အရှေ့မြောက်ဒေသပဋိပက္ခကြောင့် တရုတ်နဲ့မြန်မာအပေါ် အိန္ဒိယရဲ့စိုးရိမ်မှု

နယူးဒေလီနှင့် မတည်ငြိမ်သည့်ဆက်ဆံရေး ကာလရှည်ကြာရှိခဲ့သည့် အိန္ဒိယနိုင်ငံ၏ ဝေးလံခေါင်သီသော အရှေ့မြောက်ဒေသသို့ ပြဿနာများ တဖန်ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ အဆိုပါနယ်မြေများတွင် ပြည်နယ် ရ ပြည်နယ်ရှိပြီး ၄ ပြည်နယ်က မြန်မာနှင့် နယ်နိမိတ်ချင်းထိစပ်နေသလို ၁ ပြည်နယ်က တရုတ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

By ကြည်ဖြူစံ 14 Feb 2022

ဓာတ်ပုံ - Al Jazeera

DMG ၊ ဖေဖော်ဝါရီ ၁၄

နယူးဒေလီနှင့် မတည်ငြိမ်သည့်ဆက်ဆံရေး ကာလရှည်ကြာရှိခဲ့သည့် အိန္ဒိယနိုင်ငံ၏ ဝေးလံခေါင်သီသော အရှေ့မြောက်ဒေသသို့ ပြဿနာများ တဖန်ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ အဆိုပါနယ်မြေများတွင် ပြည်နယ် ရ ပြည်နယ်ရှိပြီး ၄ ပြည်နယ်က မြန်မာနှင့် နယ်နိမိတ်ချင်းထိစပ်နေသလို ၁ ပြည်နယ်က တရုတ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

သယံဇာတပေါကြွယ်ဝသော ယင်းဒေသတစ်ခွင်တွင် လူမျိုးစုနှင့်မျိုးနွယ်စုပေါင်း ၂၀၀ ကျော်နေထိုင်လျက် ရှိပြီး ခွဲထွက်ရေးနှင့်ပုန်ကန်မှုများ လုပ်ဆောင်နေကြသည့် အုပ်စုများလည်း အများအပြားရှိသည်။

လွတ်လပ်ရေးရပြီးကတည်းက အိန္ဒိယအစိုးရသည် ယင်းဒေသများဖွံ့ဖြိုးတိုးတက်ဖို့ အနည်းငယ်မျှသာ လုပ်ဆောင်ခဲ့သည်ဟု ခွဲထွက်ရေးအုပ်စုများက ပြောလေ့ရှိသည်။ သို့သော်လည်း အိန္ဒိယအစိုးရက အာသံတွင်ရှိသော ရှားပါးဆေးဖက်ဝင် အပင်များမှသည် ဆစ်ကင်းရှိကြေးနီနှင့် နာဂလန်းရှိ ရွှေအထိ ၎င်းတို့ဒေသ၏ ပိုင်ဆိုင်မှုများကို အသုံးချလျက်ရှိနေသည်။

မကြာသေးမီလများအတွင်း အရှေ့မြောက်ဒေသသည် ဝန်ကြီးချုပ်နာရင်ဒရာမိုဒီ၏ အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် ဆန္ဒပြမှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ပြန်လည်လှုပ်ခတ်လာခဲ့သည်။ အိမ်နီးချင်း မြန်မာနိုင်ငံတွင်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ခံအစိုးရတစ်ရပ်ကို ဖြုတ်ချပြီး စစ်တပ်ကအာဏာသိမ်းယူခဲ့သဖြင့် အခြေအနေများက ပိုမိုရှုပ်ထွေးသွားခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်း၌ မြန်မာနှင့်တရုတ်ဆက်ဆံရေးက တိုးတက်ကြီးထွားလာနေသည်။ တရုတ်၏ အာရှ-ပစိဖိတ် ဒေသတွင်း အင်အားအခိုင်အမာရပ်တည်လာမှုနှင့် အိန္ဒိယနှင့် နယ်စပ်အရေး တင်းမာမှုများက နယူးဒေလီကို တုန်လှုပ်သွားစေသည်။

