အီရန်တော်လှန်ရေးအစောင့်တပ် မြန်မာနိုင်ငံမှာ ဘာတွေလုပ်နေသလဲ

မြန်မာနိုင်ငံသို့ အီရန်လေယာဉ်များဆင်းသက်မှု ရှိခဲ့ပြီးနောက် အီရန်နှင့်မြန်မာအကြား စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည် ဆိုသော ထင်ကြေးများ ထွက်ပေါ်လာခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသော မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချခွင့်များ ပိတ်ပင်ရန် နိုင်ငံတကာတောင်းဆိုမှု မြှင့်တက်နေချိန်မှာပင် အီရန်က လက်နက်များရောင်းချနေခြင်း ဖြစ်နိုင်ချေကိုလည်း တွက်ချက်လာကြသည်။

By ကြည်ဖြူစံ 25 Jan 2022

အီရန်တော်လှန်ရေးအစောင့်တပ်။ (ဓာတ်ပုံ - Getty Images)

မြန်မာနိုင်ငံသို့ အီရန်လေယာဉ်များဆင်းသက်မှု ရှိခဲ့ပြီးနောက် အီရန်နှင့်မြန်မာအကြား စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည် ဆိုသော ထင်ကြေးများ ထွက်ပေါ်လာခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသော မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချခွင့်များ ပိတ်ပင်ရန် နိုင်ငံတကာတောင်းဆိုမှု မြှင့်တက်နေချိန်မှာပင် အီရန်က လက်နက်များရောင်းချနေခြင်း ဖြစ်နိုင်ချေကိုလည်း တွက်ချက်လာကြသည်။

ဇန်နဝါရီ ၁၃ ရက်တွင် မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခဲ့သော အီရန်ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယ သို့မဟုတ် တတိယအကြိမ် လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသည့် အရှေ့တောင်အာရှအခြေစိုက် သံတမန်သတင်းရင်းမြစ်များက ဆိုသည်။

အီရန်သည် ပြည်သူကိုဖိနှိပ်ချုပ်ချယ်သော စစ်အစိုးရများစွာကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး ဆီးရီးယားနှင့် ယီမင်ပြည်တွင်းစစ်များမှာလည်း တဟီရန်နှင့်မဟာမိတ်ဖွဲ့ထားသော သူပုန်များလည်း ပါဝင်သည်။ သို့သော် မြန်မာစစ်တပ်အနေဖြင့် လက်နက်အတွက် အိန္ဒိယအပါအဝင် ရုရှား နှင့် တရုတ်လက်နက်အများစုကို အားကိုးသဖြင့် အီရန်နှင့် စစ်ရေးအရဆက်ဆံမှုရှိ မရှိကိုတော့ မသိရသေးပေ။

သို့သော် ၂၀၁၇ မွတ်ဆလင်အရေးအခင်း မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့ပြီးနောက် အီရန်ပါလီမန် ဒုတိယအကြီးအကဲဖြစ်သူက မူဆလင်နိုင်ငံများက ပူးပေါင်းစစ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းရန်နှင့် မြန်မာစစ်တပ်က မွတ်ဆလင်များအပေါ်အကြမ်းဖက်မှု ရပ်တန့်ရန် တောင်းဆိုခဲ့ဖူးသည်။

Flightradar24 ၏ အချက်အလက်များအရ ပြီးခဲ့သော ကြာသပတေးနေ့က အီရန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် Mashhad မြို့မှ အီရန်ကုန်တင်လေယာဉ် Qeshm Fars Air သည် မြန်မာနိုင်ငံသို့ ပျံသန်းခဲ့ပြီး နောက်တစ်ရက်တွင် အီရန်နိုင်ငံသို့ ပြန်ရောက်ရှိခဲ့ကြောင်း ပျံသန်းမှုခြေရာခံ အချက်အလက်များက ဖော်ပြနေသည်။

"ဒါက အီရန်လေယာဉ်တွေ မြန်မာနိုင်ငံကိုပျံသန်းနေတာနဲ့ပတ်သက်ပြီး ဒုတိယအကြိမ် သတိပြုမိတာပါ။ စစ်ရေးနည်းပညာတွေနဲ့ ဆက်စပ်နေမယ်လို့ ထင်ပါတယ်" ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က Asia Times သို့ပြောသည်။

"စစ်အာဏာရှင်စနစ် ကျင့်သုံးဖို့ကြိုးစားနေတဲ့ မြန်မာစစ်တပ်နဲ့ အီရန်လိုနိုင်ငံမျိုးရဲ့ ဆက်ဆံရေးက စိုးရိမ်စရာအခြေအနေတစ်ခုလို့ ပြောနိုင်သလို အာဏာရှင်စနစ် ဆန့်ကျင်နေတဲ့ မြန်မာပြည်သူတွေအတွက်သာမက နိုင်ငံတကာလုံခြုံရေး ရှုထောင့်ကနေလည်း စိုးရိမ်စရာအခြေအနေပါပဲ" ဟုလည်း သူမကပြောသည်။

