မောင်တော‌မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း ၊ ရန်အောင်ပြင်ကျေးရွာ မြောက်ဘက်တစ် မိုင်ခန့်အကွာ တောင်တန်းများတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ယနေ့ (နိုဝင်ဘာလ ၁၄ ရက်)၊ မွန်းလွဲ (၁၁) နာရီအချိန်ခန့်က စတင်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 14 Nov 2022

မောင်တော‌မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေ

DMG ၊ နိုဝင်ဘာ ၁၄

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း ၊ ရန်အောင်ပြင်ကျေးရွာ မြောက်ဘက်တစ် မိုင်ခန့်အကွာ တောင်တန်းများတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ယနေ့ (နိုဝင်ဘာလ ၁၄ ရက်)၊ မွန်းလွဲ (၁၁) နာရီအချိန်ခန့်က စတင်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ကြိမ်ချောင်း အခြေစိုက် စစ်ဆေးဂိတ် နခခ (၇)နှင့် (၂၄) ဂိတ်တို့မှ လက်နက်ကြီးများ ပစ်ကူပေးနေကြောင်း ရန်အောင်ပြင်ကျေးရွာသားတစ်ဦး က DMG သို့ ပြောဆိုသည်။

“ တိုက်ပွဲက ၁၁ နာရီလောက်ကတည်းက ဖြစ်နေတာ။ ကျနော့်ရွာရဲ့ မြောက်ဘက်က တောင်တန်းမှာ ပြင်းပြင်းထန်ထန်ဖြစ် နေတာ။ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်သံတွေ ကြားရတယ်။ အဲဒီနေရာကို ကြိမ်ချောင်း စစ်ဆေးဂိတ်ကလည်း လက်နက်ကြီးတွေပစ်နေတယ်။ လက်နက်ကြီးက ရွာနားတွေ မှာကျတယ်။ ရွာသားတွေ အကုန်လုံးပိတ်မိနေတယ် ” ဟု ၎င်းကဆို သည်။

ရန်အောင်ပြင်ကျေးရွာတွင် အိမ်ခြေ (၁၄၀) နှင့် လူဦးရေ (၅၀၀) ခန့်ရှိကာ ရွာသားများမှာ ကျေးရွာအတွင်း ပိတ်မိနေပြီး ရွာသားအနည်းငယ်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း အဆိုပါကျေးရွာအနီးကို မြန်မာစစ်တပ်က ဂျတ်လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်မှုများရှိပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ရွာသားများကို မေးမြန်းစစ်ဆေးမှုများရှိ ကြောင်း နောက်ထပ်ကျေးရွာသားတစ်ဦးက ပြောသည်။

“ အဲဒီနေ့က ရွာထဲကိုဝင်လာပြီးတော့ ရွာမှာရှိတဲ့ ယောက်ျားတွေ အကုန်လုံးခေါ်တယ်။ နောက်ပြီးတော့ ဖုန်းတွေကို စစ်ဆေးတယ်။ မွန်းလွဲ (၁) နာရီလောက်ကတည်းက စစ်တာ ၇ နာရီလောက်မှာပြီးတယ်။ အဲဒီနေ့ ရွာသားတစ်ယောက်ကို ဖမ်းသွားတယ်၊ မနက်မှ ပြန်လွှတ်ပေးလိုက်တယ်။ အခုရွာသားတွေ ဘယ်ကိုထွက် ပြေးလို့ ပြေးရမှန်းမသိဘူး။ ဒီတစ်ကြိမ်ဆိုရင် ၃ ကြိမ်ရှိပြီ ” ဟု ၎င်းကဆိုသည်။

ထို့အတူ ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ရန်အောင်ပြင်ကျေးရွာကို လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဦးလှသိန်းအောင်ဆိုသူ၏ နေအိမ်နှင့် ဒေါ်အေးခင်၏ နေအိမ်များမှာ မီးလောင်ပျက်စီးသွား ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ တိုက်ပွဲနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ က “ ကျနော်ဆီကို ဒီနေ့ တိုက်ပွဲ သတင်းတွေတော့ ရောက်မလာသေးဘူး ။ ဒါပေမယ့်လည်း ဟိုတနေ့ (နိုဝင်ဘာ ၁၀) နေ့က ကြိမ်ချောင်း စစ်ဆေးရေးဂိတ်တွေက လက်နက်ကြီးတွေနဲ့ လှမ်းပစ်လို့ ရန်အောင်ပြင်မှာ အိမ်နှစ်ဆောင် မီးလောင်သွားတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့လည်း ရန်အောင်ပြင်ရွာနားကို လေယာဉ်နှစ်စီးနဲ့ လာပစ်တယ် ” ဟု ၎င်းကဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အတည်ပြုချက်ရယူရန်အတွက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီတပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် သြဂုတ်လမှစတင်ကာ တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာပြီး လက်ရှိတွင် ပလက်ဝ၊ ကျောက်တော် ၊ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်စသည့် မြို့နယ်များတွင်နေ့စဉ် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ဗီဒီယိုများ