အိန္ဒိယအရှေ့မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်နေတာလဲ

သမိုင်းကြောင်းအရ တင်းမာမှုများနှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများကြောင့် အိန္ဒိယအရှေ့မြောက်ဒေသသည် ငြိမ်းချမ်းရေးပြိုပျက်သွားခဲ့ရပြီး ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှစပြီး သီးခြားဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သော ဩဂုတ်လတွင် နှစ်ဘက်လူအုပ်ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် ရဲအရာရှိ ၆ ဦးထက်မနည်း သေဆုံးခဲ့သလို လူပေါင်း ၅၀ ကျော် ဒဏ်ရာရခဲ့ပြီးနောက် အာသံပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်အကြား ဆယ်စုနှစ်များစွာကြာ ရှိခဲ့သည့် နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားမှုများ တစ်ကျော့ပြန်ပေါ်ပေါက်လာခဲ့သည်။

နိုဝင်ဘာလတွင်လည်း မဏိပူရပြည်နယ်မှ ခွဲထွက်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နှင့် ချိတ်ဆက်ထားသော စစ်သွေးကြွများက အစိုးရတပ်ဖွဲ့ဝင်များ ပါဝင်သည့်ယာဉ်တန်းကို တိုက်ခိုက်ခဲ့မှုကြောင့် အိန္ဒိယအရံတပ်ဖွဲ့ဖြစ်သည့် အာသံရိုင်ဖယ်တပ်မှ တပ်မှူးဇနီးနှင့်သား အပါအဝင် ရ ဦးသေဆုံးခဲ့ရသည်။

ဒီဇင်ဘာလတွင် နာဂလန်းပြည်နယ်၌ ပစ်ကပ်ထရပ်ကားတစ်စီးကို လက်နက်ကိုင်များ လိုက်ပါလာသောကားဟု စစ်တပ်ကမှားယွင်းယူဆပြီး ပစ်ခတ်ခဲ့မှုကြောင့် အရပ်သား ၈ ဦးသေဆုံးခဲ့ရသည်။ အဆိုပါပစ်ခတ်ခဲ့မှုကြောင့် ပြင်းထန်သောဆန္ဒပြပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦးအပါအဝင် အရပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

နာဂဒေသ သတ်ဖြတ်မှုအပေါ် ဒေါသများ ဆက်လက်ထွက်နေဆဲ ဖြစ်သည့်အတွက် ဒီဇင်ဘာလဖြစ်စဉ်တွင် ပါဝင်ခဲ့သော စစ်သားတိုင်းကို အိန္ဒိယ လက်နက်ကိုင်တပ်ဖွဲ့များက တရားစွဲဆိုဖို့ အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသလို အခင်းဖြစ်ပွားရာနေရာ Mon ခရိုင်အတွင်းက တပ်စခန်းများကိုလည်း အရပ်သားနေထိုင်ရာ ဧရိယာများကနေ ရွှေ့ပြောင်းဖို့ တောင်းဆိုထားကြသည်။

ဇန်နဝါရီ ၁၅ ရက်နေ့တွင် နာဂလန်း၏ အကြီးမားဆုံးမျိုးနွယ်စုဖြစ်သော Konyak အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်အများအပြားက သွေးထွက်သံယိုမှုအပေါ် ပြန်လည်တုံ့ပြန်ရန် ထိပ်သီးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။
"သေဆုံးသွားသူတွေနဲ့ ပတ်သက်ပြီး တရားမျှတမှုရအောင် ပြန်လုပ်ပေးဖို့ အစိုးရကို ၁၀ ရက် အချိန်ပေးထားပါတယ်။ အဲဒါကိုမှမလုပ်ပေးရင် လှုပ်ရှားမှုကို အရှိန်မြှင့်မယ်" ဟု Konyak ကျောင်းသားများသမဂ္ဂ (KSU) အထွေထွေအတွင်းရေးမှူး Phoe Konyak ကပြောသည်။