အီရန်တော်လှန်ရေးအစောင့်တပ် Qods Force (IRGC-QF) ကိုယ်စား ဆီးရီးယားပြည်တွင်းစစ်အတွင်း တီဟီရန်ကျောထောက်နောက်ခံပြု အဖွဲ့များထံ လက်နက်များပို့ဆောင်မှုဖြင့် အမေရိကန်က Qeshm Fars Air ကို ၂၀၁၉ ခုနှစ်တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ အီရန်တော်လှန်ရေးအစောင့်တပ် Qods Force (IRGC-QF) သည် သမားရိုးကျမဟုတ်သော စစ်ပွဲများတွင် အသုံးပြုသည့် စစ်ဘက်ဆိုင်ရာ အထူးတပ်ဖွဲ့ဖြစ်သည်။

အမေရိကန်ဘဏ္ဍာရေးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုရုံးမှ ပိတ်ဆို့အရေးယူမှု ကြေညာချက်တွင် Qeshm Fars Air ပိုင်လေယာဉ်နှစ်စင်းကို အလေးပေး ဖော်ပြထားပြီး EP-FAA မှတ်ပုံတင်ထားသော နှစ်စင်းအနက် တစ်စင်းက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ ပျံသန်းခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၀၆ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း စီးပွားဖြစ်လေကြောင်းလိုင်းအဖြစ် လည်ပတ်ခဲ့သော Qeshm Fars Air သည် ၂၀၁၇ ခုနှစ်တွင် ပြန်လည်စတင်ခဲ့ပြီး B747 လေယာဉ်နှစ်စင်းသည် ဒမတ်စကတ်သို့ ပုံမှန်ကုန်စည်ပို့ဆောင်ခြင်းဖြင့် ကုန်တင်လေကြောင်းလိုင်း ဖြစ်လာခဲ့သည်။ ထို့ပြင် အီရန်တော်လှန်ရေးအစောင့်တပ် Qods Force (IRGC-QF) ကိုယ်စား လက်နက်တင်ပို့မှုလည်း ပါဝင်သည်။ လေကြောင်းလိုင်းကို ပံ့ပိုးကူညီသူများသည်လည်း ပိတ်ဆို့အရေးယူမှုအမိန့်အရ ဒဏ်ခတ်အရေးယူခံရနိုင်ခြေ ရှိကြောင်း အမေရိကန်ဘက်က သတိပေးထားသည်။

၂၀၂၀ ဇန်နဝါရီလအစောပိုင်း အာဏာသိမ်းမှု မတိုင်မီကလည်း အီရန်လေယာဉ်သည် နေပြည်တော်လေဆိပ်တွင် ခေတ္တရပ်နားခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုဖြစ်သော ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါလေယာဉ်က စစ်ဘက်ဆိုင်ရာကုန်စည်များ ပို့ဆောင်ခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

အာဏာသိမ်းပြီးချိန်နောက်ပိုင်း အီရန်ကိုယ်စားလှယ်အဖွဲ့များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းနှင့် ပတ်သက်ပြီး အီရန်မီဒီယာများတွင် ဖော်ပြထားခြင်းရှိ မရှိကို Asia Times အနေဖြင့် အတည်မပြုနိုင်သလို ပြီးခဲ့သောသီတင်းပတ်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော အီရန်ကိုယ်စားလှယ်များ၏ ရည်ရွယ်ချက်ကိုလည်း အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။

သို့သော်လည်း ပြီးခဲ့သောသီတင်းပတ်တွင် လာရောက်လည်ပတ်သည့် အီရန်ကိုယ်စားလှယ်အဖွဲ့ အမည်စာရင်းနှင့် လွန်ခဲ့သောလက လာရောက်လည်ပတ်သူများ အမည်စာရင်းကို Asia Times က တွေ့ရှိခဲ့သည်။

အမည်မဖော်လိုသူ အီရန်လေ့လာသုံးသပ်သူတစ်ဦးကလည်း အချို့သောအမည်များသည် အစ္စလာမစ်တော်လှန်ရေး အစောင့်တပ်အပါအဝင် စစ်တပ်နှင့် ဆက်နွယ်နေသူများနှင့် အတူတူပင်ဖြစ်သည်ဟု ဆိုသည်။ Asia Times အနေဖြင့်ကတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

