ခရီးသွားလျှင် သေနတ်ဖြင့်လှမ်းပစ်ခတ်နေမှုကြောင့် မင်းပြားက ရွာ ၂၀ ကျော် သွားလာရေးခက်ခဲနေဟုဆို

မင်းပြားမြို့သို့ သွားလာရေး အခက်အခဲဖြစ်နေသည့် ကျေးရွာများမှာ ဖလောင်းပြင်၊ရေငန်ဆည်၊ ချောင်းဝ၊ လက်ဝါးခတ်၊ချောင်းဖျား၊နန်းချောင်၊ ကန်ချောင်၊ ကျားပိုက်ကေ၊ ချော်ချောင်း၊ အိုင့်ရွာ၊ သစ်ပုတ်တောင်၊ ကျောက်ခုပ်၊ သင်္ဂနက်၊သာယာကုန်း၊ ပြိုင်းတော၊ မြောင်ချောင်း၊ ရန်တိုင်၊ခမောင်းတော၊တောင်ရှည်ပြင်၊ ရင်းဘွေ ၊သအင်းရွာသစ်နှင့် သအင်းရွာဟောင်းတို့ဖြစ်ကြသည်။

By Admin 09 Nov 2022

ခရီးသွားလျှင် သေနတ်ဖြင့်လှမ်းပစ်ခတ်နေမှုကြောင့် မင်းပြားက ရွာ ၂၀ ကျော် သွားလာရေးခက်ခဲနေဟုဆို

DMG | နိုဝင်ဘာ ၉

မြန်မာစစ်တပ်က သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်နေမှုကြောင့် မင်းပြားမြို့နယ်မှ ကျေးရွာ ၂၀ ကျော်မှာ မြို့ပေါ်သို့ ခရီးသွားလာရေးအဆင်မပြေဖြစ်ပေါ်နေပြီး စားနပ်ရိက္ခာပြတ်တောက်မည့်အရေးနှင့်ရင်ဆိုင်နေရသည်ဟု ဒေသခံများက ဆိုသည်။

မင်းပြားမြို့နယ်၊ကြပ်စင်တံတားပေါ်တွင် အခြေစိုက်ထားသည့် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ထိုကျေးရွာများမှ စက်လှေများသွားလာလျှင် ပစ်ခတ်မှုရှိနေသဖြင့် သွားရေး၊လာရေးအဆင်မပြေဖြစ်နေခြင်းဟုဒေသခံများက ဆိုသည်။

"ကျမတို့ရွာတွေက လိုအပ်တဲ့ပစ္စည်းအကုန်လုံးကို မြို့ပေါ်ကပဲဝယ်သုံးနေရတာ။အခု မြို့ကိုသွားရင်စစ်တပ်က စက်လှေတွေကို သေနတ်နဲ့လှမ်းပစ်တယ်။ ဘယ်သူမှမသွားရဲကြတော့ ရွာမှာရှိတာကိုပဲစျေးပိုပေးပြီး ဝယ်စားနေရတယ်။ ဒါတောင် ရှာမရတဲ့ပစ္စည်းတွေကရှိသေးတယ်။ နေမကောင်းဖြစ်ရင်လည်း မြို့ကိုဆေးခန်းသွားပြလို့ မရဘူး။ ရွာမှာလည်း သောက်မယ့်ဆေးတွေက ရှာမရဘူး။ အကုန်လုံးအခက်အခဲဖြစ်နေပါပြီ" ဟု ဖလောင်းပြင်ရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။

အဆိုပါကျေးရွာမှ ဒေသခံအချို့မှာ နိုဝင်ဘာလ ၄ ရက်နေ့က စားသောက်ကုန်ပစ္စည်းများပြတ်လပ်လာနေ၍ မင်းပြားမြို့ပေါ်သို့ ဈေးဝယ်ရန်သွားစဉ် ကြပ်စင်တံတားပေါ်မှလှမ်းပစ်ခတ်သောကြောင့် ချောင်းထဲ၌ပိတ်မိနေခဲ့ပြီး ညဥ့်အချိန်မှသာ အရဲစွန့်ကာသွားခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

အလားတူ ပြင်ဝကျေးရွာသားများမှာလည်း ယခင်က မင်းပြားမြို့သို့ ကုန်းလမ်း၊ရေလမ်းနှစ်ခုစလုံးမှ သွားလာ၍ရသော်လည်း လက်ရှိတွင် မြန်မာစစ်တပ်ရှိနေသောကြောင့်  ရိက္ခာပြတ်လပ်မှုနှင့် ဆေးဝါးကုသရေးအပိုင်းတို့တွင် အခက်အခဲကြုံလာရသည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