နောက်ထပ်အသေးစိတ် အချက်အလက်များနှင့် ပတ်သက်ပြီး ရှင်းလင်းပေးဖို့ KSU အတွင်းရေးမှူးက ငြင်းဆိုသော်လည်း KSU အပါအဝင် အရပ်ဘက်အဖွဲ့အစည်းအသီးသီး၏ ထုတ်ပြန်ချက်တွင် အကယ်၍ ဇန်နဝါရီ ၂၅ ရက်နေ့အထိ အရေးယူဆောင်ရွက်မှုများ မပြုလုပ်ခဲ့ပါက စစ်တပ်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်း ပြုမှာမဟုတ်သလို အစိုးရကကျင်းပသော ပွဲများမှလည်း ရှောင်ကြဉ်မည်ဟု သတိပေးထားသည်။

ထိပ်သီးဆွေးနွေးပွဲတွင် ပါဝင်သူများက အရပ်သားများ သတ်ဖြတ်ခံခဲ့ရသော နေရာတွင် လူမျိုးတုန်းသတ်ဖြတ်မှုပန်းခြံ အောက်မေ့ဖွယ် အမှတ်တရနေရာတစ်ခု တည်ဆောက်သွားမည်ဟု ကြေညာထားသည်။ တစ်ချိန်တည်းမှာပင် မိုဒီအစိုးရနှင့် နာဂလန်းခွဲထွက်ရေးဝါဒီ အမျိုးသားဆိုရှယ်လစ်ကောင်စီတို့အကြား ချုပ်ဆိုထားသော ၂၀၁၅ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြည့်အဝ အကောင်အထည် မဖော်ရသေးသည့်အတွက် မုန်တိုင်းဒဏ်ခံရမည့်အပေါ် စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။

တပ်မတော်၏ အထူးအာဏာများအက်ဥပဒေဆိုတာ ဘာလဲ

အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah က နာဂလန်းတွင် ဖြစ်ပွားခဲ့သော မှားယွင်းသော အထောက်အထားများဖြင့် သတ်ဖြတ်မှုအပေါ် နောင်တရမိကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်း ၎င်းဖြစ်ရပ်က ပြည်နယ်အတွင်း မငြိမ်မသက်မှုဖြစ်ပေါ်စေခဲ့ပြီး အရှေ့မြောက်ဒေသတစ်ဝန်း အကျိုးသက်ရောက်မှုများ ခံစားခဲ့ရသည်။

ဒေသတွင်းမှာလည်း အစိုးရဆန့်ကျင်ဆန္ဒပြပွဲများ ပျံ့နှံ့လာခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ အထူးအာဏာများအက်ဥပဒေကို ရုတ်သိမ်းပေးဖို့ နယူးဒေလီကို ဒေသခံများက တောင်းဆိုလာကြသည်။ ယင်းအက်ဥပဒေတွင် သံသယရှိသူများကို ပစ်ခတ်သတ်ဖြတ်နိုင်မှု အပါအဝင် ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးပိုင်ခွင့် နှင့် မည်သည့်ဒေသတွင်မဆို အစိုးရကို အနှောင့်အယှက်ပြုသူများအဖြစ် ကြေညာပိုင်ခွင့် စသည်များပါဝင်သည်။ အဆိုပါဥပဒေသည် အိန္ဒိယစစ်တပ်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ပိုင်ခွင့်ပေးထားသော အငြင်းပွားဖွယ် ကိုလိုနီခေတ်ဥပဒေ ဖြစ်သည်။ ယင်းဥပဒက တာဝန်ရှိသူများကို တရားစွဲဆိုမှု မှန်သမျှကိုလည်း ကာကွယ်ပေးထားသည်။

ယင်းတောင်းဆိုမှုများက အာဏာရပါတီနှင့် ဆက်စပ်နေသော ဒေသအစိုးရဆိုင်ရာ ပုဂ္ဂိုလ်များအပေါ်ကိုပင် ပဲ့တင်ထပ်နေပြီး မိုဒီ၏ Bharatiya Janata ပါတီနှင့် မဟာမိတ်ဖြစ်သော Meghalaya ၏ ဝန်ကြီးချုပ် Conrad Sangma လည်းပါဝင်သည်။
သို့သော်လည်း လက်နက်ကိုင်တပ်ဖွဲ့ အထူးအာဏာများအက်ဥပဒေကို ရုတ်သိမ်းလိုက်ခြင်းဖြင့် သောင်းကျန်းသူနှိမ်နင်းရေးနှင့် စစ်ဆင်ရေးများတွင် ပါဝင်နေရသည့် စစ်တပ်နှင့် အရံတပ်ဖွဲ့များကို ထိခိုက်စေမည်ဖြစ်ကြောင်း အိန္ဒိယစစ်တပ်အတွင်းမှ အများအပြားက ပြောဆိုကြသည်။

