အိန္ဒိယသူပုန်များနှင့် ပူးပေါင်းနေသော မြန်မာစစ်တပ်

မြန်မာစစ်တပ်က ပြည်တွင်းလုံခြုံရေးကိုသာ အရေးစိုက်နေရချိန်၌ PDF များကို တိုက်ခိုက်ပေးထားသော အိန္ဒိယသူပုန်များသည် လွတ်လပ်ခွင့် ရထားသောကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်သည် ယခင် အခြေအနေများဆီ ပြန်ရောက်သွားဖို့ အန္တရာယ်ကလည်း ကြီးမားနေပါသည်။

By ကြည်ဖြူစံ 18 Dec 2021

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း စစ်ကိုင်းတိုင်းရှိ နာဂသူပုန်များအား ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - Facebook)

ပြီးခဲ့သောနိုဝင်ဘာ ၁၃ ရက်က အိန္ဒိယအရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်တွင် ခွဲထွက်ရေး သူပုန်များက အိန္ဒိယစစ်တပ်ကို ခြုံခိုတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး လူအသေအပျောက်လည်း များခဲ့သည်။ ပူတစ်ခါအေးတစ်လှည့် ဖြစ်နေခဲ့သော အိန္ဒိယ-မြန်မာ ဆက်ဆံရေးသည်လည်း ယင်းဖြစ်ရပ်ကြောင့် တစ်ကျော့ပြန် ဆူပွက်လာခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) နှင့် မဏိပူရနာဂပြည်သူ့တပ်ဦး (MNPF) တို့က ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  အာသံရိုင်ဖယ်စစ်ရဲတပ်မှ တပ်မှူးနှင့်ဇနီးအပါအဝင် ၎င်းတို့၏ ၆ နှစ်အရွယ် ကလေးငယ် နှင့် စစ်သား ၄ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ရသည်။

ထိုသူပုန်အဖွဲ့ ၂ ဖွဲ့စလုံးသည် မြန်မာနယ်စပ်အနီးတွင် ခိုလှုံစရာနေရာများ ရရှိထားကြပြီး အဆိုပါ တိုက်ခိုက်မှုအပြီးတွင် နယ်စပ်ကိုဖြတ်ကျော် လွတ်မြောက်သွားနိုင်သည်ဟု သတင်းများတွင်ဖော်ပြ နေကြသည်။

အိန္ဒိယသည် မြန်မာနှင့် လုံခြုံမှုမရှိသောနယ်စပ် ကီလိုမီတာ ၁၆၀၀ ကိုခွဲဝေပိုင်ဆိုင်ထားပြီး တောတောင် ထူထပ်သောထိုဒေသတွင် တိုက်ခိုက်ရေးသမား သူပုန်များက အာဏာပိုင်များမသိအောင် ဝင်ရောက်ပြီး ပြန်လည်ထွက်ခွာသွားနိုင်သည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် အိန္ဒိယအရှေ့ မြောက်ပိုင်းနာဂ၊ မဏိပူရပြည်နယ်သားနှင့် အာသံပြည်နယ်သား သူပုန်များသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်စခန်းများရှိနေခဲ့ကြသည်။ အဆိုပါသူပုန်များသည် မြန်မာနိုင်ငံတွင်းမှာရှိသော ၎င်းတို့၏ စစ်စခန်းများမှတဆင့် အိန္ဒိယ အစိုးရတပ်များကို မကြာခဏသွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် နယ်စပ်ဖြတ်ကျော်ပြန်လည်ဝင် ရောက်လာတတ်ကြသည်။

