ရခိုင်မြောက်ပိုင်းမှ မုန်တိုင်းငယ် (သို့မဟုတ်) ICG ၏ မီးမောင်းထိုးပြမှု

ဤပဋိပက္ခများကို ရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်သူအားလုံး (ဘင်္ဂလားဒေ့ရှ်အစိုးရ၊ အာရက္ခတပ်တော်၊ ဒေသခံအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ)သည် ပွင့်လင်းမြင်သာမှုရှိစွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။

By Admin 22 Jul 2025

ရခိုင်မြောက်ပိုင်းမှ မုန်တိုင်းငယ် (သို့မဟုတ်) ICG ၏ မီးမောင်းထိုးပြမှု

DMG ၊ အတွေးအမြင်

(လပြည့်ဦး - ရေးသည်)

ICG သတိပေးချက်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလက International Crisis Group (ICG)မှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင် ဒုက္ခသည်စခန်းများမှ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုအပေါ် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ပြင်းထန်စွာ ဆွဲဆောင်လိုက်သည်။

ICG ၏ မီးမောင်းထိုးပြမှုသည် ဤဒေသ၏ နာတာရှည်ပဋိပက္ခများမှာ ပိုမိုရှုပ်ထွေးလာပြီး ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်လာနေကြောင်းကို ရှင်းလင်းစွာဖော်ပြခဲ့သည်။

ICG ၏ အဓိက ရှာဖွေတွေ့ရှိချက်များအရ မွတ်ဆလင်ဒုက္ခသည် အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ၊ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒုက္ခသည်များ၏အခြေအနေများကို အနီးကပ် စောင့်ကြည့်သုံးသပ်ခဲ့သည်။

အစီရင်ခံစာက လက်ရှိ ရခိုင်ပြည်မြောက်ပိုင်း၏ အခြေအနေသည် အပြောင်းအလဲများစွာနှင့် ရင်ဆိုင်နေရပြီး တင်းမာမှုများ မြင့်တက်နေကြောင်း မီးမောင်းထိုးပြသည်။ အထူးသဖြင့် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေချိန်တွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများ ပိုမိုသိသာလာခြင်းသည် ဒေသတွင်းလုံခြုံရေးအတွက် စိန်ခေါ်မှုအသစ်များ ဖြစ်လာစေခဲ့သည်။

ဤအခြေအနေသည် မီးပွားငယ်တစ်ခုမှ ကြီးမားသော မီးတောက်တစ်ခုအဖြစ် ပေါက်ကွဲလာနိုင်သည့် အလားအလာကို ICG က သတိပေးခဲ့ခြင်းပင်ဖြစ်သည်။

အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ၏ ကွန်ရက်နှင့် ခြိမ်းခြောက်မှု

ICG အစီရင်ခံစာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar(ကော့ဘဇား)ရှိ လက်နက်ကိုင်အဖွဲ့များ ပေါက်ဖွားကြီးထွားလာပုံနှင့် ၎င်းတို့၏ နယ်စပ်ဖြတ်ကျော်လှုပ်ရှားမှုများကို အသေးစိတ်ဖော်ပြထားသည်။ ဤအဖွဲ့အစည်းအများစုသည် ဒုက္ခသည်စခန်းများအတွင်း ရာဇဝတ်မှုများနှင့်ဆက်နွယ်နေပြီး၊ အဓိကအားဖြင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ ငွေညှစ်မှု၊ ပြန်ပေးဆွဲမှုများမှ ဝင်ငွေရှာကြသည်။

အဓိကအားဖြင့် Arakan Rohingya Salvation Army (ARSA)သည် ၂၀၁၆-၂၀၁၇ ခုနှစ်များက မြန်မာလုံခြုံရေး တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည့် စစ်သွေးကြွအဖွဲ့အစည်းအဖြစ် ထင်ရှားခဲ့သည်။

၎င်းတို့သည် ဒုက္ခသည် စခန်းများအတွင်း သြဇာလွှမ်းမိုးရန် ကြိုးပမ်းနေပြီး အခြားသော ပြိုင်ဘက်အဖွဲ့အစည်းများဖြစ်သည့် Rohingya Solidarity Organisation (RSO), Arakan Rohingya Army (ARA) / Rohingya Islamic Mahaz တို့နှင့်လည်း အချင်းချင်းတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။ ဤအဖွဲ့များသည် ဒုက္ခသည်များ၏ လုံခြုံရေးကို ခြိမ်းခြောက်နေရုံသာမက စခန်းတွင်း ဥပဒေမဲ့မှုများကိုလည်း တိုးပွားစေခဲ့သည်။