ယခုပင်လျှင် အာသံရိုင်ဖယ်တပ်များသည် Mon ခရိုင်အတွင်း ၎င်းတို့၏ စစ်ဆင်ရေးများ ယာယီရပ်ဆိုင်းထားရသည်။ အဆိုပါခရိုင်သည် မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက် ထိလွယ်ရှလွယ် ခရိုင်တစ်ခုလည်း ဖြစ်နေသည်။
ဤမပြေလည်မှုများ ကြားကပင် မိုဒီအစိုးရသည် အိမ်နီးချင်းမြန်မာနိုင်ငံမှ ဝင်ရောက်လာသော ဒုက္ခသည်များအရေးနှင့် ပတ်သက်သောမေးခွန်းများကို ကိုင်တွယ်ဖြေရှင်းနေရပြန်သည်။

ဒါတွေအားလုံး မြန်မာနဲ့ဘယ်လို ဆက်စပ်နေသလဲ

မြန်မာနှင့်အိန္ဒိယသည် ၁၆၄၃ ကီလိုမီတာရှည်လျားသော နယ်စပ်မျဉ်းတလျှောက် ထိစပ်နေပြီး ယင်းတွင် မဏိပူရ၊ နာဂလန်း၊ မီဇိုရမ်နှင့် Arunachal Pradesh ပြည်နယ်တို့ တည်ရှိနေကြသည်။ ထိုဒေသရှိလူများသည် နယ်စပ်ဖြတ်ကျော်ပြီး နီးကပ်သောဆက်ဆံရေးများ ရှိနေကြသည်။ ထို့ကြောင့် ပြည်တွင်းပြည်ပ အိန္ဒိယပြည်သူလူထုများက အာဏာသိမ်းမှုကြောင့် ထွက်ပြေးလာကြရသော မြန်မာပြည်သူများကို စာနာ နားလည်နိုင်ကြသည်။
မြန်မာစစ်တပ်ကို ဆန့်ကျင်သူများနှင့် တစ်သားတည်းရှိနေသည်ဟု အမြင်မခံလိုသည့် အတွက် အိန္ဒိယအစိုးရသည် ဆိုးရွားသော အခြေအနေများကြောင့် ထွက်ပြေးလာကြသူများ ကလွဲပြီး ကျန်လူများကို ဒုက္ခသည်များအဖြစ် လက်ခံခြင်းမပြုကြရန် အဆိုပါပြည်နယ်များကို သတိပေးထားသည်။ သို့သော် အဆိုပါအမိန့်ကို ဒေသခံများက ပြင်းပြင်းထန်ထန် ကန့်ကွက်လျက်ရှိပြီး နယ်စပ်ဒေသက လူမှုအသိုင်းအဝိုင်းများ အတွက် စိတ်လှုပ်ရှားစရာ ပြဿနာတစ်ရပ် ဖြစ်လာခဲ့သည်။
ထို့ပြင် အာဏာသိမ်းမှုကြောင့် မြန်မာစစ်တပ်အနေဖြင့် အရှေ့မြောက် စစ်သွေးကြွအုပ်စုများအပေါ် အရေးယူရန် အာရုံလွဲသွားခြင်းမျိုး ဖြစ်သွားမည်ကို နယူးဒေလီက စိုးရိမ်စရာအကြောင်း ရှိကောင်းရှိနေမည်။ ယင်းစစ်သွေးကြွအုပ်စုများသည် နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံအတွင်း ခိုလှုံနေထိုင်ကြသူများ ဖြစ်သည်။

"မြန်မာစစ်တပ်က သူ့နိုင်ငံမှာ ခိုလှုံနေကြတဲ့ အရှေ့မြောက်စစ်သွေးကြွတချို့အပေါ် ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ ခံစားရပါတယ်။ နယူးဒေလီဘက်ကလိုလားတဲ့ ပုံစံမျိုးနဲ့ သူတို့ကို မနှိမ်နင်းနိုင်ပါဘူး" ဟု ဒေသတွင်း သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးများစွာကို ကြီးကြပ်ခဲ့ဖူးသူ အိန္ဒိယစစ်တပ်မှ အငြိမ်းစားဗိုလ်မှူးချုပ် Deepak Sinha ကပြောသည်။

