အိုကီနာဝါကျွန်းအနီး အမေရိကန်စစ်ရေယာဉ်ပေါ် မီးလောင်မှု ၁၂ နာရီခန့်ကြာအောင် ငြိမ်းသတ်ခဲ့ရ

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းအနီးတွင် ရှိနေသည့် အမေရိကန် ရေတပ်သင်္ဘော USS New Orleans ပေါ်၌ သြဂုတ်လ ၂၀ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ၁၂ နာရီခန့်ကြာအောင် ငြိမ်းသတ်ခဲ့ရကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 22 Aug 2025

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းအနီးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် USS New Orleans အမေရိကန်ရေတပ် စစ်ရေယာဉ်အား မီးငြိမ်းသတ်နေသည်ကို ၂၀၂၅ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - AFP

မီးလောင်မှုကြောင့် အမေရိကန် သင်္ဘောသားနှစ်ဦး အသေးစား ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူခဲ့ရသည်ဟု အမှတ် (၇) အမေရိကန်ရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "မီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည် … New Orleans သင်္ဘောဝန်ထမ်းများအားလုံး သင်္ဘောပေါ်တွင် ရှိနေကြသည်" ဟု ရေတပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ပေ ၇၀၀ ခန့်ရှည်လျားပြီး တန်ချိန် ၂၄,၀၀၀ ကျော်လေးသည့် အဆိုပါရေယာဉ်သည် White Beach ရေတပ်စခန်းဧရိယာပြင်ပတွင် ကျောက်ချရပ်နားထားခြင်း ဖြစ်သည်။ သင်္ဘော မီးလောင်မှုဖြစ်ဖြစ်ချင်း၌ New Orleans ရေယာဉ်က ဂျပန် ကမ်းခြေစောင့်တပ်ထံသို့ အကူအညီ တောင်းခဲ့ပြီးနောက် အဆိုပါ အကူအညီ တောင်းခံမှုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ ထို့နောက်တစ်ဖန် ညနေ ၇ နာရီ ခွဲခန့်တွင် ထပ်မံ၍ အကူအညီ တောင်းခံခဲ့သည်ဟု ဂျပန်ဘက်က ပြောကြားထားသည်။

မီးငြိမ်းသတ်ရန်အတွက် ဂျပန်ရေယာဉ် လေးစီး အသုံးပြုခဲ့ပြီး ဗုဒ္ဓဟူးနေ့ တစ်ညဉ့်လုံး ငြိမ်းသတ်ခဲ့ရသည်ဟု ကမ်းခြေစောင့်တပ် ပြောခွင့်ရ တက်ဆူဟီရို အာဇူမာဟိဂက အေအက်ဖ်ပီ သတင်းဌာနသို့ ဖြေကြားထားသည်။

အမေရိကန်သည် ဂျပန်တွင် စစ်သည်ဝန်ထမ်း ၅၄,၀၀၀ ခန့် တပ်ချထားပြီး အများစုမှာ အိုကီနာဝါကျွန်းတွင် နေရာချထားခြင်း ဖြစ်သည်။