ရခိုင်တွင် မြန်မာစစ်တပ်ကဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ၊ ရာဇသတ်ကြီးပုဒ်မများနှင့် အမှုဖွင့်ခံရသူ လေးလအတွင်း ၄၆ ဦးအထိရှိ

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ၊ ရာဇသတ်ကြီးဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူမှာ လေးလအတွင်း ၄၆ ဦးအထိ ရှိခဲ့သည်။

By Admin 30 Nov 2022

ရခိုင်တွင် မြန်မာစစ်တပ်ကဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ၊ ရာဇသတ်ကြီးပုဒ်မများနှင့် အမှုဖွင့်ခံရသူ လေးလအတွင်း ၄၆ ဦးအထိရှိ

DMG | နိုဝင်ဘာ ၃၀

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ၊ ရာဇသတ်ကြီးဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူမှာ လေးလအတွင်း ၄၆ ဦးအထိ ရှိခဲ့သည်။

DMG မှ ကောက်ယူထားသည့်စာရင်းအရ မြန်မာစစ်တပ်ထံ ဖမ်းဆီးခံရသူများထဲတွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူမှာ ၁၇ ဦးရှိပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ-၅၀၅(က)နှင့် အမှုဖွင့်ခံရသူမှာ ၂၉ ဦးအထိရှိသည်။

ထိုသို့ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံရသူများမှာ သံတွဲမှ သုံးဦး၊ မောင်တောမှ လေးဦး၊ ဘူးသီးတောင်မှ နှစ်ဦး၊ ကျောက်တော်မှ တစ်ဦး၊ မင်းပြားမှ တစ်ဦး၊ ကျောက်ဖြူမှ လေးဦးနှင့် စစ်တွေမြို့နယ်မှ နှစ်ဦးတို့ ဖြစ်ကြသည်။

ဘူးသီးတောင်မြို့နယ်မှ မီးကျောင်းဈေးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တပ်မင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့မှာ ဘူးသီးတောင်တပ်ရင်း (၂၃၄)ဗျူဟာမှ အစည်းအဝေးခေါ်သောကြောင့် သွားရောက်ခဲ့ရာမှ ဖမ်းဆီးခံခဲ့ရပြီး မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)နှင့် အမှုဖွင့်ခံထားရသည်။

အမှုဖွင့်ခံထားရသည့် တပ်မင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လှကို မြန်မာစစ်တပ်က အပြစ်မရှိဘဲ မတရားဖမ်းဆီးထားခြင်းဟု မိသားစုဝင်တစ်ဦးကပြောသည်။

“အုပ်ချုပ်ရေးမှူးမှာ ဘာအဖြစ်မှမရှိဘူး။ သူတို့က(စစ်ကောင်စီ)က မတရားဖမ်းဆီး စစ်ဆေးပြီးတော့ ဖမ်းစီးထားတယ်။ သူတို့က(စစ်ကောင်စီ) မစားအမြည်းသဲနဲ့ပတ်သလို စွပ်စွဲပြီးတော့ ဖမ်းထားတာဖြစ်တယ်။ ဘာတစ်ခုနဲ့မှ ဆက်စပ်မှုလည်း မရှိဘူး။ အခုထိလည်း ကျွန်တော်တို့နဲ့ တွေ့ခွင့်မပေးသေးဘူး”ဟု ၎င်းမိသားစုကဆိုသည်။

ရခိုင်တွင် ပြီးခဲ့သည့် စစ်ရေးပဋိပက္ခကာလအတွင်းက ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ကြေညာခဲ့သည်။

မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ULA/AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ရုပ်သိမ်းပေးခဲ့သော်လည်း မတရားအသင်းအဖြစ်မှ ပယ်ဖျက်ခြင်းမရှိသေးပေ။

မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)နှင့် စွပ်စွဲခံထားရသူများကို တရားရုံးမှ အပြစ်ရှိသည်ဟု ဆုံးဖြတ်ပါက၂ နှစ်ထက်မနည်း ၃ နှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်ခံရနိုင်သည်။

“အမှန်တကယ်ဆိုရင် သူတို့က အပြစ်ရှိတဲ့သူတွေမှ မဟုတ်တာ။ ဒါကြောင့် အမြန်ဆုံးလွှတ်ပေးစေချင်တယ်”ဟု ကျောက်တော်မြို့နယ်၊ ဝပြန်ကျေးရွာမှ ကိုမောင်ထွန်းလှိုင်၏ မိသားစုဝင်တစ်ဦးကပြောသည်။ ကိုမောင်ထွန်းလှိုင် အပါအဝင် ဒေသခံ ၇ ဦးမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ကန်စောက်ကျေးရွာအနီး ခမရ ၅၃၉ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်အတွင်းမှ မြန်မာစစ်တပ်ထံ ဖမ်းဆီးခံရပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၅၀၅(က)နှင့် အမှုဖွင့်ခံထားရသူမှာ ကျောက်ဖြူမှ ၄ ဦး၊ ကျောက်တော်မှ ၃ ဦး၊ မြောက်ဦးမှ ၁၀ ဦး၊ စစ်တွေမှ ၄ ဦးနှင့် ပုဏ္ဏားကျွန်းမှ ၆ ဦးအပြင် မင်းပြားမြို့နယ်မှ ၁ ဦးနှင့် စနဲမြို့မှ ၁ ဦးတို့ရှိသည်။

လက်ရှိ ဖမ်းဆီးအမှုဖွင့်ခံထားရသူများထဲတွင် အရပ်သားပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ လူမှုအဖွဲ့အစည်းများနှင့် ဆရာဝန်များအထိ ပါဝင်နေသည်။

ရခိုင့်ဝါရင့်နိုင်ငံသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းက “အထူးသဖြင့် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုပြီးတော့မှ တရားစွဲလာတာပေါ့။ ဒါက နဂိုကတည်းကလည်း ရှိနေတာပေါ့”ဟု ပြောသည်။

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲကာလအတွင်း သံသယနှင့်ဖမ်းဆီးမှုများ မြင့်တက်ခဲ့ပြီး အချို့မှာ အမှုဖွင့်ခံရမှုများရှိသော်လည်း ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိဘဲ လနှင့်ချီကြာ ပျောက်ဆုံးနေသူလည်း အများအပြားရှိနေသည်။

ယခုနိုဝင်ဘာလ ၂၆ ရက်နေ့မှစပြီး မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား နှစ်ဖက်အလွတ်သဘောတူညီချက်ဖြင့် ရုတ်တရက် အပစ်အခတ်ရပ်စဲခဲ့သည်။ ထိုသို့ တိုက်ပွဲရပ်တန့်လျှင် သံသယဖြင့် ဖမ်းဆီးသွားသူများ ပြန်လည်လွတ်မြောက်မည်ဟုလည်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက မျှော်လင့်နေကြသည်။

ဗီဒီယိုများ