လွိုင်ကော်တွင် လက်နက်ကြီးကျရာက်မှုကြောင့် မိသားစုဝင် (၄) ဦး ထိခိုက်ပြီး ၂ ဦး စိုးရိမ်ရ

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် မိသားစုဝင် (၄) ဦး ကျည်စထိမှန် ဒဏ်ရာများရရှိခဲ့ကာ အသက်(၂) နှစ်အရွယ်ကေလးငယ်နှင့် မိခင်ဖြစ်သူမှာ  စိုးရိမ်ရကြောင်းသိရသည်။

By Admin 05 Nov 2022

လွိုင်ကော်တွင် လက်နက်ကြီးကျရာက်မှုကြောင့် မိသားစုဝင် (၄) ဦး ထိခိုက်ပြီး ၂ ဦး စိုးရိမ်ရ

ကုန်းဆွတ်ကျေးရွာ အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ကလေးအပါအဝင် မိသားစုဝင် ၄ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့စဉ်။ ဓာတ်ပုံ- ရွှေလွိုင်ကော်ပရဟိတအသင်း 

DMG၊ နိုဝင်ဘာ ၅
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် မိသားစုဝင် (၄) ဦး ကျည်စထိမှန် ဒဏ်ရာများရရှိခဲ့ကာ အသက်(၂) နှစ်အရွယ်ကေလးငယ်နှင့် မိခင်ဖြစ်သူမှာ  စိုးရိမ်ရကြောင်းသိရသည်။

လွိုင်ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာ အတွင်းသို့ ယမန်နေ့ နိုဝင်ဘာ ၄ ရက် နေ့လည် ၁၂ ကျော်တွင်  လွိုင်ကော်အခြေစိုက် ခလရ ၅၄ က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အချက်ရေ (၅) ချက်ပစ်ခတ်ခဲ့ရာတွင် ကျေးရွာတွင်း နေအိမ်တစ်လုံးသို့ ထိမှန်ခဲ့ပြီး အသက်၂ နှစ် အရွယ်ကလေးငယ်တစ်ဦး အပါအဝင် မိခင်ဖြစ်သူနှင့် မိသားစုဝင်နှစ်ဦးမှာ ာအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေလွိုင်ကော် ပရဟိတလူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

“ တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ၌ ပစ်တာ။ ရွာထဲက အိမ်တစ်လုံးကို ကျည်သွားကျတယ်။ အဲဒီအိမ်မှာနေတဲ့ အသက် ၂ နှစ်အရွယ်သမီးရယ်၊ အမေဖြစ်သူနဲ့ အဘွားဖြစ်သူ ကျည်ထိမှန်တယ်။ မိသားစုဝင် နောက်တစ်ဦးကတော့ သာမန်ထိခိုက်သွားတယ်။ သူတို့က အခု လွိုင်ကော်ဆေးရုံကို ပို့ပေးထားပါတယ် ” ဟု ၎င်းကပြော သည်။

လက်ရှိတွင် အသက် ၂ နှစ်အရွယ်သမီးဖြစ်သူထံထိမှန်ခဲ့သည့် ဦးခေါင်းထိမှန်ဒဏ်ရာနှင့်၊ အသက် (၃၀) အရွယ် မိခင်ဖြစ်သူ၏ မျက်လုံးနှစ်ဖက်ဒဏ်ရာများမှာ ပြင်းထန်နေကြောင်းလည်းသိရသည်။ ထို့အတူ အသက် (၅၀) နှစ်အရွယ် အဘွားဖြစ်သူမှာ လည်ပင်းထိခိုက်ဒဏ်ရာ နှင့်အသက် ၃၃ နှစ်အရွယ် ဦးလေးဖြစ်သူတို့မှာ ဦးခေါင်းထိမှန်ဒဏ်ရာတို့မှာ မစိုးရိမ်ရကြောင်းလည်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

 “ ကလေးက ခေါင်းထိသွားတော့ နည်းနည်း စိုးရိမ်ရတယ်။ အမေဖြစ်သူက မျက်လုံးနှစ်ဖက်စလုံး ထိသွား တာဆိုတော့ အခြေအနေ ဆိုးတာကြောင့် စောင့်ကြည့်နေရတယ်။ ကျန်တဲ့ အဘွား ဖြစ်သူနဲ့ ဦးလေး ဖြစ်သူကတော့ အခြေ အနေ သိပ်မစိုး ရိမ်ရဘူး။ အခု အထိ လွိုင်ကော်ဆေးရုံမှာ ကုသနေရတုန်းပါပဲ ” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။.

ထိုသို့ လက်နက်ကြီးကျရောက်မှုများ ရှိသည့်အတွက် ကုန်းဆွတ် ကျေးရွာရှိ ဒေသခံ ၅၀၀ နီးပါးမှာ လက်ရှိတွင် လက်နက်ကြီး ထပ်မံပစ်ခတ်လာမည်ကို စိုးရိမ်မှုကြောင့် နီးစပ်ရာ တောတောင်အ တွင်းသို့ တိမ်းရှောင်နေရကြောင်း ကျေးရွာ ဒေသခံများထံက သိရသည်။

“ ရွာထဲမှာ နေတဲ့ တချို့ကတော့ လက်နက်ကြီးနဲ့ ထပ်ပစ်မှာ ကြောက်လို့ တောထဲကို ရှောင်ကြတယ်။ ရွာထဲမှာတော့ ဒေသခံတွေ နည်းနည်းပဲ ကျန်တော့တယ် ” ဟု ကုန်းဆွတ်ကျေးရွာ ဒေသခံတစ်ဦးက ပြောဆိုသည်။

ထိုသို့ ကုန်းဆွတ်ကျေးရွာအတွင်းသို လွိုင်ကော် အခြေစိုက် ခလရ ၅၄ က တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ လက်နက်ကြီးဖြင့်ပစ်ခတ်သည်ဆိုသည့် ဒေသခံများ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့ကလည်း လွိုင်ကော်မြို့နယ် ဝမ်ပန်နှင့်နှင်ဖုံ စသည့် ကျေးရွာများ အတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် အချက်ရေ (၅) ချက်နီးပါး ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း နေထိုင်သူများ ဖြစ်သည့် အသက် ၃၀နှစ်ကျော်အရွယ် အမျိုးသားနှစ်ဦး၊ အသက် ၂၈ နှစ်ဝန်းကျင် ကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ဦး သူမ၏ အမျိုးသားဖြစ်သူ အပါအဝင် စုစုပေါင်း ၄ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရွှေလွိုင်ကော်ပရဟိတ လူမှုကူညီရေး အသင်းထံကသိရသည်။

ဗီဒီယိုများ