန်းခွင်ဝင်ရောက်ရာတွင် လမ်းခရီး၌ မြန်မာစစ်တပ်မှစစ်ဆေးမှုများရှိသည့်အတွက် သွားလာ၍အဆင်မပြေဖြစ်နေသည်ဟု မြောက်ဦးမြို့မှ လုံခြုံရေးအရအမည်မဖော်လိုသည့် လယ်သမားတစ်ဦးကပြောသည်။

“အဓိကတော့ ကျနော်တို့လယ်သမားတွေ အခက်အခဲရှိတယ်။ အခုက ကောက်စိုက်ဖို့သွားရင် သူတို့(စစ်သား)တွေနဲ့တွေ့တဲ့အခါ စစ်ဆေးမေးမြန်းမှုတွေရှိတယ်။ ကိုယ်တို့က ဘာအပြစ်မှမလုပ်ထားဘူးဆိုရင်လည်း စိုးရိမ်တာပေါ့။ စိတ်လုံခြုံမှုမရှိသလို ခံစားရပါတယ်”ဟု ၎င်းဒေသခံကဆိုသည်။

မြောက်ဦးမြို့တွင် ငွေတောင်ပေါက်စစ်ဆေးရေးဂိတ်၊ အလယ်ဈေးခွဆုံ၊ သျှစ်သောင်းဘုရားခွဆုံ၊ မင်းသားကျွန်းနှင့် ခမရ ၅၄၀ တပ်ရင်းနေရာတို့တွင် မြန်မာစစ်တပ်မှ စစ်ဆေးမှုများရှိသည်ဟု ဒေသခံများကပြောသည်။

ကျောက်တော်မြို့နယ်တွင်လည်း မြန်မာစစ်တပ်မှ ကျေးရွာအချို့တွင် ဝင်ရောက်စစ်ဆေးမှုများကြောင့် အလုပ်အကိုင်များကိုထားကာ လုံခြုံမည့်နေရာများတွင် တိမ်းရှောင်နေရသည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“စစ်သားတွေလာရင် ဘာလို့ရှောင်ပြေးတာလည်းဆိုတော့ သူတို့ဖမ်းတဲ့သူတွေဟာ အပြစ်ရှိသူတွေမဟုတ်ဘဲ ပြည်သူတွေဖြစ်နေလို့ပါ” ဟု ၎င်းကဆိုသည်။

သြဂုတ် ၉ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် တောင်ပေါက်ကျေးရွာသို့ မြန်မာစစ်တပ်မှ အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်လာသဖြင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။

အလားတူ ကားလမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များဖြင့် မြန်မာစစ်တပ်က တင်းကျပ်စွာစစ်ဆေးမှုကြောင့်လည်း ကုန်စည်စီးဆင်းမှုအပိုင်းတွင် နှောင့်နှေးနေရကြောင်း ဒေသခံများကပြောဆိုကြသည်။

ရသေ့တောင်မြို့မှ ဒေသခံတစ်ဦးက “ဒါဟာ စစ်တပ်အနေနဲ့ ဒေသခံတွေကို ခြိမ်းခြောက်နေတာလို့ပြောလို့ရတယ်။ အပြစ်မရှိပေမဲ့ စိတ်မလုံခြုံကြတော့ လွတ်လပ်စွာသွားလာခွင့်မရကြဘူး။ ဘယ်နားမှာစစ်ဆေးနေမလဲ၊ ဘယ်နားမှာဖမ်းဆီးနေမလဲဆိုပြီးတော့ စိုးရိမ်စိတ်နဲ့သွားလာနေကြရတယ်ပေါ့”ဟု ၎င်းကပြောသည်။

ရခိုင်တွင် ကုန်းလမ်းအပြင် ရေလမ်းခရီးသွားလာရာတွင်လည်း မြန်မာစစ်တပ်မှ စစ်ဆေးခြင်း၊ ကန့်သတ်ပိတ်ပင်ခြင်းများရှိနေသဖြင့် ဒေသခံများကို အခက်ကြုံတွေ့စေကြောင်းဆိုသည်။

ထိုသို့ ကုန်လမ်းရေလမ်းများတွင် စစ်ဆေးမှု တင်းကျပ်ထားခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း လတ်တလောတွင် အဆက်အသွယ်မရရှိသေးပေ။

ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တစ်နှစ်ကျော်အထိ တိုက်ပွဲများရပ်တန့်နေခဲ့သော်လည်း လက်ရှိတွင် နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိနေသည်။

ဗီဒီယိုများ