ဝန်ကြီးချုပ်ဟောင်းဦးညီပု၏ မျက်စိတစ်ဖက်အား ခွဲစိတ်ကုသခွင့်ရရှိရန် မိသားစုဝင်များလိုလားနေ

ထောင်ဒဏ် ၁၃ နှစ်အထိချမှတ်ခံထားရသည့် ရခိုင်ပြည်၊ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ ဘယ်ဘက် မျက်စိ တစ်ဖက်မှာ တိမ်စွဲကပ်နေခြင်းကြောင့် မမြင်ရဘဲဖြစ်နေသဖြင့် အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်နေ သဖြင့် အမြန်ဆုံးခွဲစိတ်ကုသခွင့်ရရှိရန် မိသားစုဝင်များက လိုလားနေကြသည်။

By Admin 21 Nov 2022

ဝန်ကြီးချုပ်ဟောင်းဦးညီပု၏ မျက်စိတစ်ဖက်အား ခွဲစိတ်ကုသခွင့်ရရှိရန် မိသားစုဝင်များလိုလားနေ

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအား တွေ့ရစဉ်

DMG | နိုဝင်ဘာ ၂၁

ထောင်ဒဏ် ၁၃ နှစ်အထိချမှတ်ခံထားရသည့် ရခိုင်ပြည်၊ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ ဘယ်ဘက် မျက်စိ တစ်ဖက်မှာ တိမ်စွဲကပ်နေခြင်းကြောင့် မမြင်ရဘဲဖြစ်နေသဖြင့် အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်နေ သဖြင့် အမြန်ဆုံးခွဲစိတ်ကုသခွင့်ရရှိရန် မိသားစုဝင်များက လိုလားနေကြသည်။

သမီးဖြစ်သူ မကြည်ကြည်ဦးက “ အဖေက အသက်လည်းကြီးနေပြီဆိုတော့ ကျန်းမာရေးနဲ့ ပတ်သက်လာ ရင်တော့ စိုးရိမ်တာပေါ့။အမြန်ဆုံး ဆေးကုသခွင့်ပေးမယ်ဆိုရင်တော့ လိုချင်တာပေါ့။မျက်စိဆိုတာမျိုးက ကြာလာရင် အဆင်မပြေဘူးလေ။မျက်စိ မမြင်ရလို့ရှိရင် ဘာမှအဆင်မပြေတော့ အမြန်ဆုံးခွဲစိပ်ဆေးကု သခွင့်ပေးဖို့ တောင်းဆိုချင်တယ်” ဟု သူက ပြောသည်။

ဦးညီပု၏ ဘယ်ဘက်မျက်စိတွင် တိမ်စွဲကပ်စပြုနေသည်မှာ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင် နေသည့် အချိန်ကဖြစ်ပြီး ယင်းအချိန်က မအားလပ်မှုများကြောင့် ခွဲစိတ်ကုသမှုများမလုပ်ဆောင်နိုင်ခဲ့သည့်အတွက် လက်ရှိအကျဉ်းကျနေစဉ်တွင် အဆိုပါရောဂါမှာ ပို၍ပြင်းထန်လာခြင်းဖြစ်သည်ဟုလည်း မိသားစုဝင်များထံမှ သိရသည်။

ဦးညီပုသည် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ်နှစ်နှစ်၊ အဂတိ လိုက်စားမှုပုဒ်မသုံးခုဖြင့် ထောင်ဒဏ်(၉)နှစ် အပြင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က) တို့ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံထားရခြင်းဖြစ်သည်။

မျက်စိနေမကောင်းဖြစ်နေသည်ကို အဆိုပါထောင်မှ လွတ်မြောက်လာသူများထံမှ တစ်ဆင့်ခံသိရရှိခြင်းဖြစ်ပြီး မျက်စိအားခွဲစိတ်ကုသခွင့်ရရှိရန် ဦးညီပုကိုယ်တိုင် ထောင်တာဝန်ရှိသူများကို စာတင်ကာ တောင်းဆို ထား ကြောင်းသိရှိရသည်ဟု မိသားစုဝင်များက ဆိုသည်။

သို့သော် မိသားစုဝင်များမှာ ယခုအချိန်ထိ ဝန်ကြီးချုပ်ဟောင်းနှင့်တွေ့ခွင့်မရသေးသလို ထောင်တာဝန်ရှိသူများ ကလည်း ဦးညီပု၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ အကြောင်း ကြားလာခြင်းမရှိသေးဟု မကြည်ကြည် ဦးက ပြောသည်။

