ကယားတွင် အောက်တိုဘာလအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံ ၅ ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရ

ကယား (ကရင်နီ) ပြည်နယ်တွင် အောက်တိုဘာလအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ကြောင့် ဒေသခံ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ (၅) ဦး အထိရှိ ခဲ့ကြောင်း စစ်ဘေး ရှောင်ကူညီရေး လုပ် ဆောင်သူ များထံက သိရသည်။

By Admin 01 Nov 2022

ကယားတွင် အောက်တိုဘာလအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံ ၅ ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရ

ဓာတ်ပုံ - ရွှေလွိုင်ကော် လူမှုကူညီရေးအသင်း

DMG ၊ နိုဝင်ဘာ ၁

ကယား (ကရင်နီ) ပြည်နယ်တွင် အောက်တိုဘာလအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ကြောင့် ဒေသခံ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ (၅) ဦး အထိရှိ ခဲ့ကြောင်း စစ်ဘေး ရှောင်ကူညီရေး လုပ် ဆောင်သူ များထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်မှ အောက်တိုဘာလ ၂၆ ရက်နေ့အထိ ကယား (ကရင်နီ) ဒေသ၌ ဖြစ်ပွား နေသော တိုက်ပွဲများ၌ မြန်မာစစ်တပ်မှ လက်နက်ကြီး ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်မှုရှိခဲ့ပြီး စစ်ဘေးရှောင်စခန်းများသို့ အများဆုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကရင်နီ စစ်ဘေးရှောင်ကူညီရေး လုပ်ေ ဆာင်သူ တစ်ဦး ကပြောသည်။

“ အောက်တိုဘာ တစ်လအတွင်း တိုက်ပွဲဖြစ်ပွားနေဆဲအချိန် စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ အကြိမ် နှစ်ရာ ကျော်လောက်ရှိတယ်။ စစ်ရှောင် စခန်းတွေကို အများဆုံး ပစ်ခတ်ခံရတာ များတယ် ” ဟု ၎င်းက ပြောသည်။

ယင်းသို့ လက်နက်ကြီး ပစ်ခတ်ခဲ့မှုများ အတွင်း အသက်(၄) နှစ် အရွယ်ကလေးငယ်တစ်ဦး အပါအဝင် အသက် (၅၀) ကျော် အမျိုးသား (၂) ဦး၊ အသက် (၄၅) နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် (၃၀) ကျော်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ပြီး ဒေသခံ ၂၀ ဦးမှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရွှေလွိုင်ကော် လူမှုကူညီရေးအသင်းအဖွဲ့ထံက သိရသည်။

“ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ အထဲမှာ အများဆုံးက ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို အပိုင်းတွေက ထိခိုက်သေဆုံးတာ များတယ်။ သေဆုံးသူထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က လွိုင်ကော်က အသက်လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဆိုရင် ကလေးကစားကွင်းထဲမှာ ရှိနေတုန်းက လက်နက်ကြီးကျည်မှန်ပြီး အသက်ဆုံးရှုံးခဲ့ရတယ် ” ဟု  ရွှေလွိုင်ကော်လူမှု ကူညီရေး အသင်းအဖွဲ့တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဆက်လက်ပြီး ၎င်းက  “ နောက် ဒီးမော့ဆိုက စစ်ရှောင်စခန်းထဲကို လက်နက်ကြီးကျည်ကျလို့ မိဘတွေသေဆုံးသွားတဲ့အတွက် လေးလအရွယ်နဲ့ ရှစ်နှစ်အရွယ်ကလေး နှစ်ဦး မိဘမဲ့ ဖြစ်သွားတဲ့ဖြစ်စဉ်တွေ ရှိခဲ့တယ်။ ကျန်တာ ဒီးမော့ဆိုက အမျိုးသားတစ်ဦးနဲ့ မိုးဗြဲက အမျိုးသား တစ်ဦး စုစုပေါင်း ငါးဦး ရှိတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အယောက် နှစ်ဆယ်ရှိပြီးတော့ လူငယ်နဲ့ အသက်ကြီးပိုင်းတွေများတယ် ” ဟု ဆိုသည်။

ယင်းသို့ စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဒေသခံများ နေထိုင်ရာ စစ်ရှောင်စခန်းများနှင့် ကျေးရွာများသို့ ပစ်ခတ်မှုအများဆုံး ဖြစ်နေကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ပူးပေါင်း အဖွဲ့ကပြောဆို သည်။

“ စစ်တပ်ရဲ့လေကြောင်းတွေနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေမှာ တိုက်ပွဲ မဖြစ်ဘဲနဲ့ပစ်ခတ်တာ အများဆုံးပဲ။ ပြီးတော့ စစ်ရှောင်တွေရှိမယ့် နေရာတွေနဲ့ ကျေးရွာတွေဘက်ကိုပဲ ပစ်ခတ်တာများတယ် ” ဟု  KNDF ပူးပေါင်း အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယင်းသို့ စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဒေသခံများနေထိုင်ရာ စစ်ရှောင်စခန်းများနှင့် ကျေးရွာများသို့ ပစ်ခတ်သည်ဟူသော ဒေသခံများစွပ်စွဲပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ထို့အပြင် ထိုသို့ စစ်တပ်က လက်နက်ကြီးဖြင့် စစ်ရှောင်စခန်းများသို့ ပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးခဲ့ရသည့်အတွက် လုံခြုံရေးအရ ပြောင်းရွှေ့ခဲ့ရသည့် စစ်ရှောင်စခန်းများစွာလည်း ရှိနေကြောင်း ကရင်နီ စစ်ဘေးရှောင်ကူ ညီရေး လုပ်ဆောင်သူ အဖွဲ့များထံက သိရသည်။

ဗီဒီယိုများ