- ရွေးကောက်ပွဲလုပ်မည့် ရခိုင်က မြို့ ၃ ခုတွင် ဖုန်း၊ အင်တာနက်လိုင်းများ ပြန်ဖွင့်ရန် စစ်ကောင်စီ စီစဉ်နေ
- ထန်းရှောက်ခံရွာသား ၆၀၀ ကျော်ကို AA သတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက် မွတ်ဆလင်အကြီးအကဲများ ရှုတ်ချ
- ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက AA လုံခြုံရေး စခန်းများကို ARSA တိုက်ခိုက်
- မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ စွပ်စွဲချက် AA ပယ်ချ
- ဂါဇာတွင် အငတ်ဘေးဆိုက်နေပြီဟု ကုလသမဂ္ဂ တရားဝင်ကြေညာ
ထန်းရှောက်ခံရွာသား ၆၀၀ ကျော်ကို AA သတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက် မွတ်ဆလင်အကြီးအကဲများ ရှုတ်ချ
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံရွာသား ၆၀၀ ကျော်ကို အာရက္ခတပ်တော် (AA)က သတ်ဖြတ်သည် ဆိုသည့် စွပ်စွဲချက်အပေါ် မောင်တောခရိုင် မွတ်ဆလင်အကြီးအကဲများနှင့် လူမှုအသိုင်းအဝိုင်းခေါင်းဆောင်များက ကန့်ကွတ်ရှုတ်ချကြောင်း ယနေ့ ဩဂုတ် ၂၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
23 Aug 2025

DMG ၊ ဩဂုတ် ၂၃
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံရွာသား ၆၀၀ ကျော်ကို အာရက္ခတပ်တော် (AA)က သတ်ဖြတ်သည် ဆိုသည့် စွပ်စွဲချက်အပေါ် မောင်တောခရိုင် မွတ်ဆလင်အကြီးအကဲများနှင့် လူမှုအသိုင်းအဝိုင်းခေါင်းဆောင်များက ကန့်ကွတ်ရှုတ်ချကြောင်း ယနေ့ ဩဂုတ် ၂၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေ ၂ ရက်နှင့် ၃ ရက်က ထန်းရှောက်ခံရွာတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ရာနှင့်ချီ သေဆုံးခဲ့သည်။
သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြွင်းအကျန် အရိုးစုများကို AA က သတ်ဖြတ်ခဲ့သည့် ရွာသား ၆၀၀ ကျော်၏ အရိုးစုများဖြစ်ကြောင်း စွပ်စွဲပြောဆိုရေးသားနေမှုများမှာ မဟုတ်မမှန် လိမ်လည်လုပ်ကြံဖန်တီးမှုသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
"လူမျိုးတစ်မျိုးကို တစ်မျိုး ယုံကြည်မှု ကျဆင်းမသွားအောင်နဲ့ သဟဇာတဖြစ်နေတာတွေ မပျက်ပြယ်ဖို့ အဓိကထားပြီး ထုတ်ပြန်တာပါ။ နောက်တစ်ခုက ပြည်ပမှာ ရောက်နေတဲ့ အရေခွံ နိုင်ငံရေးသမားတွေက ကျနော်တို့ စည်းလုံးညီညွတ်နေတာတွေ ပြိုပျက်ဖို့အတွက် လုပ်နေတာတွေကိုလည်း စုပေါင်းပြီး ကန့်ကွက်တယ်။ ဒီလို ချဲ့ကားပြောနေတာတွေကိုလည်း ကန့်ကွက်ရှုတ်ချပါတယ်" ဟု မောင်တောခရိုင်မှ မွတ်ဆလင်အကြီးအကဲ မမတ်အိနုစ်က ပြောသည်။