“ အဲဒီ မျက်စိအတွက်နဲ့ မိသားစုကို ဆက်သွယ်ပြီးတော့ ဘာမှပြောတာဆိုတာမရှိသေးဘူး။သူတို့ဘက်က အခု အချိန်ထိ အပြင်ထုတ်ပြီးတော့ ခွဲစိပ်ကုသတာတို့၊ဘာတို့လုပ်ပေးမယ်ဆိုတဲ့အကြောင်းတွေကို သူတို့ ဘက်က ပြောလာတာတော့မရှိသေးဘူး” ဟု သူကဆိုသည်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ဦးညီပု၏ ဇနီး ဒေါ်ဝင်းကြည်ကိုယ်တိုင် အကျဉ်းထောင်တွင် ထောင်ဝင်စာ လာတွေ့ခဲ့သော်လည်း တွေ့ခွင့်မရခဲ့ကြောင်း မိသားစုဝင်များကဆိုသည်။စစ်တွေအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူများအတွက် ထောင်ဝင်စာကို ပို့ခွင့်ရသော်လည်း မိသားစုနှင့်တွေ့ဆုံခွင့်မှာ ယနေ့တိုင် ကန့်သတ်ပိတ်ပင်ထားဆဲဖြစ်သည်။

ဦးညီပုကို မြန်မာစစ်တပ်မှ အာဏာသိမ်းသည့်နေ့ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး နှစ်ရက်အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့်ထားခဲ့သည်။သို့သော် အကျယ်ချုပ်ကျနေစဥ် စစ်အာဏာ ရှင်ဆန့်ကျင်ရေးကိစ္စများပါဝင်သည့် ရုပ်သံဖိုင်တစ်ခုကို ၄င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထုတ်လွှင့်ရာ မြန်မာစစ်တပ်ဖက်က ပြန်လည်ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုမှု ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ မိသားစုဝင်များနှင့် တွေ့ခွင့်မပေးခြင်းသည် အကျဉ်းကျခံနေရသူများအတွက် လူမှုရေး၊ကျန်းမာရေးအရ များစွာနစ်နာမှုများရှိကြောင့် ရခိုင်မှ ဝါရင့်တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

“ ကိုဗစ်ကိုဖြေလျော့လိုက်ပြီဆိုရင် အကျဉ်းကျနေတဲ့သူတွေကိုမိသားစုဝင်တွေနဲ့တွေ့ခွင့်ပေးသင့်တယ်။ဥပမာ ထောင်ရဲ့ လုံခြုံရေးအတွက်ဆိုရင်လည်း ထောင်ဝင်စာတွေ့ဖို့လာတဲ့သူတွေကို အသေအချာ စိစစ်ပြီးတော့၊ ထောင်မှာလာပို့တဲ့ပစ္စည်းတွေကိုလည်း အသေအချာလက်ခံစိစစ်ပြီးတော့ လုပ်သင့်တယ်။မိသားစုဝင်တွေနဲ့ လူကိုယ်တိုင်တွေ့ပြီးမှလည်း အကျဉ်းကျနေတဲ့သူတွေရဲ့ စိတ်ခံစားချက်တွေလည်း အားဖြစ်စေတာပေါ့။ ထောင်ထဲမှာနေရတဲ့သူတွေရဲ့ အခက်အခဲတွေ၊စားနပ်ရိက္ခာလိုအပ်ချက်တွေ၊ ဆေးဝါး ပစ္စည်းတွေကအစ သူတို့ လိုအပ်တာတွေကို မိသားစုဝင်တွေကိုပြောလို့ရမှာပေါ့။အခုလိုတွေ့ခွင့်မရတာက အကျဉ်းသားတွေအနေနဲ့ အများကြီးနစ်နာတာပေါ့။လူမှုရေး၊ကျန်းမာရေးအရ အများကြီးနစ်နာတယ်”ဟု သူက ဆိုသည်။

အကျဉ်းသားများနှင့် လူချင်းတွေ့ခွင့်ကို ကန့်သတ်ထားသည်မှာ ကိုဗစ်ကပ်ရောဂါအ‌ခြေအနေများကြောင့် ကိုဗစ်စည်းကမ်းများနှင့်အညီ ကန့်သတ်ပိတ်ပင်ထားခြင်းဟု စစ်တွေအကျဉ်းထောင်နှင့်နီးစပ်သူများ၏ ပြောဆိုချက်အရသိရသည်။လက်ရှိ ကိုဗစ်ရောဂါဖြစ်ပွားနှုန်းလည်း ကျဆင်းနေပြီဖြစ်သဖြင့် ထိုကန့်သတ်ချက်ကို ရုပ်သိမ်းရန် အကျဥ်းကျနေသူများ၏ မိသားစုဝင်များက လိုလားနေကြသည်။

ဗီဒီယိုများ