နိုင်ငံအနှံ့မြန်မာစစ်တပ်ကို တော်လှန်နေသော PDF များနှင့် တရှိန်ထိုးတိုးတက်လာသော အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီးနှင် ထိပ်တိုက်ရင်ဆိုင်ရာတွင် အီရန်ကမြန်မာနိုင်ငံကို မည်သည့်လက်နက်အမျိုးအစား ပေးအပ်မည်ဖြစ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မကြာသေးမီကပင် အီရန်လေကြောင်းလိုင်းခရီးစဉ်များကို စောင့်ကြည့်နေသည့် သတင်းရင်းမြစ်များက တီဟီရန်သည် မြန်မာစစ်တပ်အား ပဲ့ထိန်းဒုံးကျည်များ ထောက်ပံ့ပေးရန် ကမ်းလှမ်းလာဖွယ်ရှိကြောင်း ပြောကြသည်။ ၎င်းကမ်းလှမ်းလာမှုက ထိုင်းနှင့်အိန္ဒိယအပါအဝင် အိမ်နီးချင်းနိုင်ငံများအတွက် မျက်စိစပါးမွှေးစူးစရာ ဖြစ်လာစေလိမ့်မည်။ မြန်မာစစ်တပ်သည် တော်လှန်ရေးတပ်များအား လေကြောင်းတိုက်ခိုက်မှုများနှင့် ရဟတ်ယာဉ်ဖြင့် သယ်ဆောင်လာသော လက်နက်များဖြင့် တိုက်ခိုက်မှုများကို ပိုမိုအသုံးပြုလျက်ရှိသည်။

လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကလည်း အာဏာသိမ်းပြီးချိန်မှစပြီး အရပ်သား ၁၄၀၀ ကျော်ကို မြန်မာစစ်တပ်ကသတ်ဖြတ်ခဲ့ကြောင်း ပြောသည်။ မြန်မာစစ်တပ်၏ ညှဉ်းပမ်းနှိပ်စက်မှု၊ မုဒိမ်းမှုနှင့် ကွပ်မျက်မှုဆိုင်ရာ အစီရင်ခံစာများသည် မြန်မာလူမှုကွန်ရက် စာမျက်နှာများတွင် မြင်တွေ့နေကျအကြောင်းအရာမျိုး ဖြစ်သည်။

ပြီးခဲ့သောဧပြီလတွင် စတင်တည်ထောင်ခဲ့သော NUG က စက်တင်ဘာလတွင် ခုခံစစ်ကို ကြေညာခဲ့ပြီး စစ်တပ်ကို လက်နက်ကိုင်တော်လှန်ကြရန် တောင်းဆိုခဲ့သည်။

အာဏာသိမ်းမှုနှင့် အာဏာသိမ်းပြီးနောက်ပိုင်း အာဏာအလွဲသုံးစားလုပ်မှုများကို တုံ့ပြန်သောအားဖြင့် မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုတားမြစ်ရေးကို EU က အဆိုပြုခဲ့သည်။ ကုလသမဂ္ဂအထွေထွေညီလာခံကလည်း နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချခြင်းကို တားဆီးရန် ပြီးခဲ့သောနှစ်က ဆုံးဖြတ်ခဲ့သည်။

ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသော်လည်း လက်နက်ခဲယမ်းနှင့် စက်ပစ္စည်းများ ရောင်းချခြင်းကို တားမြစ်ဖို့ခက်ခဲလိမ့်မည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်မှန်သမျှကို မလိုက်နာဖို့ ဒါမှမဟုတ် ရှောင်လွှဲဖို့အလားအလာ အရှိဆုံးကတော့ တရုတ်နဲ့ ရုရှားပါပဲဟု ဩစတြေးလျအမျိုးသားတက္ကသိုလ်မှ အရှေ့တောင်အာရှ သုတေသနပညာရှင် Hunter Marston ကပြောသည်။
NUG အဖွဲ့ဝင်အချို့ကမူ လက်နက်ရောင်းချမှုပိတ်ဆို့ခြင်းသည် မြန်မာစစ်တပ်နှင့် စစ်တပ်ထောက်ခံသူများအတွက်သာ ဖြစ်သင့်သည်ဟု ဆိုသည်။

တချိန်တည်းမှာပင် စစ်တပ်တော်လှန်ရေး ဆင်နွှဲနေကြသည့် အဖွဲ့များအား ဒီမိုကရက်တစ် အနောက်နိုင်ငံများက လက်နက်ထောက်ပံ့ပေးရေး တောင်းဆိုမှုများလည်း မြှင့်တက်လာနေသည်။ လက်ရှိအချိန်အထိမူ ထိုအဖွဲ့များသည် ထိုင်းနယ်စပ်တလျှောက် ရှိနေကြသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် အခြားလက်နက်ကိုင်အဖွဲ့များ ထံမှရရှိသည့် လက်နက်ငယ်များအပေါ် မှီခိုနေရဆဲသာ ဖြစ်လေသည်။

ကြည်ဖြူစံ
AsiaTimes တွင် ဖော်ပြထားသော David Hutt ၏ What is Iran's Revolutionary Guard doing in Myanmar? ကို ဆီလျော်အောင်ရေးသားပါသည်။

ဗီဒီယိုများ