ဇန်နဝါရီလအစောပိုင်းအတွင်း အိန္ဒိယစစ်တပ်မှ ကွန်မန်ဒိုအချို့ မြန်မာနိုင်ငံတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မဏိပူရ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ၂ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများမှာ ဖော်ပြကြသည်။ သို့သော် နောက်ပိုင်းမှာတော့ အဆိုပါအစီရင်ခံစာများကို အခြေအမြစ်မရှိဟုဆိုကာ အိန္ဒိယစစ်တပ်မှ ပယ်ချခဲ့သည်။

အရှေ့မြောက် အိန္ဒိယမဟာဗျူဟာစီမံကိန်းမှာ တရုတ်က ဘယ်လိုပတ်သက်နေသလဲ

အရှေ့မြောက်ဘက်တွင် လှုပ်ရှားကြသူများနှင့် သောင်းကျန်းသူများကို ဘေဂျင်းက လျှို့ဝှက်ထောက်ပံ့ပေးနေသည်ဟူသော သံသယများသည် ပတ်သက်ပြီး အိန္ဒိယအစိုးရတွင် ကာလရှည်ကြာ ရှိခဲ့ပြီဟု ဖုံးကွယ်ထားခဲ့ကြောင်း Sinha ကဆိုသည်။
"အရင်တုန်းကတည်းကပဲ ဒီသူပုန်ခေါင်းဆောင် တော်တော်များများကို တရုတ်ပြည်မှာ လက်ခံပြီး လေ့ကျင့်ပေးခဲ့တယ်" ဟု သူကပြောသည်။

အိန္ဒိယမီဒီယာများ၏ ဖော်ပြချက်အရ United Liberation Front of Asom ၏ခေါင်းဆောင် Paresh Baruah သည် လက်ရှိတွင် တရုတ်နိုင်ငံမှာ နေထိုင်လျက်ရှိသည်။ အဆိုပါအဖွဲ့သည် အာသံပြည်နယ်ကို လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်နိုင်ရန်အတွက် အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသောအဖွဲ ဖြစ်ပြီး အိန္ဒိယတွင် တရားမဝင်အဖွဲ့အစည်းအဖြစ် ပိတ်ပင်ခံထားရသည်။

အိန္ဒိယ၏ အဆက်မပြတ်စိုးရိမ်ပူပန်မှုများအနက် တစ်ခုမှာ အရှေ့မြောက်ဒေသ မငြိမ်မသက်ဖြစ်မှုကို ဘေဂျင်းက အသုံးချသွားမှာကို ဖြစ်သည်။ တရုတ်အစိုးရ ကျောထောက်နောက်ခံပြု ဂလိုဘယ်တိုင်းစ် သတင်းစာကလည်း အကယ်၍သာ နယူးဒေလီအနေဖြင့် ထိုင်ဝမ်နှင့်ဆက်ဆံရေး တိုးမြှင့်နေပါက တရုတ်အနေဖြင့်လည်း အရှေ့မြောက်ဘက်ရှိ ခွဲထွက်ရေးတပ်များကို ထောက်ပံ့ပေးသင့်ကြောင်း တရုတ်ပညာရှင်တစ်ဦး ရေးသားသောဆောင်းပါးကို ဖော်ပြခဲ့သည်။ အဆိုပါသတင်းစာတွင်ပင် နယ်စပ်ပြည်နယ် ဆစ်ကင်းကို အိန္ဒိယ၏ အစိတ်အပိုင်းတစ်ခုအဖြစ် အသိအမှတ် ပြုပေးထားခြင်းအား တရုတ်ဘက်က ရပ်ဆိုင်းနိုင်စွမ်းရှိကြောင်း ဖော်ပြခဲ့သည်။

