- "စာနာမှုစင်္ကြံ" သည် လုပ်ကြံသတင်းသာဖြစ်ဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ပြော
- တရုတ်ဖိအားနှင့် AA ၏ ကျောက်ဖြူတိုက်ပွဲ
- ရခိုင်တွင် အခြေခံစားကုန်များ နှစ်ဆကျော် ဈေးတက်၊ လက်လုပ်လက်စားများ အခက်တွေ့
- ထိုင်းနယ်စပ်တကြောကို တောက်လျှောက်သိမ်းလာသည့် KNU ၏ တကျော့ပြန်တိုက်ပွဲ
- တာဝါကုန်းစခန်း AA သိမ်းပြီးနောက် နတ်ရေကန်တိုက်ပွဲ ပြင်းထန်လာ
မြန်မာပြည်က မိဘပြည်သူများ
သတင်းထောက်ဘဝ၊ အယ်ဒီတာဘဝ ယခုအချိန်တွင် သတင်းစာပညာရပ်အား သင်တန်းပေးနေသော သတင်းစာဆရာမဘဝများကို အဆင့်ဆင့်ဖြတ်သန်းလာခဲ့သော မြတ်စုမွန်၏ သတင်းဆောင်းပါးများ စုည်းမှုဖြစ်သည်။ စာရေးသူကိုယ်တိုင်ကလည်း သတင်းထောက်တစ်ယောက်ဘဝ ဖြတ်သန်းမှု ကိုးနှစ်တာကာလအတွင်း အခြေခံလူတန်းစားများ၏ လူမှုဘဝအကြောင်း ဆောင်းပါးများကို အများဆုံးရေးသားခဲ့သည်။
12 Jul 2017
ရေးသားသူ - ကြယ်စင်မင်းခန့်
ဇူလိုင်လ ၁၂ ရက်၊ ၂၀၁၇ ခုနှစ် (DMG) ။ ။ သတင်းထောက်ဘဝ၊ အယ်ဒီတာဘဝ ယခုအချိန်တွင် သတင်းစာပညာရပ်အား သင်တန်းပေးနေသော သတင်းစာဆရာမဘဝများကို အဆင့်ဆင့်ဖြတ်သန်းလာခဲ့သော မြတ်စုမွန်၏ သတင်းဆောင်းပါးများ စုည်းမှုဖြစ်သည်။ စာရေးသူကိုယ်တိုင်ကလည်း သတင်းထောက်တစ်ယောက်ဘဝ ဖြတ်သန်းမှု ကိုးနှစ်တာကာလအတွင်း အခြေခံလူတန်းစားများ၏ လူမှုဘဝအကြောင်း ဆောင်းပါးများကို အများဆုံးရေးသားခဲ့သည်။
စာရေးသူ၏ ကိုယ်ရေးအကျဉ်းတွင် သတင်းစာလောကို ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအထိ သတင်းထောက်နှင့် အကြီးတန်းသတင်းထောက် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၂၀၁၃ ခုနှစ် မတ်လမှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီအထိ ထိုင်းနိုင်ငံ ၊ချင်းမိုင်အခြေစိုက် ဧရာဝတီသတင်းဌာန၏ မြန်မာပြည်ရုံးခွဲတွင် အကြီးတန်းသတင်းထောက်နှင့် ကော်ပီအယ်ဒီတာ တာဝန်အသီးသီးကို ထမ်းဆောင်ခဲ့သည်။ သတင်းစာပညာနှင့်ပတ်သက်၍ အခြေခံသတင်းစာပညာနှင့် အခြေခံလွန် သတင်းစာပညာများဖြစ်သည့် Community Development and Communication Program ပဋိပက္ခ ဂရုပြု သတင်းရေးသားခြင်း၊ နှုတ်ပြောသမိုင်း ဗီဒီယိုအစီအစဉ်၊ ကရင်တိုင်းရင်းသား အထူးပြု သတင်းရေးသားခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားခြင်း၊ သတင်းဆောင်းပါးရေးသားနည်း၊ HIV/AIDS သတင်းရေးသားနည်း၊ ဒီမိုကရေစီနိုင်ငံနှင့် မီဒီယာ၏အခန်းကဏ္ဍ ၊ သတင်းခန်းစီမံခန့်ခွဲမှု စသည့် ပညာရပ်ဆိုင်ရာ သင်တန်းများကို မြန်မာနိုင်ငံ(ရန်ကုန်မြို့)၊ ထိုင်းနိုင်ငံ (ဘန်ကောက်မြို့၊ ချင်းမိုင်မြို့) ၊ ဒိန်းမတ်နိုင်ငံ(ကိုဗင်ဟေဂင်မြို့) နှင့် အမေရိကန် ပြည်ထောင်စု (ဝါရှင်တန်ဒီစီ၊ မြောက် ကာရိုလိုင်းနား၊ လူဝီစီယားနား)တို့တွင် ကာလတို၊ ကာလရှည် တက်ရောက်ကာ လေ့လာဆည်းပူးခဲ့သည်။
ယင်းကဲ့သို့ သတင်းစာလောကအား စဉ်ဆက်မပြတ်ထိတွေ့နေသူ မြတ်စုမွန်၏ ဆောင်းပါးများမှာ ပြည်သူ့ အသံကို အနီးစပ်ဆုံးဖော်ပြနိုင်သည်ဟု ပြောလျှင် အံသြစရာတော့ မရှိပါ။ DVB ဒီဘိတ် ရုပ်သံအစီအစဉ် တင်ဆက်သူ မျိုးသာထက်မှ အမှာစာရေးပေးထားသည်။ သူ၏ အမှာစာထဲမှ တစ်ပိုဒ်အား စာအုပ်နောက်ကျောတွင် ဖော်ပြထားသည်။ “ မြန်မာပြည်က မိဘပြည်သူများ ဆိုသည့်အတိုင်းပင် ပြည်သူများ ဘဝကို မြတ်စုမွန်ကတို့ထိ ဖော်ထုတ်ပြထားသည်။ စစ်အစိုးရ အဆက်ဆက်လက်ထက်က ပြည်သူများသည် ဖိနှိပ်ခံဘဝဖြင့် နေခဲ့ရသော်လည်း သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်သူများကို မိဘပြည်သူများဟု စကားလုံးချိုသာစွာ ခေါ်ဝေါ်လိုက်သည်။ ကြားစက နားဝမှာချိုသာလှသဖြင့် ပြည်သူများက သမ္မတဦးသိန်းစိန်ကို သဘောကျကြသော်လည်း ဘဝခါးခါးများက ငါးနှစ်ဆက်တိုက် သာခါးနေခဲ့ရာ ‘မိဘပြည်သူများ’ အာလုပ်စကားသည် လှောင်စရာ ပြောင်စရာ ဖြစ်ခဲ့တော့သည်။ သတင်းစာဆရာ မြတ်စုမွန်က စာအုပ်ခေါင်းစဉ်မှာပင် သမ္မတကိုလည်းကောင်း၊ အစိုးရကိုလည်းကောင်း မြန်မာပြည်ကို လည်းကောင်း တို့ထိထားသည်။ ဒါသည်ပင် သတင်းစာဆရာ၏ အတတ်ပညာ ဖြစ်တော့သည် ” ဟု ရေးသားထားသည်။
ယခုစာအုပ်တွင် ပါဝင်သော ဆောင်းပါးများမှာ ရန်ကုန်မြို့တွင် ခရီးသွားခြင်း၊ လမ်းမထက်က နေဝင်ချိန် ဘဝများ၊ ဓားစာခံ ပိုးကိုက်ပန်း၊ ကျွန်မနှင့် လွိုင်ကော်ဆေးရုံပေါ်က အမှတ်တရများ၊ မျှစ်ချိုးသည့်နေ့ နှင့် ပလက်စတစ်ခြေတုတစ်ဖက်၊ မျက်ရည်စက်တို့ ကွန်းခိုရာ၊ လမ်းမပေါ်က ကြွေလွင့်ရသော ဘဝများ၊ ကြီးမားခိုင်မာတဲ့ နှလုံးသားနဲ့ ပုခက်လွှဲခဲ့သူ၊ ပန်းဆိုးတန်းခုံးတံတားအောက်က အန်တီစန်း၊ ကျိုက်ထီးရိုးတောင်ပေါ်က အထမ်းသမတစ်ဦး၊ ရေနည်းငါး၊ သေနတ်မကိုင်ချင်တော့တဲ့ ကရင်နီစစ်သား၊ လမ်းပျော်ကလေးငယ်များ ပုစ ္ဆာဘယ်လို အဖြေရှာမလဲ၊ လူကြီးများလာမည်၊ ခြံစည်းရိုးများ ထုံးသုတ်ထားပါ၊ သိန်းဖေမြင့် ရာပြည့်၊ အမှိုက်ပုံကို မစွှန့်နိုင်သေးသူများ၊ တောတောင်ကြားမှ ကျောပိုးအိတ်၊ သီးခြားကမ္ဘာဆီသို့ အလည်တစ်ခေါက်၊ ဝှီးချဲထက်က မီးအိမ်ရှင် စသည့် လူမှုဘ၀ ဆောင်းပါးများ ၁၉ ပုဒ် ပါဝင်သည်။
လမ်းမထက်က နေဝင်ချိန်ဘဝများ ဆောင်းပါးတစ်နေရာတွင် ယခုကဲ့သို့ရေးထားသည်။
မြန်မာနိုင်ငံသည် မိဘကသားသမီးကို အရွယ်သုံးပါးစလုံး စောင့်ရှောက်ပေးသကဲ့သို့ သားသမီးကလည်း အသက်အရွယ် အိုမင်းလာသော မိဘများ၊ ဘိုးဘွားများကို ပြန်လည်စောင့်ရှောက်ပြုစုသော ဓလေ့ဖြင့် နေထိုင်လာကြသူများဖြစ်ရာ ရန်ကုန်လမ်းမများထက်တွင် အနယ်နယ်အရပ်ရပ်မှ ရောက်လာသည့် ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများကို မြင်တွေ့လာရခြင်းက ကောင်းမွန်သော လက္ခဏာတစ်ရပ် မဟုတ်။ လွန်ခဲ့သည့် ငါးနှစ် ခန့်က ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သော ကြော်ငြာတစ်ကွက်က ဖတ်ရှုမိသူများ၏ နှလုံးသားကို ဆွဲကိုင်လှုပ်ခါခဲ့ပြီး လူမှုကွန်ရက်များတွင် ပျံ့နှံ့သွားခဲ့သည်။
“ဇနီးမောင်နှံ နှစ်ဦးစလုံးကို နေစရာပေး လက်ခံမည့် ညစောင့်လုံခြုံရေးဝန်ထမ်း လုပ်လိုပါသည်။ အငြိမ်းစား ကျောင်းဆရာနှင့်ဆရာမ ’’ ဟု ဖော်ပြထားသည်။ ဆက်သွယ်ရန် ဖုန်းနံပါတ်ထည့်ပေးထားသည်။ မန္တလေးမြို့မှ ထိုနိုင်ငံဝန်ထမ်းဟောင်း အဘိုးနှင့်အဘွားတို့နှစ်ဦးသည် သူတို့လိုချင်သော အလုပ်ကိုရလေသလား၊ သူတို့အတွက် နေစရာလေးတစ်ခု ရလေသလားမ သိရသော်လည်း ထိုစဉ်က ၎င်းတို့ ခိုကိုးရာမဲ့၊ နေစရာမဲ့ ဖြစ်နေသည်ဆိုသည့် အချက်မှာ အငြင်းပွားဖွယ်မရှိပေ။
ယင်းကဲ့သို့ အရေးအသားဟန်များဖြင့် ရေးထားသည့် ဆောင်းပါးများကို စာဖတ်သူတို့ ဖတ်ရှုကြရမည်ဖြစ်သည်။
ယခုစာအုပ်အား ဒေါ်သင်းသင်းမွန် (သင်းစာပေ) ၂၀၁၅ အောက်တိုဘာလတွင် ပထမအကြိမ် ထုတ်ဝေခဲ့ပြီး တန်ဖိုး ၂၅၀၀ ဖြင့် ဖြန့်ချိသည်။