- "စာနာမှုစင်္ကြံ" သည် လုပ်ကြံသတင်းသာဖြစ်ဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ပြော
- တရုတ်ဖိအားနှင့် AA ၏ ကျောက်ဖြူတိုက်ပွဲ
- ရခိုင်တွင် အခြေခံစားကုန်များ နှစ်ဆကျော် ဈေးတက်၊ လက်လုပ်လက်စားများ အခက်တွေ့
- ထိုင်းနယ်စပ်တကြောကို တောက်လျှောက်သိမ်းလာသည့် KNU ၏ တကျော့ပြန်တိုက်ပွဲ
- တာဝါကုန်းစခန်း AA သိမ်းပြီးနောက် နတ်ရေကန်တိုက်ပွဲ ပြင်းထန်လာ
ဆရာကြီး လယ်တွင်းသား စောချစ် ၏ “ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး ”
ဆရာကြီး၏ ကျောင်းဆရာဘဝ တကယ့်ကိုယ်တွေ့ဖြစ်စဉ်တွေကို ဝတ္ထုသဖွယ် ရေးသားထားခြင်းဖြစ်ပြီး ၁၉၇၈ ခုနှစ် စာပေဗိမာန်ပထမဆု၊ ၁၉၈၀ ပြည့်နှစ် အမျိုးသားစာပေဆု၊ အရှေ့တောင်အာရှစာပေဆု (၂၀၁၅) များကို ရရှိခဲ့သည်။ “ The Gardener Among the Flowers ” အင်္ဂလိပ်ဘာသာ ပြန်ဆိုသောအခါလည်း အာဆီယံ ၁၀ နိုင်ငံ စာပေဆုရရှိခဲ့သည်အထိ လူကြိုက်များအောင်မြင်ခဲ့သည့် ဝတ္ထုဖြစ်သည်။
11 Dec 2018
ယခုတပတ် DMG ၏ Book Review ကဏ္ဍမှာ စာအုပ်ဟောင်းလေးတစ်အုပ်ဖြစ်သည့် ဆရာကြီး လယ်တွင်းသားစောချစ်၏ “ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး ” လုံးချင်းဝတ္ထုစာအုပ်ကို မိတ်ဆက်ပေးလိုပါသည်။ ကျောင်းဆရာတစ်ဦးရဲ့ စေတနာ၊ ဂရုဏာ၊ အနစ်နာခံမှုတွေကို ဤဝတ္ထုထဲတွင် တွေ့မြင်နိုင်သည်။ ဝတ္ထုဖြစ်တည်လာတာကတော့ ဆရာကြီးဘွဲ့ရပြီး အလယ်တန်းပြဆရာ ရာထူးနှင့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းက ကျောက်မီးရွာလေးမှာ တာဝန်ကျရာကနေ စခဲ့ခြင်းဖြစ်သည်။
ဆရာကြီး၏ ကျောင်းဆရာဘဝ တကယ့်ကိုယ်တွေ့ဖြစ်စဉ်တွေကို ဝတ္ထုသဖွယ် ရေးသားထားခြင်းဖြစ်ပြီး ၁၉၇၈ ခုနှစ် စာပေဗိမာန်ပထမဆု၊ ၁၉၈၀ ပြည့်နှစ် အမျိုးသားစာပေဆု၊ အရှေ့တောင်အာရှစာပေဆု (၂၀၁၅) များကို ရရှိခဲ့သည်။ “ The Gardener Among the Flowers ” အင်္ဂလိပ်ဘာသာ ပြန်ဆိုသောအခါလည်း အာဆီယံ ၁၀ နိုင်ငံ စာပေဆုရရှိခဲ့သည်အထိ လူကြိုက်များအောင်မြင်ခဲ့သည့် ဝတ္ထုဖြစ်သည်။
“ နုနုငယ်ငယ် ချစ်စဖွယ်သော ကလေးများသည် ပန်းကလေးများနှင့် တူ၏။ ဆရာ၊ ဆရာမများသည် ဥယျာဉ်မှူးနှင့် တူ၏။ ဥယျာဉ်မှူးသည် ပန်းကလေးများ လှပစွာ ပွင့်လန်းလာစေရန် ပြုစုပျိုးထောင်ပေးရ၏။ ပန်းကလေးများကို ထိခိုက်ပျက်စီးစေမည့် အန္တရာယ်အသွယ်သွယ်ကို ကာကွယ်ဟန့်တားရ၏။ ပန်းကလေးများ လှပစွာ ပွင့်လန်းလာလျှင် ဥယျာဉ်မှူး ဝမ်းသာဂုဏ်ယူရသည်။ ” ဟု ဆရာကြီးက အမှာစာရေးသားထားသည်။