ယခုပင်လျှင် တရုတ်က အိန္ဒိယအုပ်ချုပ်သည့် Arunachal Pradesh ပြည်နယ်အား အိန္ဒိယမှ တရားမဝင်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း မှတ်ယူထားသည်။ နှစ်နိုင်ငံစလုံးသည် ၎င်းတို့၏နယ်စပ် ကီလိုမီတာ ၃၅၀၀ နီးပါးရှိ နယ်မြေများနှင့်ပတ်သက်ပြီး ဆယ်စုနှစ်များစွာကြာအောင် ပဋိပက္ခဖြစ်ပွားလျက်ရှိနေသည်။

ပြီးခဲ့သောလကပင် တရုတ်အရပ်ဘက်ရေးရာ ဝန်ကြီးဌာနက Arunachal Pradesh ရှိ နေရာ ၁၅ နေရာကို တရုတ်အမည်များပေးကြောင်း ကြေညာခဲ့သေးသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Zhao Lijian ၏ တီထွင်အမည်ပေးခြင်းသည် အချုပ်အခြာအာဏာပိုင် ပြဿနာကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း အိန္ဒိယက ပြောကြားခဲ့သည်။ Zhao Lijian က တောင်ပိုင်းတိဗက်သည် သမိုင်းကြောင်းအရ တရုတ်ပိုင်နက်ဖြစ်ပြီး ယင်းကို တရုတ်အမည်ပြောင်းခြင်းက တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင် ဘောင်အတွင်းမှ လုပ်ရပ်သာဖြစ်ကြောင်း ဖြစ်ကြောင်းပြောခဲ့သည်။

စစ်တပ်ကဖြုတ်ချပြီး အကျဉ်းချထားခြင်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် နွေးထွေးသောဆက်ဆံရေး ရှိခဲ့သော အိန္ဒိယသည် မြန်မာစစ်တပ်ကို မနှစ်သက်သော်လည်း အခြားတစ်ဘက်တွင် စစ်အုပ်စု မနှစ်သက်မည့် လုပ်ရပ်များ လုပ်ဆောင်မိမည်ကိုလည်း စိုးရိမ်နေပြန်သည်။

နယူးဒေလီသည် မြန်မာစစ်တပ်နှင့် ဘေဂျင်းအကြား ဆက်ဆံရေး တိုးတက်မှုကိုလည်း အနီးကပ်စောင့်ကြည့်နေသည်။ တရုတ်အထူးသံတမန် ဆွန်းကော့ရှန်သည် အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံသို့ အကြိမ်များစွာ လာရောက်ခဲ့သည်။ မကြာသေးမီကလည်း တရုတ်က မြန်မာကို Ming-Class ရေငုပ်သင်္ဘောတစ်စင်းပေးပြီး ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ မြန်မာစစ်တပ်ကလည်း တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို အထူးနှစ်သက်ကြောင်း ပြီးခဲ့သောလကပဲ ဖော်ပြခဲ့ပြီး ဘေဂျင်းနှင့် ပူးတွဲအခြေခံအဆောက်အဦ စီမံကိန်းများသည် နိုင်ငံအတွက် အဓိကဦးစားပေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရလဒ်အနေဖြင့် အာဏာသိမ်းပြီး ၁၀ လအကြာတွင် နယူးဒေလီက နိုင်ငံခြားရေးဝန်ကြီး Harsh Shringla ကို နေပြည်တော်သို့ ၂ ရက်ကြာသွားရောက်လည်ပတ်စေခဲ့ပြီး ပထမဆုံးအကြိမ် ဆက်ဆံရေးလမ်းဖွင့်ခဲ့သည်။ Harsh Shringla က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းရာ ပယ်ချခံရသည်ကို ကြည့်ခြင်းအားဖြင့် နှစ်ဘက်ကြားကွဲလွဲမှုများ သိသာထင်ရှားနေသည်။ သို့သော် နှစ်ဘက်စလုံးက ကုန်သွယ်ရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် စားနပ်ရိက္ခာအကူအညီများ အပြင် လက်ရှိချိတ်ဆက် လုပ်ဆောင်နေသော ပရောဂျက်များ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြသည်။

ကြည်ဖြူစံ
South China Morning Post တွင် Kunal Purohit ရေးသားသော Why India is worried about China and Myanmar as conflict flares up in its northeast region ကို ဆီလျော်အောင်ရေးသားသည်။

ဗီဒီယိုများ