လောကာနန္ဒာ မီးပွိုင့်တွင် ယာဉ်တိုက်ခံရမှုဖြစ်စဉ် အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန် 

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်က လောကာနန္ဒာခွဆုံတွင် မီးပွိုင့်မိ၍ ယာဉ်များရပ်တန့်နေကြစဉ် အိမ်စီးကားတစ်စီးက အချိန်မထိန်းနိုင်ဘဲ နောက်ကနေ ဝင်တိုက်လိုက်ခြင်းဖြစ်သည်။ 

By Admin 25 Sep 2023

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော မီးပွိုင့်တွင် မီးနီမိ၍ ရပ်နေကြသောယာဉ်များအား ယနေ့တွေ့ရစဉ်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော မီးပွိုင့်တွင် မီးနီမိ၍ ရပ်နေကြသောယာဉ်များအား ယနေ့တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၂၅

ရခိုင်ပြည်၊ စစ်တွေမြို့ လောကာနန္ဒာစေတီအနီး ယာဉ်တိုက်ခံရမှုဖြစ်စဉ်တွင် လူ ၃ ဦး ဒဏ်ရာရရှိသွားပြီး ယင်းအထဲမှ အမျိုးသမီးနှစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံနေရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်က လောကာနန္ဒာခွဆုံတွင် မီးပွိုင့်မိ၍ ယာဉ်များရပ်တန့်နေကြစဉ် အိမ်စီးကားတစ်စီးက အချိန်မထိန်းနိုင်ဘဲ နောက်ကနေ ဝင်တိုက်လိုက်ခြင်းဖြစ်သည်။ 

ယာဉ်တိုက်ခံရမှုကြောင့် ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ခင်ဝင်းသန်း (၃၃) နှစ်မှာ ဘယ်လက်ကျိုး၊ ညာလက်ပွန်းပဲ့၊ ဦးခေါင်းကွဲဒဏ်ရာ ရရှိသွားပြီး စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်မှ အသက် (၃၃) နှစ်အရွယ် ဒေါ်မေသန်းနုမှာ ညာခြေထောက်ကျိုးသွားခဲ့သည်။ 

ဒေါ်ခင်ဝင်းသန်း၏ မိသားစုဝင်တစ်ဦးက “ ဒဏ်ရာအခြေအနေကတော့ ဦးခေါင်းကွဲသွားတယ်။ လက်တစ်ချောင်း ကျိုးသွားတယ်။ မျက်နှာတွေမှာလည်း ပွန်းသွားတယ်။ သူသတိရလို့ပြောတဲ့အခါ ခန္ဓာတကိုယ်လုံးနာတယ်လို့ ပြောတယ်။ ဦးခေါင်းဒဏ်ရာကတော့ အရမ်းမစိုးရိမ်ရဘူးလို့ ဆရာဝန်ကပြောတယ်။ အပြစ်ရှိတဲ့သူကိုတော့ တရားဥပဒေအတိုင်း အရေးယူစေချင်တယ် ” ဟု DMG က ဆေးရုံသို့ သွားရောက်မေးမြန်းစဉ် ပြောသည်။  

ယာဉ်တိုက်ခံရသူ နောက်တစ်ဦးမှာ စစ်တွေမြို့၊ မင်းဂံရပ်ကွက်နေ ကိုမျိုးနိုင်ဝင်း (၂၈) နှစ် ဖြစ်ပြီး မစိုးရိမ်ရသော ခြေလက်ပွန်းပဲ့ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။ 

ကျူးလွန်သူမှာ ကျောက်ဖြူမြို့မှ ခင်ဇော်လင်း (၂၅) နှစ်ဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးခဲ့သော်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကာ ယာဉ်ပေါ့ဆမောင်းနှင်မှု၊ နာကျင်အောင် ပြုလုပ်မှု စသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၇/ ၃၃၈/၂၀၂ တို့ဖြင့် စစ်တွေမြို့မရဲစခန်းတွင် အမှုလှစ်ထားကြောင်း သိရသည်။ 

ရခိုင်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “ယာဉ်တိုက်မှု ဖြစ်တဲ့အခါ သူကထွက်ပြေးပါတယ်။ ပြေးတဲ့အခါ ဘီးပေါက်ပြီး လမ်းဘေးမှာရပ်ထားတဲ့အခါ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တာပါ။ နောက်တော့ ရဲစခန်းကို အပ်လိုက်ပါတယ်။ ကျနော်တို့ လုပ်ထုံးလုပ်နည်းအရတော့ အကုန်လုံးဆောင်ရွက်နေပါပြီ” ဟု ပြောသည်။ 

စစ်တွေမြို့တွင် ၂၀၂၃ ခုနှစ် ဩဂုတ်လမှ ယနေ့အထိ ယာဉ်မတော်တဆဖြစ်ပွားမှု (၅၀) ကျော်ရှိကြောင်း စစ်တွေအခြေစိုက် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းမှ သိရသည်။ 

#I003

ဗီဒီယိုများ