ICG ၏အဆိုအရ ဤအဖွဲ့အစည်းများသည် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းမှုများရှိနေသည်။ အထူးသဖြင့် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲများကြောင့် လုံခြုံရေးအရ ဟာကွက်များပေါ်ပေါက်နေချိန်တွင် ယင်းလက်နက်ကိုင်အဖွဲ့များက ထိုအခွင့်အရေးကိုအသုံးချရန် ကြိုးပမ်းနေခြင်းသည် ရခိုင်ဒေသ၏ လုံခြုံရေးကို ပိုမိုရှုပ်ထွေးစေသည်။

ဤလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုသည် ဒေသတွင်းတည်ငြိမ်ရေးကို ထိခိုက်စေပြီး အကြမ်းဖက်ဝါဒ ကူးစက်ပြန့်ပွားလာနိုင်ခြေကိုလည်း သတိပြုရန်လိုအပ်သည်။ မောင်တောတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး အာရက္ခတပ်တော်ကို တိုက်ခိုက်ခဲ့သည်။

ဇွန်လ ၂၈ ရက်က မောင်တော-ခမောင်းဆိပ်လမ်းပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ် ဗန္ဓုလကျေးရွာအနီးရှိ အာရက္ခတပ်တော်၏ တပ်စခန်းကို ARSA အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သတင်းဌာနများက ရေးသားဖော်ပြကြသည်။

ဤသို့သော အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး ဒေသခံ ရခိုင်မျိုးနွယ်စုတို့၏ လုံခြုံရေးကို စိုးရိမ်လာရသည်။ အခြားတစ်ဖက်တွင် ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်မြောက်ပိုင်း ကူးသန်းရောင်းဝယ်ရေးလည်း များစွာထိခိုက်စေပြီး၊ ရခိုင်ပြည်တွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုများကိုပါ ဖြစ်ပေါ်စေသည်။

နိုင်ငံတကာနှင့် ဒေသတွင်း အခန်းကဏ္ဍများ

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ဒုက္ခသည်များကို လက်ခံထားရသောကြောင့် ကြီးမားသည့် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည်။ ဒုက္ခသည်များကို အစာရေစာထောက်ပံ့ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လုံခြုံရေးထိန်းသိမ်းရေးတို့မှာ အဓိကဖိအားများဖြစ်သည်။ ထို့အပြင် စခန်းတွင်း လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများကို ထိန်းချုပ်ရန်မှာလည်း ဘင်္ဂလားဒေ့ရှ်အစိုးရအတွက် လွယ်ကူသော ကိစ္စမဟုတ်ပေ။

ICG အစီရင်ခံစာက ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး အဖွဲ့အစည်းများအနေဖြင့် အချို့သော အကြမ်းဖက် ခေါင်းဆောင်များနှင့် လက်နက်ကိုင်များကို အသုံးချနေကြောင်း သတင်းဖော်ပြခဲ့ရာ နိုင်ငံတကာ၏ ဝေဖန်မှုများလည်း ထွက်ပေါ်လာခဲ့သည်။ ဤကဲ့သို့သော လုပ်ရပ်များသည် ဒုက္ခသည်စခန်းများ၏ ကြားနေမှုကို ပျက်စီးစေနိုင်ပြီး ပိုမိုရှုပ်ထွေးသော ပဋိပက္ခများကို ဖန်တီးနိုင်သည်ဟု သုံးသပ်ကြသည်။

မြန်မာနိုင်ငံဘက်မှကြည့်လျှင် ရခိုင်မြောက်ပိုင်း၏ တည်ငြိမ်ရေးသည် နိုင်ငံ၏လုံခြုံရေးအတွက် အရေးကြီးသည်။ လက်နက်ကိုင်အဖွဲ့များ၏ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများကို တားဆီးရန် မြန်မာ့တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များတွင် တာဝန်ရှိသည်။

သို့သော်လည်း အာရက္ခတပ်တော်သည် ရခိုင်ပြည် ၁၇ မြို့နယ်ထဲမှ ၁၄ မြို့နယ်ကို သိမ်းယူထားပြီး၊ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့ ၃ မြို့သာ စစ်ကောင်စီ အုပ်ချုပ်မှုအောက်မှာ ကျန်ရှိနေတော့သည်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျောက်လုံးကို အာရက္ခတပ်တော်မှ သိမ်းပိုက်ထိန်းချုပ်ထားပြီးလည်းဖြစ်သည်။

သို့ဖြစ်ရာ ဘဂ်လားဒေ့ရှ်အစိုးရအနေဖြင့်လည်း မွတ်ဆလင်ဒုက္ခသည်များအရေးကို အဖြေရှာရန်မှာ အာရက္ခတပ်တော်နှင့် ဆွေးနွေးဖို့ အရေးတကြီးလိုအပ်နေသည့် အချိန်အခါဖြစ်သည်။