"ရေကြောင်းကသွားရင်လည်း မြစ်ရေတက်ချိန်ပဲသွားလို့ရတယ်။ မြစ်ရေတက်နေတဲ့အချိန်ဆိုရင် သူတို့နဲ့ဝေးတဲ့ ပတ်လမ်းကနေသွားလို့ရတယ်။ တကယ်လို့ သူတို့မြင်လို့ လှမ်းပစ်ရင်တောင် ဝေးတဲ့အတွက် လူတွေကိုလာထိနိုင်ခြေနည်းတယ်။ ရေခမ်းနေတဲ့အချိန်သွားရင်တော့ ကြပ်စင်တံတားနားကကပ်သွားရတဲ့အတွက်အဆင်မပြေဘူး။ အခုတောင် နာမကျန်းဖြစ်ရင် ဆေးခန်းသွားပြဖို့အတွက်မလွယ်ဘူး ။အရေးပေါ်လူနာတစ်ယောက်ကို ဆေးရုံပို့ဖို့အတွက် မြစ်ရေတက်ချိန်ထိစောင့်နေလို့မှမရတာ။စားနပ်ရိက္ခာတွေဆိုလည်း ၂ရက်၊၃ရက် ပြတ်လပ်သွားတာတွေရှိတယ်။ ပြီးရင် မြစ်ရေတက်ချိန်ကိုစောင့်ပြီး အရဲစွန့်ပြီးခိုးသွားကြရတယ်" ဟု၄င်းကပြောသည်။

ထို့ပြင် ရင်းဘွေကျေးရွာမှ မင်းပြားသို့ခရီးသည်ပြေးဆွဲနေသည့် စက်လှေတစ်စီးမှာလည်း လွန်ခဲ့သည့် အပတ်က မင်းပြားသို့သွားစဉ် ပစ်ခတ်ခံခဲ့ရသည်။ သို့သော် စက်လှေကို မထိမှန်သောကြောင့် ခရီးသည်များ အသက်ဘေးမှ လွတ်မြောက်သွားခဲ့သည်ဟု ကျေးရွာသားတစ်ဦးကပြောသည်။

"တံတားနားမှာရှိနေတဲ့ဇက်က ကျနော်တို့ကိုလှမ်းပစ်ပြီးနောက်ပိုင်း မသွားရဲတော့ဘူး။ ပြီးတော့ စက်လှေငယ်တွေလို ခိုးသွားဖို့ကလည်း မော်တော်ဘုတ်ကြီးဖြစ်နေတော့ အဆင်မပြေဘူး။ ခရီးသည်တွေကလည်းကြောက်ပြီး မလိုက်ရဲကြတော့ဘူး။ စားကုန်တွေကို စက်လှေတွေနဲ့ ထည့်လို့ရပေမဲ့ ကျန်းမာရေးနဲ့ပတ်သက်တာတွေကျတော့ လုံးဝကိုအဆင်မပြေတော့ပါဘူး။ ဒီဖက်ဒေသကလူတွေ အရမ်းကိုဒုက္ခကြုံနေရပါတယ်" ဟု ပစ်ခတ်ခံရစဉ်က စက်လှေပေါ်တွင် စီးနင်းပါခဲ့သူ တစ်ဦးက ပြောသည်။

မင်းပြားမြို့သို့ သွားလာရေး အခက်အခဲဖြစ်နေသည့် ကျေးရွာများမှာ ဖလောင်းပြင်၊ရေငန်ဆည်၊ ချောင်းဝ၊ လက်ဝါးခတ်၊ချောင်းဖျား၊နန်းချောင်၊ ကန်ချောင်၊ ကျားပိုက်ကေ၊ ချော်ချောင်း၊ အိုင့်ရွာ၊ သစ်ပုတ်တောင်၊ ကျောက်ခုပ်၊ သင်္ဂနက်၊သာယာကုန်း၊ ပြိုင်းတော၊ မြောင်ချောင်း၊ ရန်တိုင်၊ခမောင်းတော၊တောင်ရှည်ပြင်၊ ရင်းဘွေ ၊သအင်းရွာသစ်နှင့် သအင်းရွာဟောင်းတို့ဖြစ်ကြသည်။

ဒေသခံများ၏ စွပ်စွဲပြောဆိုချက်နှင့်ပတ်သက်ပြီး မြန်မာစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းတို့ကိုကို DMG ကဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့က မင်းပြားမြို့နယ်၊င/တန်ပျင်းတံတားအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြန်မာစစ်တပ်ဖက်က ကြပ်စင်တံတားပေါ်တွင်  တပ်စွဲနေထိုင်နေခြင်းဖြစ်သည်။

ဗီဒီယိုများ