ဘူးသီးတောင်တွင် စစ်ကောင်စီ ကားတစ်စီးကို AA မိုင်းဆွဲတိုက်ခိုက်

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ငှက်ပျောချောင်းကျေးရွာ၏ အနောက်မြောက်ဖက်တွင် စစ်ကောင်စီ ယာဉ်တစ်စီးကို ယနေ့ (နိုဝင်ဘာ ၁၅) ရက်နေ့ နံနက် ၁၀ နာရီခန့်က ရက္ခိုင့်တပ်တော် (AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

By Admin 15 Nov 2022

ဘူးသီးတောင်တွင် စစ်ကောင်စီ ကားတစ်စီးကို AA မိုင်းဆွဲတိုက်ခိုက်

ဇူလိုင်လ ၁၈ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကို တွေ့ရစဉ်။ Photo - APM

DMG ၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ငှက်ပျောချောင်းကျေးရွာ၏ အနောက်မြောက်ဖက်တွင် စစ်ကောင်စီ ယာဉ်တစ်စီးကို ယနေ့ (နိုဝင်ဘာ ၁၅) ရက်နေ့ နံနက် ၁၀ နာရီခန့်က ရက္ခိုင့်တပ်တော် (AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ တပ်မ (၂၂) လက်အောက်ခံ တပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ကားစစ်စီးကို ငှက်ပျောချောင်းရွာ၏ အနောက်မြောက်ဘက် မီတာ ၂၀၀ အကွာ စေတီကုန်းဆိုသောနေရာတွင် AA တပ်ဖွဲ့ဝင်များက ကြားဖြတ် မိုင်းဆွဲတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “ဒီနေ့နံနက် ၁၀ နာရီလောက်က ဘူးသီးတောင်မြို့နယ် ငှက်ပျောချောင်းရွာရဲ့ အနောက်မြောက်ဘက် မီတာ ၂၀၀ အကွာ စေတီကုန်းမှာ စစ်ကောင်စီရဲ့ တပ်မ(၂၂) လက်အောက်ခံ တပ်ဖွဲ့တွေကို ရက္ခိုင့်တပ်တော်(AA)က မိုင်းခွဲတိုက်ခိုက်ခဲ့တာ ရှိတယ်။ မြန်မာစစ်တပ်ဖက် ထိခိုက်ကျရှုံးမှုတွေရှိတယ်။ ထိခိုက်၊ကျရှုံးမှု အသေးစိတ်ကိုတော့ မသိရသေးဘူး”ဟု DMG သို့ ပြောသည်။

ထို့သို့ စစ်ကောင်စီကားတစ်စီးကို AA က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် နှစ်ဘက်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း အနီးအနားမှ ဒေသခံများကဆိုသည်။

ငှက်ပျောချောင်းနှင့် နီးစပ်သည့် ဦးကျော်ကျေးရွာသားတစ်ဦးက “ဒီနေ့မနက်ပိုင်းကတော့ အဲဒီရွာဖက်က လက်နက်ငယ် အပြန်အလှန်ပစ်သံတွေကြားရတယ်။ မနေ့ကလည်း အဲဒီနားမှာ လက်နက်ကြီးတွေပစ်တယ်။ ဒီနေ့ လက်နက်ကြီး ပစ်တာတွေတော့ မရှိသေးဘူး”ဟု ဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ထို့အတူ ယနေ့ (နိုဝင်ဘာလ ၁၅ ရက်)နေ့က နံနက်(၇)နာရီအချိန်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာအရှေ့ဘက် ရထားဘူတာရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီယာယီစခန်းတစ်ခုကို AA က တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၈)ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းရွာ၏ အနောက်မြောက်ဖက် (၁ ဒသမ ၆) ကီလိုမီတာ၌ တပ်မ(၅၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ လက်နက်ခဲယမ်းများပါဝင်သော စစ်ကောင်စီ စစ်သုံး ဇက်သင်္ဘော(၁)စီးနှင့် ၎င်းဇက်သင်္ဘောနှင့်အတူ လေကြောင်းမှ လုံခြုံရေးပါလာသော ရဟတ်ယာဉ်(၁)စီးအား နေရာ(၂)ခုမှ ကြားဖြတ်တိုက်ခတ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)မှ နိုဝင်ဘာလ ၉ ရက်နေ့ သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်တွင် လက်ရှိဖြစ်ပွားနေသည့် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီယာဉ်တန်းများကို AA က မကြာခဏ မိုင်းဆွဲတိုက်ခတ်မှုများရှိသလို စစ်ကောင်စီဖက်ကလည်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများအပြင် ဒရုန်းများအသုံးပြုကာ ပစ်ခတ်မှုများလည်း ရှိလာနေသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် သြဂုတ်လမှစတင်ကာ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီး လက်ရှိတွင် ပလက်ဝ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင် စသည့်မြို့နယ်များတွင် နေ့စဉ်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ဗီဒီယိုများ