ကုလသမဂ္ဂ(UN)နှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများသည် မွတ်ဆလင်ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နေသော်လည်း လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုနှင့် စခန်းတွင်း လုံခြုံရေးပြဿနာများသည် အကူအညီပေးရေး လုပ်ငန်းစဉ်များကိုပါ အခက်အခဲဖြစ်စေသည်။ နိုင်ငံတကာအသိုက်အဝန်းသည် ဤဒေသ၏ပဋိပက္ခကို ဘက်မလိုက်ဘဲ စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် မူဝါဒများချမှတ်ရန် ဖိအားပေးလျက်ရှိသည်။

ရခိုင်ပြည်သူများ၏ အနာဂတ်နှင့် လုံခြုံရေး စိုးရိမ်မှုများ

ရခိုင်ပြည်မြောက်ပိုင်းတွင် နေထိုင်ကြသော စုံလင်ကွဲပြားသောလူမျိုးစုများသည် ဤလက်နက်ကိုင် ပဋိပက္ခများကြားတွင် နေ့စဉ်ဘဝ ရှင်သန်နေကြရသည်။ ၎င်းတို့သည် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရပြီး လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။ ၎င်းတို့၏ ငြိမ်းချမ်းစွာနေထိုင်လိုသော ဆန္ဒနှင့် တည်ငြိမ်အေးချမ်းရေး လိုလားမှုမှာ အလွန်ပင်ပြင်းပြသည်။

အကြမ်းဖက် ဘာသာရေးအစွန်းရောက်တို့၏ ဆူပူသောင်းကျန်းမှုများကို စောလျင်စွာအဆုံးသတ်ပြီး ဒုက္ခသည်အရေးနှင့် ဒေသခံများ၏ ဘေးကင်းလုံခြုံရေးကို မျှတစွာဖြေရှင်းနိုင်မည့် ရေရှည်တည်တံ့သော ခိုင်မာသည့်မူဝါဒများ လိုအပ်နေသည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများသည် ရခိုင်ဒေသ၏ ပဋိပက္ခကိုဖြေရှင်းရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။

မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေး ကိစ္စရပ်များတွင် ဆန္ဒအလျောက် ပြန်လာနိုင်သည့်အခြေအနေများ ဖန်တီးပေးရန်နှင့် အထောက်အထား စစ်မှန်သူများကို ဦးစားပေးဆောင်ရွက်ပေးကြရန် လိုအပ်သည်။ သို့မှသာ သူတို့၏အနာဂတ်နှင့် ဒေသခံတိုင်းရင်းသားများ၏ ဘေးကင်းလုံခြုံရေးကို အာမခံနိုင်မည်ဖြစ်သည်။

ငြိမ်းချမ်းရေးဆီသို့ လှမ်းနိုင်မည့် ခြေလှမ်းများ

ICG ၏ မီးမောင်းထိုးပြမှုသည် ရခိုင်ပြည်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် အခြေအနေများ၏ ရှုပ်ထွေးမှုကို ပြတ်သားစွာ ဖော်ထုတ်ပြခဲ့သည်။ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုများသည် ဒေသတည်ငြိမ်ရေးကို ခြိမ်းခြောက်နေပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ပိုမိုဆိုးရွားစေသည်။

ဤပဋိပက္ခများကို ရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်သူအားလုံး (ဘင်္ဂလားဒေ့ရှ်အစိုးရ၊ အာရက္ခတပ်တော်၊ ဒေသခံအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ)သည် ပွင့်လင်းမြင်သာမှုရှိစွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။

အဂတိလိုက်စားမှု ကင်းရှင်းသော၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အုပ်ချုပ်မှုစနစ်ဖော်ဆောင်ရန်၊ နယ်စပ်လုံခြုံရေးကို တင်းကျပ်စွာထိန်းချုပ်ရန်၊ ရာဇဝတ်မှုများကို ထိရောက်စွာ နှိမ်နင်းရန်နှင့် ဒုက္ခသည်များ၏ လိုအပ်ချက်များကို မှန်မှန်ကန်ကန် စီစစ်ဆောင်ရွက်ပေးရန် အရေးကြီးပါသည်။

ICG ၏ အစီရင်ခံစာက မီးမောင်းထိုးပြခဲ့သော အခြေအနေများအပေါ်အခြေခံ၍ အပြုသဘောဆောင်သော ဖြေရှင်းနည်းများကို အတူတကွရှာဖွေနိုင်မှသာ ရခိုင်ဒေသနှင့် ဒုက္ခသည်စခန်းများတွင် စစ်မှန်သော ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ရရှိနိုင်မည်ဖြစ်ပါသည်။

(လပြည့်ဦး - ရေးသည်)