- "စာနာမှုစင်္ကြံ" သည် လုပ်ကြံသတင်းသာဖြစ်ဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ပြော
- တရုတ်ဖိအားနှင့် AA ၏ ကျောက်ဖြူတိုက်ပွဲ
- ရခိုင်တွင် အခြေခံစားကုန်များ နှစ်ဆကျော် ဈေးတက်၊ လက်လုပ်လက်စားများ အခက်တွေ့
- ထိုင်းနယ်စပ်တကြောကို တောက်လျှောက်သိမ်းလာသည့် KNU ၏ တကျော့ပြန်တိုက်ပွဲ
- တာဝါကုန်းစခန်း AA သိမ်းပြီးနောက် နတ်ရေကန်တိုက်ပွဲ ပြင်းထန်လာ
မျိုးဆက်သစ်တိုးတက်ရစ်ဖို့
ဤစာအုပ်တွင် ရှေ့ကနှင့်မတူသော အကြောင်းအရာများ၊ အတွေ့အကြုံများကို လူငယ်များအတွက် သာမက လူကြီးမိဘများအတွက်ပါ ဆင်ခြင်သုံးသပ်တတ်စေရန် ရှင်းလင်းပြေပြစ်သော အရေးအသားများဖြင့် ရေးသားထားသည်။
05 Jan 2019
ဇန်နဝါရီ ၅ ရက်၊ ၂၀၁၉ ခုနှစ် / DMG
ယခုတစ်ပတ်မှာတော့ ဆရာကြီး အောင်သင်း ရေးသားသော “မျိုးဆက်သစ်တိုးတက်ရစ်ဖို့ (၁+၂)” စာအုပ်ကို မိတ်ဆက်ပေးလိုပါသည်။ ယခင်က တစ်အုပ်ချင်းစီ ရေးသားထုတ်ဝေထားခြင်းဖြစ်ပြီး နောက်မှ (၁+၂) (၃+၄) ဆိုပြီး ပေါင်းထုတ်ထားခြင်းဖြစ်သည်။ မျိုးဆက်သစ်လူငယ်များအတွက် ဦးတည်ရေးဖွဲ့ထားသော ဆောင်းပါးများဖြစ်ပြီး လူငယ်နှင့်ပတ်သက်သော အကြောင်းအရာများကို ဦး စားပေးရေးသားလေ့ရှိသော ဆရာကြီး အောင်သင်း၏ စေတနာကို ဤစာအုပ်တွင်လည်း ထပ်မံ တွေ့မြင်ရမည်ဖြစ်သည်။
ဤစာအုပ်တွင် ရှေ့ကနှင့်မတူသော အကြောင်းအရာများ၊ အတွေ့အကြုံများကို လူငယ်များအတွက် သာမက လူကြီးမိဘများအတွက်ပါ ဆင်ခြင်သုံးသပ်တတ်စေရန် ရှင်းလင်းပြေပြစ်သော အရေးအသားများဖြင့် ရေးသားထားသည်။
စာအုပ်၏ တစ်နေရာတွင် “လူတွေဟာ အရင်က မလုပ်ဖူးသေးတဲ့ အလုပ်ကိစ္စ အသစ်အဆန်းတစ်ခုခုကို လုပ်မိပြီဆိုရင် ကိုယ့်ဘာသာစိတ်ကူး ပေါက်ပြီးထလုပ်တာ အလွန့်ကို နည်းပါတယ်။ အပေါင်းအသင်းကြောင့် လုပ်မိတာသာ များပါတယ်။ မကောင်းတဲ့ဘက်မှ မဟုတ်ပါဘူး။ ကောင်းရာကောင်းကြောင်း ကိစ္စတွေမှာလည်း အပေါင်းအသင်းကြောင့် အစပျိုးပြီး လုပ်မိတတ်ကြတာပါပဲ။ ဒီတော့ မိမိရဲ့ အကျင့်စရိုက်ကို အပေါင်းအသင်း ပတ်ဝန်းကျင်က မသိမသာ ပြဋ္ဌာန်းသွားတတ်တယ်ဆိုတာ အလွန် ထင်ရှားနေပါတယ်။ ဒါပေမဲ့ ခက်နေတာက မကောင်းတဲ့ဘက်ကို ရောက်သွားဖို့က ပိုပြီး လွယ်ကူနေခြင်းပါပဲ” ဟု လူ့စိတ်အပေါ် ပတ်ဝန်းကျင်က လွှမ်းမိုး နိုင်မှု အခြေအနေကို ရေးသားထားသည်။
ဆရာကြီးအောင်သင်း စာပေဟောပြောပွဲများတွင် အမြဲပြောဖြစ်သော စကားတစ်ခွန်းရှိသည်။
“ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကလေးတွေရဲ့ လက်ထဲကို တိုင်းပြည်အပ်ရတော့မယ်။ သူတို့လက်ထဲ ကျနေ့ာ်ဘ၀ အပ်ရတော့မယ်။ ပညာမတတ်တဲ့ လူငယ်တွေ ကြီးလာတော့ ပညာမတတ်တဲ့လူကြီးပဲ ဖြစ်မှာပေါ့။ အဲဒါကြောင့် ကျနေ့ာ်ဘဝကို ပညာမတတ်တဲ့ လူငယ်တွေရဲ့ လက်ထဲကိုရောက်မှာ သိပ်ကြောက်တယ်။ တိုင်းပြည်လည်း ပညာမတတ်တဲ့ လူငယ်တွေရဲ့လက်ထဲရောက်မှာ သိပ်ကိုကြောက်တာ။ ဒါကြောင့် လူငယ်တွေကိုလည်း ချစ်တယ်။ ကိုယ့်ဘဝကိုကျ သနားတယ်။ ‘အော် ဒီကောင်တွေ မကောင်းရင်တော့ ငါ့ဘဝတော့ ကမှူးရှူးတိုးနဲ့ နေဝင်ရတော့မှာပဲ။’ ဘဝနေဝင်ချိန်ရောက်မှပဲ ကျုပ်လည်း တောင်ပြေးမြောက်ပြေးနဲ့ မပြေးချင်တော့ဘူး။ ပြေးရတာလည်း များလှပြီ တသက်လုံး(ရယ်လျက်)။ ဒါကြောင့် လူငယ်တွေကို လိမ္မာစေချင်လို့၊ မမိုက်စေချင်လို့”
ယခုစာအုပ်တွင် ပါဝင်သော “စာသောကဒေဝီ” ဆောင်းပါးတွင် စာအလွန်ကြိုးစားသော ကျောင်းသူ/သားများကို ဆုံးမလမ်းညွှန်ထားသည်။ တချို့ စာကြိုးစားသော ကလေးများ (အထူးသဖြင့် မိန်းကလေးများ)သည် စားလည်း စာ၊ အိပ်လည်းစာ၊ သွားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ်ဆိုတာမျိုး ဖြစ်နေကြ ကြောင်း၊ ယင်းသည် လုံးဝမကောင်းကြောင်း ရေးသားထားသည်။
“ရုတ်တရက် ကြည့်လိုက်လျှင်တော့ စာကြိုးစားသော၊ စာတော်သော မိန်းကလေးတစ်ယောက်ပါပဲ။ သို့သော် သေချာအနီးကပ် လေ့လာကြည့်လိုက်လျှင် အရွယ်နှင့်မမျှအောင် သောကတွေ ဖိစီးခံနေရသည့် မိန်းကလေးတစ်ယောက် ဖြစ်နေသည်ကို တွေ့ရမည်သာဖြစ်သည်။ သောကတွေဟု ကျွန်တော်က ဆိုလိုက်ပါသည်။ မှန်ပါသည်။ တော်ရုံတန်ရုံ သောကမျိုး မဟုတ်ပါ။ အင်္ဂလိပ်စာတွေ မကျက်ရသေးဘူး၊ သင်္ချာတွေ မလုပ်ရသေးဘူး၊ လပတ်အစမ်းက နီးနေပြီ၊ မြန်မာစာခက်ဆစ်တွေ မပိုင်သေးဘူး၊ ဒီတစ်ပတ်စာမေးပွဲအဆင့် နိမ့်သွားရင် ဒုက္ခပါပဲ စသည်စသည် သောကတွေ တပြုံကြီး သူ့ကို နှိပ်စက်နေသည်။”
“ထို့ကြောင့် ကျွန်တော်က သူတို့ကို ‘စာသောကဒေဝီ’ လေးများအဖြစ် သနားနေမိသည်။ ပညာရေးအတွက် ဒီလို ပူပင်ကြောင့်ကြနေတာ ချီးမွမ်းစရာ ကောင်းသည်ဟု ဆိုစရာရှိသည်။ အချီးမွမ်း မစောစေချင်ပါ” ဟု ကျောင်းဆရာတစ်ဦးပီပီ တပည့်များအပေါ် သနားဂရုဏာသက်စွာဖြင့် ရေးသားထားသည်ကို တွေ့ရသည်။
ဤစာအုပ်တွင် ဆောင်းပါး ၅၈ ပုဒ်ပါဝင်ပြီး လူငယ်များသာမက လူကြီး မိဘများပါ ဖတ်ရှုသင့်သော စာအုပ်တစ် အုပ်ဖြစ်ပြီး စာကြည့်တိုက်တိုင်းတွင်လည်း ရှိသင့်ရှိထိုက်သော စာအုပ်ဖြစ်သည်။ ယခုစာအုပ်ကို ၂၅၀၀ ကျပ်ဖြင့် လမ်း သစ်စာပေက ဖြန့်ချိသည်။
ညိုထွန်း ရေးသားသည်။