ရခိုင်တွင် လမ်းပိတ်ထားသဖြင့် ကျောင်းသား၊ကျောင်းသူများ တက္ကသိုလ်တက်ရန်အခက်အခဲရှိနေ

ရခိုင်ပြည်မြောက်ဘက်ခြမ်းတွင် စစ်ကောင်စီက ကုန်းလမ်း၊ရေလမ်းမှ သွားလာခွင့်ပိတ်ပင်ထားသဖြင့် ကျောင်း သား၊ကျောင်းသူများမှာ စစ်တွေမြို့သို့လာရောက်ပြီး တက္ကသိုလ်တက်ရန် အခက်အခဲရှိနေကြသည်ဟုသိရသည်။

By Admin 17 Nov 2022

ရခိုင်တွင် လမ်းပိတ်ထားသဖြင့် ကျောင်းသား၊ကျောင်းသူများ တက္ကသိုလ်တက်ရန်အခက်အခဲရှိနေ

စစ်တွေတက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူများကိုတွေ့ရစဥ်။

DMG | နိုဝင်ဘာ ၁၇

ရခိုင်ပြည်မြောက်ဘက်ခြမ်းတွင် စစ်ကောင်စီက ကုန်းလမ်း၊ရေလမ်းမှ သွားလာခွင့်ပိတ်ပင်ထားသဖြင့် ကျောင်း သား၊ကျောင်းသူများမှာ စစ်တွေမြို့သို့လာရောက်ပြီး တက္ကသိုလ်တက်ရန် အခက်အခဲရှိနေကြသည်ဟုသိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ကစတင်ကာ နေ့သင်တန်းများ ဖွင့်လှစ်သော်လည်း ဘူးသီးတောင်၊မောင်တော၊ ရသေ့တောင်၊ ပေါက်တော၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှ တက္ကသိုလ်ကျောင်းသားကျောင်းသူများမှာ ကျောင်းတက်ရန် အခက်အခဲဖြစ်နေကြခြင်း ဖြစ်သည်။

ယခင်က စစ်တွေ -ပုဏ္ဏားကျွန်းကားလမ်းဖွင့်သော်လည်း နိုဝင်ဘာလ၁၀ ရက်နေ့မှစ၍ သွားလာခွင့်ကို စစ်ကောင်စီမှ ပိတ်ပင်ထားသောကြောင့် ကျောင်းတက်ရန် အခက်အခဲ ဖြစ်နေသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းကန်ကျေးရွာမှ ကျောင်းသူတစ်ဦးကDMGသို့ ပြောသည်။

“စစ်တွေ -ပုဏ္ဏားကျွန်း ကားလမ်းကို ပိတ်ထားတာကြောင့် ကျောင်းတက်ဖို့အခုထိမသွားရသေးပါ။ ပြီးရင် ကျမတို့ရွာနားက တန်ခိုး၊ကျော်ဇံ ရွာတွေမှာလည်း စစ်သားတွေရှိတာ‌ကြောင့် မသွားရဲဘူး။ရေကြောင်းလမ်းက သွားမယ်ဆိုရင်လည်း စစ်တွေဝင်ဝမှာ Navy ရှိတာကြောင့် မသွားရဲပါဘူး။ ကားလမ်းဖွင့်မှပဲ ကျောင်းတက်ဖို့သွားရမှာပါ။ ကျောင်းသားသမဂ္ဂကိုတော့ အကြောင်းကြားထားပါတယ်”ဟု သူကပြောသည်။

ထို့အတူမြောက်ဦးမြို့နယ်မှ ကျောင်းတက်ရန်လာသည့် ကျောင်းသူတစ်ဦးမှာလည်း စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းပိတ်ထားသောကြောင့် ကျောက်တော်၌ နေထိုင်နေရကာ ရွာပြန်မည်ဆိုသော်လည်း ရွာသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုရှိသောကြောင့် မပြန်ရဲဟု ကျောင်းတောင်ကျေးရွာမှ ပထမနှစ်ကျောင်းသူတစ်ဦး ကDMGသို့ပြောသည်။

