- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
အထောက်ထားမဲ့ အလုပ်သမားများကို မလေးအာဏာပိုင်များက လုပ်ငန်းခွင်ထဲထိ ဝင်ဖမ်းနေ
ယခု မေလပထမအပတ်တွင် ကွာလာလမ်ပူ၊ ပီနန်းနှင့် ဆလန်ဂေါ ပြည်နယ်တို့တွင်အဓိက ဖမ်းဆီးမှုများပြုလုပ်နေပြီး ဖမ်းဆီးခံရသူ ၃၀၀ ထက်မနည်းရှိကြောင်းသိရသည်။
07 May 2025

DMG ၊ မေ ၇
မြန်မာအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသားများအား မလေးရှားအာဏာပိုင်များက ရှောင်တခင် ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေပြီး လုပ်ငန်းခွင်ထဲထိပါ လိုက်ဖမ်းနေကြောင်း သိရသည်။
မလေးရှားအစိုးရသည် အထောက်အထားမရှိသည့် နိုင်ငံခြားသားများအပေါ် အထူးတိုင်းကြားကြရန် တရားဝင်တောင်းဆိုထားပြီး အရပ်ဝတ်များဖြင့်ပါ လုပ်ငန်းခွင်ထဲဝင်ပြီး ဖမ်းဆီးနေခြင်းဖြစ်သည်။
“အဖမ်းအဆီးကတော့ ဆက်တိုက်ရှိနေတယ်။ ဒီနိုင်ငံမှာ စည်းမဲ့ကမ်းမဲ့နေထိုင်ကြ၊ ပြစ်မှုတွေ ကျူးလွန်ကြတယ်။ ဒီတော့ ဒီနိုင်ငံသားတွေရဲ့ တိုင်ကြားမှုတွေက မရပ်သွားဘူး တိုင်ကြားဖို့အတွက်လည်း အစိုးရက စပယ်ရှယ် တောင်းဆိုမှုတွေ လုပ်ထားတာဆိုတော့ အဖမ်းအဆီးက ရပ်သွားမှာမဟုတ်ဘူး ” ဟု Myanmar Labour Affairs and Refugees Organization က ဥက္ကဌ ဖြစ်သူက ပြောသည်။
မြန်မာအပါအဝင် အထောက်အထားမဲ့ မလေးရှားရောက် ရွှေ့ပြောင်းလုပ်သားများမှာ စားသောက်ဆိုင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အဓိက လုပ်ကိုင်ကြပြီး လုပ်ငန်းခွင်များအထိ ဝင်ရောက်ဖမ်းဆီးနေမှုကြောင့် အလုပ်လုပ်ကိုင်ရန်ခက်ခဲလာနေကြသည်။
ယခု မေလပထမအပတ်တွင် ကွာလာလမ်ပူ၊ ပီနန်းနှင့် ဆလန်ဂေါ ပြည်နယ်တို့တွင်အဓိက ဖမ်းဆီးမှုများပြုလုပ်နေပြီး ဖမ်းဆီးခံရသူ ၃၀၀ ထက်မနည်းရှိကြောင်းသိရသည်။
“အခုက အကုန်ဖမ်းနေတာ။ အပြင်ထွက်ဖို့ကို မရဘူး။ အလုပ်လုပ်တဲ့ ဆိုင်ထဲတွေပါ မကျန်ဝင်ဖမ်းတာဆိုတော့ အလုပ်တောင်မဆင်းရဲတော့ဘူး” ဟု မလေးရှားနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာလုပ်သားတစ်ဦးက ပြောသည်။
မလေးရှားနိုင်ငံတွင် အထောက်အထားမပြည့်စုံ၍ ဖမ်းဆီးခံရသည့် နိုင်ငံခြားသားများမှာ မြန်မာ၊ အင်ဒိုနီးရှား၊ နီပေါ၊ ပါကစ္စတန် နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ အများစုပါဝင်ကြသည်။
ယခုကဲသို့ အဖမ်းအဆီးများရှိနေသော်လည်း မြန်မာနိုင်ငံသားများမှာ အလုပ်အကိုင်ရှားပါးခြင်း၊ နိုင်ငံရေး ပဋိပက္ခများကြောင့် တရားဝင်နှင့် တရားမဝင် ရရာလမ်းကြောင်းတို့ဖြင့် ပြည်ပထွက်ခွာမှု များရှိနေသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီက စစ်မှုထမ်းနည်းဥပဒေကို ပြဌာန်းပြီး လူငယ်မျာကို ဖမ်းဆီးမှုများပြုလုပ်ကာ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းမှုတို့ကြောင့်လည်း ပြည်ပထွက်ခွာသည့် လူငယ်များဆက်တိုက်ရှိနေသည်။