ဝတ္ထုထဲတွင် ဆရာကြီး၏ ဇာတ်ကောင်အမည်က “ ငြိမ်းချမ်း ” ဖြစ်သည်။ ငြိမ်းချမ်း၏ ငယ်ဘဝသည် အလွန်ခက်ခဲကြမ်းထန်ခဲ့၏။ ခေတ်ဆိုးစနစ်ဆိုးထဲတွင် မိဘများ အသတ်ခံခဲ့ရပြီး အဖေကြီး(အဘိုး)၊ အမေကြီး(အဘွား) နှင့် ဦးလေးလက်ထဲတွင် ဘဝကို ချို့တဲ့စွာ ဖြတ်သန်းခဲ့ရသည်။ ပညာကို ခက်ခက်ခဲခဲ သင်ယူခဲ့ရသည်။
တာဝန်ကျရာ ကျောက်မီးရွာကျောင်းလေးသို့ ရောက်သောအခါ ငြိမ်းချမ်းရင်ဆိုင်ရသော စိန်ခေါ်မှုများကား အများကြီးပင်။ အဆောက်အဦ ပရိဘောဂ မပြည့်စုံခြင်း ၊ ဆရာ/မ မပြည့်စုံခြင်း၊ မြေဖြူမရှိ၊ ကျောင်းတက် ကျောင်းဆင်းချိန် မမှန် စသည်ဖြင့် စိတ်ပျက်စရာများချည်း ဖြစ်သည်။ ကျောင်းသားများမှာလည်း မြေကြီးတွင် ထိုင်ပြီးစာသင်ကြရသလို ဆရာများအတွက်လည်း ထိုင်စရာကုလားထိုင် မရှိပေ။ အလယ်တန်းပြဆရာ ငြိမ်းချမ်း ရောက်လာခြင်းသည်ပင်လျှင် တစ်ခုတည်းသော အလယ်တန်းကျောင်း၏ အင်္ဂါရပ်ဖြစ်သည်။
“ အလုပ်တစ်ခုကို လုပ်ရာတွင် မိမိဖြစ်ချင်သည်ကို မိမိဖြစ်ချင်သည့်အတိုင်း မျှော်မှန်းထားရမည်မှာ မှန်သည်။ သို့ရာတွင် ကိုယ်ဖြစ်ချင်တိုင်း ဖြစ်နိုင်သည်ကား မဟုတ်။ ကိုယ်လုပ်ချင်တိုင်းလည်း လုပ်၍မရ။ ပကတိဘဝနှင့် ကင်းလျက်စဉ်းစားလျှင် မမှန်။ ဖြစ်ချင်သည်ထက် ဖြစ်နိုင်သည်ကစ၍ လုပ်ရသည်။ ဘဝနှင့် ဆန္ဒကို မှန်ကန်စွာ ညှိနှိုင်းရန် လိုသည် ” ဟူသော ကျောင်းဆရာ ငြိမ်းချမ်း၏ ခံယူချက်ကား လေးစားစရာပင်။
ငြိမ်းချမ်းသည် လိုအပ်ချက်များစွာရှိနေသော ကျောင်းကလေးကို “ စမယ့်စလည်း သုညက စရတာပဲ ကောင်းပါတယ်ဗျာ ” ဟု အားတင်းလျက် ကျောင်းသားများ သက်တောင့်သက်သာဖြင့် စာသင်နိုင်အောင် အဆောက်အဦ ရရှိရန်၊ ကျောင်းသား/သူ၊ ဆရာ/မ များ စည်းကမ်းရှိရန် ကြိုးပမ်းလေတော့သည်။ အခက်အခဲများကို ရင်ဆိုင်ရသော်လည်း ငြိမ်းချမ်း မတုန်လှုပ်ခဲ့။ ဆရာ့စိတ်ဓာတ်ကို အရင်းတည်ကာ ကြိုးစားခဲ့သည်။ ငြိမ်းချမ်း၏ ကြိုးပမ်းချက် အောင်မြင်သည်ဟု ဆိုရမည်။ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ ပညာရေးအပေါ် စိတ်ပါဝင်စားလာကြသည်။ ငြိမ်းချမ်းကား ကျောက်မီးရွာ ပတ်ဝန်းကျင်တဝိုက်၏ အချစ်တော်ဖြစ်လာသည်။ စံပြပုဂ္ဂိုလ်ဖြစ်လာသည်။
ညပိုင်းတွင်လည်း ငြိမ်းချမ်းသည် ကလေးငယ်များအား ပုံပြောပြသည်။ အိမ်မှ ကျောင်းသို့ သွားရာလမ်းတစ်လျှောက်တွင် “ ဆရာကြီး၊ ဆရာကြီး ” ဟု ခေါ်ဝေါ်နှုတ်ဆက်သူ များလွန်းသောကြောင့် မောလွန်းသဖြင့် မထူးနိုင်တော့လောက်အောင်ကို လူချစ်လူခင်ပေါလာခဲ့သည်။ မိဘစကားကို နားမထောင်သည့် “ လူဆိုးကလေး မောင်ဆန်းအား ” ဆုံးမခန်းသည်လည်း ဆရာ၊ ဆရာမများ လေးစားအတုယူစဖွယ်ပင်။
