- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
စစ်တွေတွင် သင်္ကြန်သုံးရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၂၀ ဦးရှိလာနေ
ယာဉ်မတော်တဆဖြစ်ပွားမှုများမှာ ဧပြီ ၁၃ ရက်နေ့တွင် ၇ ကြိမ်၊ ၁၄ ရက်နေ့တွင် ၇ ကြိမ်နှင့် ၁၅ ရက်နေ့တွင် ၆ ကြိမ် အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
16 Apr 2023

DMG ၊ ဧပြီ ၁၆
စစ်တွေမြို့တွင် သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်နေ့မှ ဧပြီ ၁၅ ရက်နေ့အထိ သုံးရက်အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ဦးအထိရှိသည်ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းမှ ရရှိထားသည့် စာရင်းအရ သိရသည်။
ယာဉ်မတော်တဆဖြစ်ပွားမှုများမှာ ဧပြီ ၁၃ ရက်နေ့တွင် ၇ ကြိမ်၊ ၁၄ ရက်နေ့တွင် ၇ ကြိမ်နှင့် ၁၅ ရက်နေ့တွင် ၆ ကြိမ် အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိခိုက် ဒဏ်ရာရရှိသူများမှာ ဦးခေါင်းကွဲ၊ ခြေမ,ကျိုး၊ ခြေထောက်ကျိုးမှု အများဆုံးဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရခြင်း မရှိကြောင်း ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးမင်းထည်ဝါက ပြောသည်။
" မတော်တဆမှုဖြစ်တာတွေထဲမှာ တချို့ဖြစ်တာက ဆိုင်ကယ်လာတဲ့အချိန် မျက်နှာကို ရေဖြန်းလို့ အရှိန်မထိန်းနိုင်ဘဲ ဖြစ်တာတွေ့ရတယ်။ ပြီးရင် သောက်စားလို့လာတဲ့အချိန် အကွေ့တွေမှာ အရှိန်မလျော့ဘဲ မောင်းတဲ့အခါ မှောက်သွားတာကို တွေ့ရတယ်" ဟု ၄င်းက ပြောသည်။
နှစ်စဉ်သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု များပြားနေသဖြင့် ယာဉ်များကို အထူးသတိပြုမောင်းနှင်ကြရန် လိုအပ်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ထောက်ပြပြောဆိုကြသည်။
သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှုအများစုမှာ အရက်သေစာ အလွန်အကျွံသောက်စားပြီး မောင်းနှင်မှုကြောင့် ဖြစ်သည်ဟု သိရသည်။
" နဂိုကတည်းက ဒီယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ အာဏာပိုင်တွေရဲ့ ဆောင်ရွက်မှုက အားနည်းနေတယ်။ ဒါကြောင့် ယာဉ်မတော်တဆမှုတွေက ဖြစ်နေကြတယ်။ ဒီလို သင်္ကြန်ကာလအတွင်းမှာ ယာဉ်မတော်တဆမှုတွေ ပိုပြီး ဖြစ်ပွားတာပေါ့" ဟု စစ်တွေမြို့ ဒေသခံ ဦးခင်မောင်ကြီးက ပြောသည်။
စစ်တွေမြို့တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သင်္ကြန်ကာလတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော် ရှိခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းမှ သိရသည်။
ရခိုင်ပြည်တွင် ၂၀၂၁ ခုနှစ်အတွင်းက ယာဉ်မတော်တဆမှုပေါင်း ၂၈၃ ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၂၁ ဦးနှင့် ဒဏ်ရာရရှိသူ ၂၈၃ ဦးရှိခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ယာဉ်မတော်တဆမှုပေါင်း ၁၄၉ မှုဖြစ်ပွားကာ သေဆုံးသူ ၈၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၉၂ ဦး အထိရှိခဲ့ကြောင်း ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စာရင်းအရ သိရသည်။
#E003