ထိုစစ်စခန်းများသည် နှစ်နိုင်ငံအကြားအပြင်းအထန်ဆွေးနွေးစရာ ဖြစ်ခဲ့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာကအတိုင်း မြန်မာက မသိကျိုးကျွံ ဝါဒကျင့်သုံးလျက်ပင် ရှိသည်။ သို့သော် ၂၀၁၉ ခု နှစ် ဇန်နဝါရီလတွင် မြန်မာစစ်တပ်က အဆိုပါသူပုန်စခန်းတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် မူဝါဒ ပြောင်းလဲခဲ့ပုံပေါ်သည်။
နာဂ ၊ မဏိပူရနှင့် အာသံသားသူပုန်များ အခြေစိုက်ထားသော စစ်ကိုင်းတိုင်းမြောက်ပိုင်း ၊ တာဂ မှ နာမည်ခံထားခြင်းမရှိသော ဌာနချုပ်များကို မောင်းထုတ်သောစစ်ဆင်ရေးများကြောင့် အိန္ဒိယ-မြန်မာ စစ်ဘက်ဆက်ဆံရေး သိသိသာသာ တိုးတက်ခဲ့သည်။

ထိုကဲ့သို့သောဆက်ဆံရေးများ ရှိခဲ့ခြင်းနှင့် မကြာသေးမီက လက်နက်ရောင်းချမှု သဘောတူညီချက် များကြောင့် ဖေဖော်ဝါရီ ၁ ရက် မြန်မာစစ်အာဏာသိမ်းမှုကို အိန္ဒိယက လူသိရှင်ကြား မဝေဖန်ခဲ့ခြင်း ဖြစ်နိုင်သည်။

လက်ရှိအချိန်မှာတော့ အာဏာသိမ်းမြန်မာစစ်တပ်က အိန္ဒိယသူပုန်များ မြန်မာနိုင်ငံတွင်းစခန်းချနေ ထိုင်ခြင်းကို လက်ခံရုံမျှသာမက စစ်အာဏာသိမ်း ပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း ပေါ်ပေါက်လာသော စစ်ကောင်စီဆန့်ကျင်ရေး PDF များနှင့် ခုခံရေးအင်အားစုများအား တိုက်ခိုက်ရာတွင်ပင် အဆိုပါသူပုန် များကို အသုံးချနေသည်။

မဏိပူရမှ လူများစုဖြစ်သော မယ်တိုင် (Meitei) သူပုန်များက အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှ မိုးရေးနှင့်မျက်နှာ ချင်းဆိုင်ရှိ စစ်ကိုင်းတိုင်း တမူးဒေသမှ PDF များအား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုသို့လုပ် ဆောင်ခြင်းကြောင့် အပြန်အလှန်အနေဖြင့် မြန်မာစစ်တပ်က အဆိုပါသူပုန်များကို နယ်စပ် တဘက်ခြမ်း မြန်မာနိုင်ငံတွင် ခိုလှုံခွင့်ပေးထားကြောင်း ထင်ရှားသည်။

ချင်း သို့မဟုတ် မီဇိုအုပ်စုမှ လူသိနည်းသော ဇိုမီး တော်လှန်ရေးတပ်မတော်ကလည်း ချင်းပြည်နယ် တီးတိန်မှ စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများ တည်ထောင်ထားသည့် စခန်းတခုကို စက်တင် ဘာနှောင်းပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ပုံမှန်အားဖြည့် တည်ငြိမ်အေးချမ်းမှုရှိသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသသည် ယခုအချိန်တွင် စစ်မြေပြင် ဖြစ်လာနေပြီး မြန်မာစစ်တပ်အတွက် အင်အားလုံလောက်ခြင်းမရှိသောကြောင့် ထိုကဲ့သို့ လက်ဝေခံတပ်များကို အသုံးချနေခြင်းဖြစ်ကြောင်းနှင့် ပိုမိုပြင်းထန်လာလိမ့်မည်ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ဆိုသည်။

တော်လှန်ရေးပြည်သူ့တပ်ဦး (RPF) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) သည် ၁၉၇၀ နှစ်များကပင် မယ်တိုင်များနှင့်အတူ ရှိနေခဲ့တာဖြစ်သည်။ ၎င်းတပ်ဖွဲ့များကို တရုတ်နိုင်ငံ တိဘက်မြို့တော် လာဆာအနီးရှိ စစ်စခန်းတခုတွင် လေ့ကျင့်ပေး ထားခြင်းဖြစ်သည်။

