ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့် တရားစွဲဆိုခံထားရသည့် ဦးညီပုနှင့် ဦးမင်းအောင်တို့ကို စတင်စစ်ဆေး

ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ-၁၃၀(က)၊ ၁၀၉ တို့နှင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို ယနေ့(မတ်လ ၁၄ ရက်)တွင် စတင်စစ်ဆေးခဲ့ကြောင်း ရှေ့နေထံမှသိရသည်။

14 Mar 2022

DMG ၊ မတ် ၁၄

ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ-၁၃၀(က)၊ ၁၀၉ တို့နှင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို ယနေ့(မတ်လ ၁၄ ရက်)တွင် စတင်စစ်ဆေးခဲ့ကြောင်း ရှေ့နေထံမှသိရသည်။

၎င်းတို့နှစ်ဦးကို စစ်တွေအကျဉ်းထောင်ရှိ အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ထိုသို့စစ်ဆေးရာတွင် နှစ်ဦးလုံးမှ ၎င်းတို့တွင် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည်ဟုရှေ့နေကဆိုသည်။

“ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဦးညီပုနဲ့ ဦးမင်းအောင်ကို ၁၃၀(က)နှင့် ၁၀၉ ပုဒ်မနှစ်ခုလုံးကို စစ်ဆေးတာပါ။ စစ်ဆေးတဲ့အခါမှာတော့ အပြစ်မရှိဘူးလို့ထွက်ဆိုပါတယ်“ဟု ၎င်းရှေ့နေကပြောသည်။

လာမည့်မတ်လ ၂၂ ရက်နေ့တွင် စွပ်စွဲခံရသူများဘက်မှ ခံပြသက်သေ ၃ ဦးကို စတင်စစ်ဆေးသွားရန်ရှိကြောင်းလည်း ရှေ့နေထံမှသိရသည်။

ဦးညီပုကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)ဖြင့်လည်းကောင်း၊ ဦးမင်းအောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)အပြင် ပုဒ်မ- ၁၀၉ ဖြင့်လည်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယဥက္ကဋ္ဌ ဦးသူရိန်ထွဋ်ကတရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့သည်။

၎င်းတို့နှစ်ဦးစလုံးကို အထက်ပါပုဒ်မများဖြင့် မတ်လ ၃ ရက်နေ့က စွဲချက်တင်ထားသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၅ ဖြင့် ပြီးခဲ့သည့်ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြည်နယ်တရားရုံးမှ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့သည်။

ယင်းအထဲမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဘဏ္ဍ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ကို အလုပ်နှင့်ထောင်ဒဏ် ၉ နှစ်ချမှတ်ခဲ့သည်။

စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်ကို ထောင်ဒဏ် ၇ နှစ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်ကို ထောင်ဒဏ် ၃ နှစ်စီ အသီးသီးချမှတ်ခဲ့သည်။

ဝန်ကြီးချုပ်ဟောင်းဦးညီပုမှာ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)ဖြင့်လည်း ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသေးသည်။

ဗီဒီယိုများ