ဂါဇာတွင် အငတ်ဘေးဆိုက်နေပြီဟု ကုလသမဂ္ဂ တရားဝင်ကြေညာ

ဂါဇာတွင် ဒေသခံများသည် အငတ်ဘေးနှင့် ကြုံနေရပြီဟု ကုလသမဂ္ဂက ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 23 Aug 2025

ဂါဇာကမ်းမြောင်ဒေသ ခန်းယူနစ်မြို့တွင် အစားအစာ ဖြန့်ဝေပေးနေသည့် နေရာတစ်ခု၌ ရောက်ရှိနေသည့် ပါလက်စတိုင်း အမျိုးသမီးများနှင့် ကလေးများအား ၂၀၂၅ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - AFP

ဂါဇာကို အစ္စရေးတို့ ထိုးစစ်ဆင်ဝင်ရောက်ခဲ့သည့် ၂ နှစ်နီးပါး ကာလအတွင်း ကုလသမဂ္ဂက ပထမဆုံးအကြိမ် ယခုကဲ့သို့ ကြေညာလိုက်ခြင်း ဖြစ်သလို အငတ်ဘေး ရင်ဆိုင်နေရသူ စုစုပေါင်း ငါးသိန်းခန့်ရှိနိုင်ကြောင်းလည်း လေ့လာသူများက သတိပေးထားသည်။

ကုလသမဂ္ဂက တာဝန်ပေးထားသည့် စောင့်ကြည့်စစ်ဆေးရေး ပူးတွဲအဖွဲ့ "Integrated Food Security Phase Classification Initiative (IPC)" က စစ်တမ်းကောက်ယူပြီးနောက် သြဂုတ်လ ၂၂ ရက်နေ့တွင် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဂါဇာဒေသတွင် ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှစတင်၍ အငတ်ဘေးနှင့် ရင်ဆိုင်နေရပြီဟု ခိုင်လုံသည့် သက်သေအထောက်အထားများအရ အတည်ပြုထားနိုင်ပြီ ဖြစ်ကြောင်း IPC ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

ဂါဇာတွင် မိသားစု ၂၀ ရာခိုင်နှုန်းသည် အကြီးအကျယ် ရိက္ခာပြတ်လပ်မှုကို ရင်ဆိုင်နေရပြီး ငါးနှစ်အောက်ကလေးငယ် ၃၀ ရာခိုင်နှုန်းသည်လည်း အာဟာရချို့တဲ့မှုကို အကြီးအကျယ် ရင်ဆိုင်နေရသည်ဟု IPC ၏ အချက်အလက်များအရ သိရသည်။

ငတ်ပြတ်မှု၊ အာဟာရချို့တဲ့မှုနှင့် ရောဂါဘယများကြောင့် သေဆုံးသူ အရေအတွက်မှာလည်း နေ့စဉ် လူ ၁၀၀၀၀ လျှင် အနည်းဆုံး ၂ ယောက်နှုန်း ရှိသည်ဟု IPC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဂါဇာတွင် အငတ်ဘေးဆိုက်နေပြီဟူသော ထုတ်ပြန်ချက်သည် ဟားမားစ်တို့က အဖွဲ့အစည်းများမှတစ်ဆင့် ဝါဒဖြန့်ထားသည့် အလိမ်အညာများပေါ်တွင် အခြေခံပြီး ကိုယ်ကျိုးစီးပွား ရောယှက်သည့် ထုတ်ပြန်ချက်သာ ဖြစ်သည်ဟု တုံ့ပြန် ပြောကြားထားသည်။

ဂါဇာဒေသတွင် လက်ရှိ၌ နေထိုင်နေသူ တစ်သန်းခန့် ရှိနိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။