PLA သည် မဏိပူရပြည်နယ်မှ Meitei အများဆုံးနေထိုင်ရာ အင်ဖာတောင်ကြားတွင် တိုက်ခိုက်မှု အများအပြားပြုလုပ်ခဲ့ပြီး အုပ်စုအမျိုးမျိုးကွဲထွက်ကာ အကြွင်းအကျန်များက မြန်မာနိုင်ငံနယ်စပ်သို့ ဆုတ်ခွာလာကြသည်။

RPF/PLA အပြင် အခြား မယ်တိုင်သူပုန်အုပ်စု အများအပြားတွင် ကန်လိုင်ပက် ပြည်သူ့တော်လှန် ရေးပါတီ (PREPAK)၊ ညီညွတ်သောအမျိုးသား လွတ်မြောက်ရေးတပ်ဦးနှင့် ကန်လိုင်ပက်ကွန်မြူ နစ်ပါတီတို့ ပါဝင်သည်။

မဏိပူရနာဂပြည်သူ့တပ်ဦး (MNPF) သည် နာဂလူမျိုး လက်နက်ကိုင်အဖွဲ့ငယ်ဖြစ်ပြီး ပင်မ အဖွဲ့အစည်းဖြစ်သော နာမည်အမျိုးမျိုးအသုံးပြုနေသည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီနှင့် ကင်းလွတ်နေသောအဖွဲ့ ဖြစ်သည်။ အဆိုပါအုပ်စု များသည်လည်း နယ်စပ်မြန်မာပြည်ဘက် အခြမ်းတွင် ခိုလှုံနေသည်မှာ နှစ်များစွာကြာခဲ့ပြီဖြစ်သည်။

၁၉၇၀ ပြည့်နှစ်များတွင် အိန္ဒိယစစ်တပ်က ၎င်းတို့ကို တိုက်ခိုက်ချိန်မှစပြီး နာဂသူပုန်များသည် မြန်မာဘက်ခြမ်း နယ်စပ်တောင်တန်းများတွင် စစ်စခန်းများ ထားရှိခဲ့ကြသည်။ ထိုနာဂအုပ်စုများသည် ၁၉၈၀ ပြည့်နှစ်များတွင် တရုတ်က မူဝါဒပြောင်းချိန် မတိုင်မီအထိ လက်နက်များ ရရှိခဲ့ကြသည်။

ထိုသူပုန်အုပ်စုများကို မြန်မာစစ်တပ်ကတိုက်ခိုက် နိုင်စွမ်းမရှိခြင်း သို့မဟုတ် တိုက်ထုတ်ရန်စိတ်အား ထက်သန်မှုမရှိခြင်းက နှစ်နိုင်ငံဆက်ဆံရေးတွင် ဆူးတချောင်းဖြစ်စေခဲ့ပြီး တဘက်နှင့်တဘက် မယုံကြည်စရာနှင့် သံသယဖြစ်စရာ အကြောင်းရင်း ဖြစ်နေခဲ့သည်က ကြာလကြာခဲ့ပြီဖြစ်သည်။

မြန်မာအာဏာပိုင်များက ထိုစစ်စခန်းများမရှိကြောင်း မကြာခဏ ငြင်းဆိုနေခြင်းကလည်း နယူးဒေလီအတွက် အလွန်စိတ်ပျက်စရာ ဖြစ်စေသည်။
စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် တဖန်ပြန်အထီးကျန်ဖြစ်လာကာ ပြည်ပမိတ်ဘက်ကလည်း အနည်းငယ်သာ ရှိတော့သည်။  ထိုမိတ်ဆွေအနည်းငယ်တွင် ရုရှားပါဝင်နေသော် လည်း ရုရှားလက်နက်များ မြန်မာကဝယ်ယူနေခြင်းကြောင့် စီးပွားရေးအရ ရည်မှန်းချက်ဖြင့်ပါဝင်နေ ခြင်းသာဖြစ်သည်။

