ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံ ၇ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံ ၇ ဦးကို မြန်မာစစ်တပ်က  ယမန်နေ့ နိုဝင်ဘာလ ၈ ရက်၊ ညနေ ၈ နာရီခွဲခန့်တွင်  ဖမ်းဆီးသွားပြီး ခမရ ၅၅၀ တပ်ရင်းတွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

By Admin 09 Nov 2022

ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံ ၇ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီး

DMG၊ နိုဝင်ဘာ ၉

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံ ၇ ဦးကို မြန်မာစစ်တပ်က  ယမန်နေ့ နိုဝင်ဘာလ ၈ ရက်၊ ညနေ ၈ နာရီခွဲခန့်တွင်  ဖမ်းဆီးသွားပြီး ခမရ ၅၅၀ တပ်ရင်းတွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရသူမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်ဆိပ်ရွာမှ ကိုမောင်မျိုးလွင် (၂၄နှစ်)၊ ကိုရဲလင်းထွန်း (၂၅နှစ်) ၊ ကိုအောင်ကျော်ဌေး (၂၃နှစ်)၊ တန်းစွယ်ရွာမှ ကိုမောင်စိုးဝင်း ၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ ကိုအောင်မျိုးသန်း၊ အောင်ဗိမာန် ဘုန်းကြီးကျောင်းမှ ဆွမ်းတကာ ကိုကျောက်ချေနှင့်အခြားတစ်ဦးတို့ ဖြစ်ကြသည်။

၎င်းတို့(၇) ဦးမှာ ယမန်နေ့က ဦးရာဇ်မင်္ဂလာကြိုးတံတားအောက်ရှိ စားသောက်ဆိုင်တွင် စားသောက်နေကြစဥ်  ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀)တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ကားဖြင့်လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဖမ်းဆီးခံထားရသူ ကိုရဲလင်းထွန်း၏ မိသားစုဝင်တစ်ဦးက DMG သို့ အတည်ပြု ပြောဆိုသည်။

“ မနေ့က လပြည့်ကျော်တစ်ရက်နေ့ဆိုတော့ ကလေးတွေက သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး အရက်သောက်နေကြတာ။ အဲဒီတံတားအောက်နားက ဆိုင်တစ်ဆိုင်မှာ သောက်နေကြတာလို့သိရတယ်။ အဲဒီမှာ သူတို့(စစ်သား) တွေလာပြီးတော့ ဆိုင်ထဲကနေ ဖမ်းသွားတာပါ။ ပုဏ္ဏားကျွန်းမြို့ပေါ်က ၅၅၀ တပ်ရင်းက ဖမ်းသွားတာပါ။ အခု မိသားစုတွေ သွားတွေ့ဖို့သွားကြတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ၎င်းတို့ကို ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀) တပ်ရင်းတွင် ထိန်းသိမ်းထားပြီး မိသားစုဝင်များနှင့် တွေ့ခွင်မရသေးကြောင်းဆိုသည်။

“သူတို့ကို စစ်ဆေးပြီးရင်တော့ ပြန်လွှတ်ပေးမယ်လို့တော့ ပြောတယ်။ မိသားစုတွေ စိတ်မပူကြနဲ့ စစ်ဆေးပြီးရင်တော့ ပြန်လွှတ်ပေးမယ်လို့ပြောတယ်။ မိသားစုတွေနဲ့တော့ တွေ့ခွင့်မရခဲ့ဘူး” ဟု ဖမ်းဆီးခံထားရသူ ကိုရဲလင်းထွန်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိသေးပေ။

လက်ရှိ ရခိုင်ပြည်အနှံ့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဒေသခံများကိုဖမ်းဆီးမှုများ နေ့စဉ်ရှိလာကာ AA ဘက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ဖမ်းဆီးမှုများ ရှိနေသည်။

ဗီဒီယိုများ