ယူကရိန်းမြို့ကြီးများအား ရုရှားက ဒုံးကျည်အများအပြားဖြင့် ပစ်ခတ်

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးသို့ သမ္မတ ဗလာဒီမာပူတင် တက်ရောက်ရန် နာရီပိုင်းအလို၌ ယခုကဲ့သို့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

By Khin Tharaphy Oo 11 Oct 2022

ယူကရိန်းမြို့ကြီးများအား ရုရှားက ဒုံးကျည်အများအပြားဖြင့် ပစ်ခတ်

ဓာတ်ပုံ - AFP

DMG ၊ အောက်တိုဘာ ၁၁

ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများအား တနင်္လာနေ့အစောပိုင်းက ဒုံးကျည်များဖြင့် တရစပ်ပစ်ခတ်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယူကရိန်းမြို့ကြီးများအား ပစ်ခတ်ခဲ့သော ဒုံးကျည်စုစုပေါင်း ၇၅ စင်းရှိခဲ့ကြောင်း ယူကရိန်း စစ်ဘက်ဆိုင်ရာ ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောကြားသည်။

ဇွန်လနောက်ပိုင်းတွင် ပထမဆုံးအဖြစ် ယခုကဲ့သို့ အကြီးအကျယ် တိုက်ခိုက်မှုအတွင်း အီရန်ဒရုန်းများလည်း ပါဝင်ခဲ့သည်ဟု အဆိုပါအရာရှိကပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးသို့ သမ္မတ ဗလာဒီမာပူတင် တက်ရောက်ရန် နာရီပိုင်းအလို၌ ယခုကဲ့သို့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုများကြောင့် ယူကရိန်းမြို့တော်ကီယက်ဗ်တွင် လူငါးဦး အနည်းဆုံး သေဆုံးခဲ့သည်။

“ပထမပေါက်ကွဲသံကြီး ကြားလိုက်ရတဲ့အချိန်မှာ ကျွန်မတို့ အိပ်နေကြတာလေ။ နိုးလာပြီး စစ်ဆေးနေတုန်း ရှိသေးတယ် နောက်တစ်လုံး ထပ်ပေါက်တော့တာပဲ”ဟု အသက် ၃၉ နှစ်အရွယ် ဘာသာစကား ဆရာမတစ်ဦးဖြစ်သူ ဆီနီယာရာဇန်ဆီဗာက အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။

ရုရှားဒုံးကျည်များသည် မိမိတို့၏ စွမ်းအင်စနစ်ကို ဖျက်ဆီးရန် ရည်ရွယ်ပစ်ခတ်ခဲ့ခြင်းဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးက ပြောကြားသည်။ ရုရှားတို့သည် Dnipro, Zaporizhzhia နှင့် Lviv မြို့ကြီးများကို အဓိကဦးတည် တိုက်ခိုက်ခဲ့ကြောင်း သမ္မတကပြောသည်။

Lviv မြို့တွင် ဗုံးဒဏ်ကြောင့် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သလို ရေနွေးထောက်ပံ့ရေး စနစ်များလည်း ချွတ်ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ကီယက်ဗ်မြို့နေပြည်သူများအနေဖြင့် အိမ်တွင်း၌သာ နေထိုင်ကြရန်နှင့် မြို့ပြင်မှ လူများအနေဖြင့်လည်း လက်ရှိနေရာများ၌သာ နေသင့်ကြောင်း ကီယက်ဗ်အာဏာပိုင်များက သတိပေးထားသည်။

ဗီဒီယိုများ