တရုတ်ကလည်း ၎င်းတို့၏ရပ်ဝန်းနှင့်လမ်း အစီအစဉ် (BRI) အရ မြန်မာနိုင်ငံတွင်အရေးပါသော ပထဝီသေနင်္ဂဗျူဟာ အကျိုးစီးပွားများ ရှိနေသည်။ မြန်မာစစ်အာဏာသိမ်းမှုကိုရှုတ်ချရန် အိန္ဒိယက စိတ်အားထက်သန်မှု မရှိခြင်းကလည်း ဘေဂျင်းက ၎င်းတို့၏ဒေသတွင်း ရည်မှန်းချက်များ အောင်မြင်ရန် ယခုအကျပ်အတည်းကို အသုံးချသွားမည် စိုးရိမ်သောကြောင့်ဖြစ်သည်။

ပြီးခဲ့သော ဇူလိုင် ၂၄ ကကျင်းပခဲ့သော အရှေ့မြောက်အိန္ဒိယမှ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ အမည်ရ စစ်ဘက်အွန်လိုင်းဆွေးနွေးပွဲ တခုတွင် ကွယ်လွန်သူအိန္ဒိယကာကွယ်ရေးဦးစီးချုပ်ဘီပင်ရာဝပ်က လူသိရှင်ကြားပြောကြားခဲ့သော အချက်တချက်ရှိသည်။ ယင်းမှာ -

"မြန်မာကို အရေးယူပိတ်ဆို့လို့ကတော့ တရုတ်ရဲ့ BRI ကိုပိုပြီး အရှိန်ရစေလိမ့်မယ်။ အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံကဖြစ်ရပ်တွေကို အနီးကပ်စောင့်ကြည့်ဖို့ လိုတယ်" ဟူ၍ဖြစ်သည်။ ယင်းပြောဆိုချက်က

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာက မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ပြီးနောက် တရုတ်က ပိုမိုထိုးဖောက်ဝင် ရောက်လာသည့်သဘော ဖြစ်သည်။
စစ်အာဏာသိမ်းပြီး မကြာခင်မှာပင် အိန္ဒိယကြည်းတပ် အကြီးအကဲ မာနော့မူကွန်နာရာဗင်း နာရာဗာနီက မြန်မာစစ်တပ်နှင့် ပူးတွဲစစ်ဆင်ရေးများတွင် အောက်ခြေတပ်သား အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်လိုက်သည့် အတွက်ကြောင့် ဖြစ်ပေါ်လာသော စွမ်းရည်တိုးတက်မှုကို ဖြစ်စေပြီး စစ်ဆင်ရေးတွင် ထိုက်သင့်သောအမြတ်အစွန်း ရရှိခဲ့ကြောင်းဖြင့် ပြောသည်။

ထူးခြားသည်က ပြီးခဲ့သောမတ်လ ၂၇ ရက် နေပြည်တော်တွင်ပြုလုပ်သော တော်လှန်ရေးနေ့ စစ်ရေးပြပွဲသို့ ကိုယ်စားလှယ်(စစ်သံမှူး) စေလွှတ်ခဲ့ သော ၈ နိုင်ငံတွင် အိန္ဒိယလည်းပါဝင်နေခြင်းဖြစ်သည်။ အခြားကိုယ်စားလှယ်များမှာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ရုရှား၊ ပါကစ္စတန်၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်း ဖြစ်သည်။

မဏိပူရခြုံခိုတိုက်ခိုက်မှုကြောင့် အနာဂတ် အိန္ဒိယ-မြန်မာဆက်ဆံရေးတွင် မည်ကဲ့သို့ဖြစ်ပေါ်လာ မည်ကို စောင့်ကြည့်ရဦးမည်။ ၂၀၁၉ တုန်းကကဲ့သို့ နှစ်ဘက်အပြန်လှန် သံသယဝင်သောအခြေအနေသို့ အိန္ဒိယက ပြန်မသွားလိုသော်လည်း မြန်မာစစ်တပ်နှင့် အရှေ့မြောက်သူပုန်များအကြား မဟာမိတ်ဖွဲ့မှုကို နယူးဒေလီက လစ်လျူရှုရန်ခက်ခဲစေလိမ့်မည်ဟု သုတေသီတွေက ပြောသည်။

