ရခိုင်တွင် ခြောက်လအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၄၄ ဦးထိရှိခဲ့

ယာဉ်မတော်တဆမှုများမှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ သံတွဲ တောင်ကုတ်မြို့နယ်များတွင် ဖြစ်ပွားခဲ့ပြီး သံတွဲမြို့နယ်တွင် အများဆုံးဖြစ်ပွားခဲ့သည်။

By Admin 18 Jul 2023

၂၀၂၃ ခုနှစ် ဇွန် ၁၀ ရက်နေ့က စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
၂၀၂၃ ခုနှစ် ဇွန် ၁၀ ရက်နေ့က စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

DMG ၊ ဇူလိုင် ၁၈

ရခိုင်ပြည်အတွင်း ယခုနှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လအထိ ခြောက်လာတာ ကာလအတွင်း ယာဉ်တိုက်မှုပေါင်း ၈၇ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၄ ဦးနှင့် ဒဏ်ရာရရှိသူ ၉၈ ဦးအထိ ရှိခဲ့ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူများထဲတွင် အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၅ ဦးနှင့် ဒဏ်ရာရရှိသူများတွင် အမျိုးသား ၇၂ ဦးနှင့် အမျိုးသမီး ၂၆ ဦးတို့ ဖြစ်ကြသည်။

ယာဉ်မတော်တဆမှုများမှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ သံတွဲ တောင်ကုတ်မြို့နယ်များတွင် ဖြစ်ပွားခဲ့ပြီး သံတွဲမြို့နယ်တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

“အဓိက ဖြစ်ကြတာကတော့ ဆိုင်ကယ် မဆင်မခြင်မောင်းတာတွေ၊ စည်းကမ်းလိုက်နာမှု အားနည်းတာတွေကြောင့် ဖြစ်ကြတာ။ အများအားဖြင့် ယာဉ်တိုက်မှုတွေထက် အရှိန်မထိန်းနိုင်ဘဲ မှောက်ပြီး ဆုံးကြတာများတယ်” ဟု အမှတ် (၅) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်သည် နှစ်စဉ် ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားပြီး လူနေထူထပ်မှု၊ ဧည့်သည်လာရောက်မှု များပြားခြင်းနှင့် ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းချက်တို့ကြောင့်ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

လက်ရှိ ယာဉ်မတော်တဆဖြစ်ပွားခြင်းမှာ ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ကောက်ယူထားသော စာရင်းများဖြစ်ပြီး မြေပြင်အခြေအနေတွင် ယခုထက် ပိုများနိုင်သည်။

စစ်တွေမြို့အတွင်း ယာဉ်မတော်တဆမှု ဖြစ်စဉ်တိုင်းမှာ အရက်သေစာသောက်စားပြီး ဆိုင်ကယ်ကို မဆင်မခြင်မောင်းနှင်ခြင်းကြောင့် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုများကိုသာ တွေ့ရှိရသည်ဟု လူမှုကူညီရေးအသင်းအဖွဲ့များက ပြောဆိုကြသည်။

“အရက်မူးပြီး အရှိန်ပြင်းပြင်းမောင်းကြတယ်။ ညဘက်တွေဆို ဆိုင်ကယ်မီးမပါဘဲသွားတော့ တစ်ခုခုဝင်တိုက် အဲလိုအဖြစ်များတယ်။ ယာဉ်မတော်တဆဖြစ်တယ်လို့ သတင်းကြားလို့ သွားကြည့်လိုက်ရင် အရက်မူးပြီး တွေ့ရတာများတယ်”ဟု စစ်တွေမြို့အခြေစိုက် မေတ္တာရောင်ခြည်သွေးလှူရှင်အသင်း ဥက္ကဌ ကိုလင်းလင်းက ပြောသည်။

ရခိုင်ပြည်အတွင်း နေရာအများစုတွင် မီးပွိုင့်လုံလောက်စွာ မရှိခြင်း၊ ယာဉ်ထိန်းရဲဝန်ထမ်းများ ပုံမှန်ရှိမနေခြင်းတို့ကြောင်းလည်း ယာဉ်မတော်တဆမှုဖြစ်ပွားရန် ရာခိုင်နှုန်းပိုများစေကြောင်း ဒေသခံများက ထောက်ပြကြသည်။

စစ်တွေမြို့ဒေသခံ မငြိမ်းငြိမ်းက “တခါတလေ မီးပွိုင့်အလုပ်မလုပ်လို့ ယာဉ်ထိန်းရဲတွေ မရှိရင် အထူးသဖြင့် မီးပျက်တဲ့အချိန်တွေမှာ သွားချင်သလိုသွားကြတယ်။ လမ်းဆုံတွေဖြတ်ရတာ အရမ်းကြောက်ဖို့ကောင်းတယ်။ ဘေးတွဲတွေ၊ သုံးဘီးတွေက လမ်းဆုံတွေမှာဆိုလည်း တဟုန်ထိုး မောင်းနေကြတာ အမြဲတမ်းသတိထားနေရတယ်” ဟု ပြောသည်။

ယာဉ်မတော်တဆမှု လျော့နည်းလာစေရန်အတွက် ပြည်သူများကို အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ စာသင်ကျောင်းများနှင့် ယာဉ်ထူထပ်သော နေရာများတွင် အသိပညာပေးဆိုင်းဘုတ်များ တပ်ဆင်ခြင်းများကို လုပ်ဆောင်နေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၁၄၉ မှုအထိ ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၈၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၉၂ ဦး အထိရှိခဲ့ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

#I010

ဗီဒီယိုများ