ကျောင်းသားများ စည်းကမ်းရှိလာအောင် သွန်သင်ဆုံးမပုံများ၊ ရုပ်ရှင်ပြပြီး ကျောင်းရန်ပုံငွေရှာပုံများ၊ ဝါဆိုပန်းကပ်ပွဲအကြောင်း စသည်တို့ကို အစီအစဉ်တကျ ဆရာရေးသားထားသည်မှာ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ၊ အတုယူစရာများဖြင့် ဝတ္ထုဆုံးသွားမည်ကိုပင် စိုးရသည်။ ဇာတ်လမ်းတဆုံးထိလည်း ပျင်းစရာမရှိအောင်ပင် ဆွဲဆောင်မှုရှိလှသည်။ ဆရာကြီးသည် စကားပြောချိုသာသကဲ့သို့ပင် စာအရေးအသားလည်း ညှက်ညောလှပေ၏။
ကျောက်မီးရွာကျောင်းကလေး အစစအရာရာ အဆင်ပြေနေချိန်တွင် ငြိမ်းချမ်း ရာထူးတိုးဖြင့် ချင်းတောင်တန်းသို့ ပြောင်းရွှေ့ရသည်။ ဝတ္ထု၏ဇာတ်သိမ်း “ နှုတ်ဆက်ပွဲ ” အခန်းတွင်ဆိုလျှင် စာဖတ်သူများ မျက်ရည်ဝဲရလောက်အောင် အထိပင်။ တပည့်များအား လုံးဝမငိုရ ဟု ငြိမ်းချမ်းက ဆိုထားသောကြောင့် တပည့်များ မငိုရဲကြ။ ဆရာ/မများ ၊ ရွာသူ/သားများကတော့ မျက်ရည်နှင့်မျက်ခွက်ပင်။ ဆရာကြီး၏ စာပေဟောပြောချက်များကို နားထောင်ဖူးသူများဆိုလျှင် ပိုခံစားရပေလိမ့်မည်။ ဆရာကြီး၏ လွမ်းဆွေးဖွယ် ဟောပြောချက်များကို ကြားယောင်မိရင်း ဖတ်ရတာ စာမသွားရအောင် အထိပင် ဖြစ်သည်။
ငြိမ်းချမ်းအား မန္တလေးအထိ ကားနှင့်လိုက်ပို့ရင်း
“ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည် ”
“ မိမိအတန်းကို ကောင်းအောင်ကြိုးစားမည် ”
“ မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည် ”
“ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည် ” ဟူသော ငြိမ်းချမ်းသင်ပေးထားသော ကျောင်းကောင်စီသီချင်းအား ကလေးများ သံပြိုင်သီဆိုသံသည် စာဖတ်သူများ၏ နှလုံးသားထဲသို့တိုင် ရောက်၏။
“ လုံးချင်းဝတ္ထုပြန်ရေးတဲ့အခါမှာ နှုတ်ဆက်ပွဲအကြောင်းရေးတဲ့ စာပိုဒ်ရောက်ရင် ဆရာ့မျက်စိထဲမှာ ပြန်လည်မြင်ယောင်လာပြီး မျက်ရည်တွေကျလာတာကို သုတ်ပြီး ဆရာစာဆက်ရေးခဲ့တယ်။ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူးစာအုပ်ကို ဆရာပြန်ဖတ်ရင်လည်း အဲဒီစာပိုဒ်ရောက်ရင် ဘယ်နှကြိမ်ပဲဖတ်ဖတ် မျက်ရည်ကျတယ် ” ဟု ဆရာကြီး လယ်တွင်းသားစောချစ် က အင်တာဗျူးတစ်ခုတွင် ဖြေဆိုထားသည်။
ဤစာအုပ်ကို ၂၀၀၇ ခုနှစ်အထိ ဆဋ္ဌမအကြိမ်မြောက် ရိုက်နှိပ်ထားပြီးဖြစ်သည်။ ဆရာကြီး၏ မေတ္တာ၊ စေတနာ၊ ဂရုဏာ၊ အနစ်နာခံမှုများနှင့် ခံယူချက်၊ လုပ်ဆောင်ချက်များအား အတုယူလေးစားဖွယ် တွေ့မြင်နိုင်သော စာအုပ်တစ်အုပ်လည်း ဖြစ်သည်။ ထို့ကြောင့် ဆရာကြီး လယ်တွင်းသားစောချစ်၏ “ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး ” စာအုပ်သည် ဆရာ၊ ဆရာမများ၊ စာဖတ်ဝါသနာပါသူများအနေဖြင့် ဖတ်ရှုသင့် ဖတ်ရှုထိုက်သော စာအုပ်တစ်အုပ်ဖြစ်ကြောင်းနှင့် မဖတ်ရသေးသူများအနေဖြင့်လည်း ဖတ်ကြည့်ကြပါဦးလို့ တိုက်တွန်းလိုက်ရပါသည်။
- ညိုထွန်း ရေးသားသည်။