၎င်းအပြင် ထိုသူပုန်အဖွဲ့များ တရုတ်တွင်ရှိနေသေးကြောင်း ကိုလည်း အိန္ဒိယလုံခြုံရေးတာဝန် ရှိသူများက ကောင်းစွာသိနေသည်။ ၎င်းတို့သည် တရုတ်လုံခြုံရေးဌာနများမှ အကူအညီများ တိုက်ရိုက်မရသော်လည်း PLA၊ PREPAK နှင့် အာဆွန် ညီညွတ်သောလွတ်လပ်ရေးတပ်ဦး (ULFA) တို့က ရွှေလီ နှင့် အခြား အနောက်ဘက်ဒေသများတွင် အလွတ်သဘော ကိုယ်စားလှယ်များ ရှိနေကြသည်။

နိုဝင်ဘာ ၁၃ ရက် စစ်ရဲယာဉ်တန်းကိုတိုက်ရန် PLA နှင့် MNPF တို့ကို တရုတ်ကထောက်ခံသော အထောက်အထား လုံးဝမရှိခဲ့သော်လည်း ထောက်လှမ်းရေးသတင်း ရယူရန်အတွက် တရုတ်က အိန္ဒိယသူပုန် မိတ်ဆွေများနှင့် အနီးကပ်ဆက်ဆံရေး ရှိနေမည်ဖြစ်သည်။ ယခင်ကပင် မတည်မငြိမ် ဖြစ်နေသော အိန္ဒိယအရှေ့မြောက်တွင် ထိလွယ်ခိုက်လွယ်မှု အသစ်များကို ပိုမိုကျယ်ပြန့်သော သေနင်္ဂဗျူဟာ အကျိုးစီးပွားများအတွက် တရုတ်က အသုံးချမည်ကိုတော့ သံသယဖြစ်စရာမရှိပေ။

ခြုံခိုတိုက်ခိုက်လိုက်ခြင်းသည် အရှေ့မြောက်သူပုန်များအတွက် ပျားအုံကို တုတ်နှင့်ထိုးလိုက်ခြင်းလည်း ဖြစ်သည်။
သို့သော် မြန်မာစစ်တပ်က ပြည်တွင်းလုံခြုံရေးကိုသာ အရေးစိုက်နေရချိန်၌ PDF များကို တိုက်ခိုက်ပေးထားသော အိန္ဒိယသူပုန်များသည် လွတ်လပ်ခွင့် ရထားသောကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်သည် ယခင် အခြေအနေများဆီ ပြန်ရောက်သွားဖို့ အန္တရာယ်ကလည်း ကြီးမားနေပါသည်။

မြန်မာစစ်တပ်သည် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယအရှေ့မြောက်သူပုန်များနှင့် ဗြောင်ကျကျ ပူးပေါင်းလျက်ရှိသည်။ ဤလုပ်ရပ်သည် အစဉ်အလာအားဖြင့်  မတည်မငြိမ်ဖြစ်နေသော နယ်စပ်တွင် လုံးလုံးလျားလျား သစ်လွင်ဆန်းသစ်သော လုံခြုံရေးဆိုင်ရာအယူအဆ အသစ်တစ်ရပ် ပေါ်ထွက်လာစေနိုင်သည့် အလှည့်အပြောင်းတစ်ခုလည်း ဖြစ်နေပေသည်။

ကြည်ဖြူစံ
Asia Times တွင်ဖော်ပြထားသည့် ဘာတေးလင့်တနာ ၏ Myanmar military joining hands with Indian rebels ကို ဆီလျော်အောင် ပြန်လည်ရေးသားပါသည်။

ဗီဒီယိုများ