ထန်းရှောက်ခံရွာတွင် ၂၀၂၃ သန်းခေါင်စာရင်းအရ အိမ်ခြေ ၁၁၄ အိမ်၊ လူဦးရေ ၉၃၃ ဦးရှိပြီး လက်ရှိ ကောက်ယူထားသော စာရင်းအရ ဘူးသီးတောင်မြို့နယ်အတွင်း နေထိုင်သူ ၇၉၀ ဦး ပြည်ပသို့ ထွက်သွားသူ ၁၃၈ ဦး စုစုပေါင်း ၉၂၈ ဦး ရှိသည်။ သို့ဖြစ်၍ လူဦးရေ ၆၀၀ ကျော် အသတ်ခံရသည်ဆိုခြင်းမှာ လုံးဝယုတ္တိမရှိသည့် လုပ်ကြံသတင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ထိုသို့ လုပ်ကြံဖန်တီးဝါဒဖြန့်မှုများသည် ဒေသတွင်း အတူနေ ရခိုင်နှင့် မွတ်ဆလင်လူမျိုးများကြား သဟဇာတဖြစ်ရေး၊ အတူယှဉ်တွဲနေထိုင်ရေးကို ထိခိုက်ပျက်ပြားရုံသာမက လူမျိုးနှစ်မျိုးကို အမုန်းအာဃာတများ၊ အထင်အမြင်လွှဲမှားမှုများ၊ မယုံကြည်မှုများဖြစ်ပေါ်အောင် ရန်တိုက်ပေးသည့် လုပ်ရပ်သာဖြစ်ကြောင်း မှတ်ယူသည်ဟု မွတ်ဆလလင်အကြီးအကဲများက ဆိုထားသည်။
ယင်းကြောင့် ပြည်ပရောက် နိုင်ငံရေးသမား အရေခြုံ ကိုယ်ကျိုးရှာသူများ၊ ဘက်လိုက် သတင်းဌာနအချို့နှင့် စစ်ကောင်စီတို့က ထန်းရှောက်ခံရွာသား ၆၀၀ ကျော်ကို AA သတ်ဖြတ်သည်ဆိုသည့် လုပ်ကြံဖန်တီးမှုဝါဒဖြန့်မှုအပေါ် လုံးဝကန့်ကွတ်ချကြောင်း ထုတ်ပြန်တွင် ဖော်ပြထားသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာသို့ လာရောက်ကြည့်ရှုစဉ်မှာ ကျေးရွာအတွင်းနှင့် ရွာအနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်သား ရုပ်အလောင်းများကို တွေ့ခဲ့ရကြောင်း ထန်းရှောက်ခံရွာသား အသက် (၅၂) နှစ်အရွယ် ဦးဇိုလတီက ပြောသည်။
၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်တွင် ထန်းရှောက်ခံရွာတွင် နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့အပါအဝင် စစ်သင်တန်းဆင်းမွတ်ဆလင်တပ်သား ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု AA ထံ လက်နက်ချခဲ့သည့် စကခ (၁၅) ဒု တပ်မမှူး ဗိုလ်မှူးကြီး ကောင်းမြတ်က ပြောသည်။
"အလောင်းတွေက တောင်ခြေအထိ ရောက်တယ်။ အဲလိုပြန့်ကြဲနေတဲ့အတွက် တချို့ကလည်း ကျနော်တို့ ဆုတ်ခွာလာတဲ့အချိန်မှာ လမ်းမှာကျခဲ့တဲ့ အလောင်းတွေကို လမ်းဘေးမှာ မြုပ်ခဲ့ရတဲ့ သဘောပါ။ လယ်ကွင်းနဲ့ ရွာပတ်ဝန်းကျင် တော်တော်များများမှာလည်း အလောင်းတွေ ထပ်ရှိပါအုံးမယ်" ဟု ဗိုလ်မှူးကြီး ကောင်းမြတ်က ပြောသည်။
ထန်းရှောက်ခံရွာတွင် မွတ်ဆလင် ၆၀၀ ကျော်ကို အာရက္ခတပ်တော်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု Fortify Rights နှင့် အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီ (ARNC) တို့က စွပ်စွဲထားကြသည်။
ထိုရုပ်အလောင်းများမှာ တိုက်ပွဲအတွင်းကျဆုံးသွားသည့် စစ်ကောင်စီတပ်သား ရုပ်အလောင်းများ၏ အရိုးစုသာဖြစ်ပြီး ယခုစွပ်စွဲချက်မှာ အခြေအမြစ်မရှိကြောင်း အာရက္ခတပ်တော်က ပယ်ချထားသည်။