“မြောက်ဦးနယ်ဘက်ကနေ စစ်တွေကို ကျောင်းတက်ဖို့လာတာပါ။ ရွာကိုပြန်မယ်ဆိုရင်လည်း ရွာမှာက အခြေ အနေမကောင်းဘူး။ ရွာမှာလည်း ဟိုတစ်နေ့ကမှ လက်နက်ကြီးကျပြီး လူတွေဒဏ်ရာရတာ။ ရွာကိုပြန်ဖို့ကလည်း အဆင်မပြေ။ စစ်တွေကိုသွားမယ်ဆိုတော့လည်း ကားလမ်းပိတ်ထားတဲ့အတွက်ကြောင့် ကျောက်တော်မှာနေနေရတာ ၆ ရက်လောက် ရှိပါပြီ။ ကားလမ်းဒီနေ့ဖွင့်မယ်ဆိုပြီး ဖွင့်လည်းမဖွင့်ဘူး။ ဒီမှာပိုက်ဆံတွေကလည်း အရမ်းကုန်နေပြီ”ဟုသူကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာနှင့် ကိုးတန်ကောက် အနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်ဘက်မှ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ကုန်းလမ်း၊ရေလမ်းကို ပိတ်ပင်ခဲ့သည်။ လက်ရှိတွင် စစ်တွေမှ အဆိုပါ ဒေသသို့ ပြေးဆွဲနေသည့် အမြန်ရေယာဥ်များကိုလည်းပြေးဆွဲခွင့်ပိတ်ပင်ထားသည်။ ထို့ကြောင့် ကျောင်းလာရန် အခက်အခဲရှိနေသည်ဟု ဆိုကြသည်။

ယင်းအပြင်ပေါက်တောမြို့နယ် ၊ ဆင်အိုင်ကျေးရွာမှကျောင်းသူတစ်ဦးကလည်း ရွာအနီးအနားတွင် လက်နက်ကြီးပစ်ခတ်သံများ ကြားရသောကြောင့် ရွာမှ ပြေးဆွဲနေသည့် ကူးတို့စက်လှေများ မထွက်သဖြင့် ကျောင်းတက်ရန် အခက်အခဲရှိသည်ဟု DMGသို့ပြောသည်။

“လက်နက်ကြီး ပစ်သံတွေကြားနေရတာကြောင့်ရွာက ကူးတို့တွေ မထွက်ရဲကြဘူး။ ဒါကြောင့် ကျနော်တို့မှာ ကျောင်းတက်ဖို့ အခက်အခဲ ဖြစ်နေတာပါ။ အခုကျောင်းတောင် မသွင်းရသေးဘူး။ ဘုတ်တွေ တော့ထွက်ပေမယ့် နေ့တိုင်းမထွက်ဘူးလေ။ လက်နက်ကြီးသံတွေ ကြားနေရတော့သွားလည်း မသွားရဲဘူး” ဟု သူကပြောသည်။

စစ်တွေတက္ကသိုလ်တွင် တက်ရောက်မည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းအပ်လက်ခံမည့်နေ့ကို ယခင်က နိုဝင်ဘာလ ၁၈ ရက်နေ့အထိ သတ်မှတ်ထားသော်လည်း လက်ရှိတွင် နိုဝင်ဘာလ ၃၀ ရက်နေ့သို့ ထပ်တိုးသတ်မှတ်ထား‌ကြောင်း ကျောင်းသားများသမဂ္ဂ(စစ်တွေတက္ကသိုလ်)က ထုတ်ပြန်ထားသည်။

ယခုအချိန်တွင် လမ်းများ ပိတ်ထားသဖြင့် ကျောင်းသွင်း/ကျောင်းတက်ရန် အခက်အခဲများဖြစ်နေပါက လက်ရှိ တွင် မဖြစ်မနေလာရောက်ပေးရန်မလိုအပ်ကြောင်း၊ Pratical အချိန်များ နောက်ကျမှုများကိုလည်း စိုးရိမ်မှုမရှိကြရန်နှင့် လမ်းများအဆင်ပြေမှုရှိမှသာ လာရောက်ကြပါရန်လည်း အဆိုပါကျောင်းသားသမဂ္ဂက တိုက်တွန်းထားသည်။

“Pratical ၊ Tutorialတွေအတွက်လည်း ပါမောက္ခတွေကအဆင်ပြေအောင် လုပ်ပေးသွားမှာပါ။ သူတို့တွေ အတွက် လမ်းခရီးအဆင်ပြေတော့မှလာလို့ရပါတယ်။လာတဲ့အချိန်ခါလည်း ကျနော်တို့ ကျောင်းသားသမဂ္ဂကို ဆက်သွယ်ပြီးအကြောင်းကြားပေးရင်ရပါတယ်”ဟု ကျောင်းသားသမဂ္ဂ ဒုဥက္ကဌ ကDMG သို့ပြောသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ တကျော့ပြန် တိုက်ပွဲဖြစ်ပွားသောကြောင့် မြန်မာစစ်တပ်သည် ရခိုင်ပြည်မြောက်ဘက်ခြမ်းရှိ ကုန်းလမ်း၊ရေလမ်းများကို ပိတ်ဆို့ကာ တင်းကျပ်စွာစစ်ဆေးမှုများရှိနေသည်။

ဗီဒီယိုများ