လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်

ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာဒေသများတွင် ယာဉ်မတော်တဆမှုများ ကင်းရှင်းစေရန် ကျွဲ၊ နွားစသည့် တိရစ္ဆာန်များကို လမ်းမပေါ်တွင် လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA က ဒေသန္တရ အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

By Admin 01 Sep 2025

မြောက်ဦး-ကျောက်တော် ကားလမ်းမ တစ်နေရာအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဉ်။
မြောက်ဦး-ကျောက်တော် ကားလမ်းမ တစ်နေရာအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၁

ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာဒေသများတွင် ယာဉ်မတော်တဆမှုများ ကင်းရှင်းစေရန် ကျွဲ၊ နွားစသည့် တိရစ္ဆာန်များကို လမ်းမပေါ်တွင် လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA က ဒေသန္တရ အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ခရိုင်ချင်းဆက်၊ မြို့နယ်ချင်းဆက် လမ်းမကြီးများပေါ်တွင် ကျွဲ၊ နွား၊ ဆိတ်စသည့် တိရစ္ဆာန်များအား ထိန်းကျောင်းခြင်း၊ လွှတ်ကျောင်းခြင်း၊ စီနင်းခြင်း၊ ချည်ထားခြင်း (လုံးဝ) မပြုလုပ်ရကြောင်း ULA/AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ ဒေသန္တရ အမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။

" အခုလို ထုတ်ပြန်တာလည်း ကောင်းပါတယ်။ မဟုတ်ရင် နွားတွေနဲ့ ဆိတ်တွေဆို လမ်းမပေါ် အုပ်လိုက်ကြီး ဒီအတိုင်း လွှတ်ထားကြတာ။ ဆိုင်ကယ်တွေ၊ ကားတွေက အရှိန်နဲ့ သွားနေရင် တစ်ခါတလေ တိုက်မိမလိုဖြစ်တာ ခဏခဏပဲ။ အခုလို အမိန့်ထုတ်လိုက်တော့ အနည်းနဲ့ အများတော့ မတော်တဆမှုကို လျှော့ချရာ ရောက်မယ်လို့ မြင်တယ်" ဟု ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းအပြင် လမ်းမပေါ်တွင် ယာဉ်သွားလာမှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် ယာဉ်ရပ်နားခြင်း၊ ပစ္စည်းများချထားခြင်း၊ ယာဉ်မရပ်ရဟု သတ်မှတ်ထားသည့် နေရာများတွင် ယာဉ်များကို လုံးဝ မရပ်နားရန်၊ ဆိုင်ခန်းများအား လမ်းဧရိယာအတွင်းသို့ မေးတင်ကာ မဆောက်လုပ်ရန် စည်ကမ်းချက်များလည်း ထုတ်ပြန်ထားသည်။

ယခု ထုတ်ပြန်ချက်အား ယာဉ်မတော်တဆမှုများ လျော့နည်းစေရန် ထုတ်ပြထားခြင်းဖြစ်ပြီး မလိုက်နာပါက အရေးယူဆောင်ရွက်မှုများ ရှိရန်လည်း လိုအပ်ကြောင်းလည်း ထောက်ပြမှုများ ရှိနေသည်။

"ထုတ်ပြန်ချက်တွေ ထုတ်တယ်ဆိုတိုင်းလည်း ထုတ်ပြီး ပြီးရော မဖြစ်စေချင်ဘူး။ မြေပြင်မှာ ပြည်သူက အမှန်တကယ် လိုက်နာနေရဲ့လားဆိုတာလည်း ဆန်းစစ်ဖို့ လိုတယ်။ အခု အမိန့်ထုတ်တာက မတော်တဆမှုတွေ လျော့အောင်လုပ်တာ မှန်ပေမယ့် မလိုက်နာရင် ဘယ်လိုမျိုး အရေးယူဆောင်ရွက်မယ် ဆိုပြီး တင်းကျပ်ပေးတာက ပိုထိရောက်မယ်လို့ ထင်တယ်" ဟု ULA/AA နှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မင်းပြား စသည့် မြို့နယ်များတွင် ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးသူများလည်း ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ULA/AA သည် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား ကြပ်မတ်ထားပြီး ဆိုင်ကယ်စီးရာတွင် ဆိုင်ကယ် ဦးထုပ်ဆောင်းရန်၊ မေးသိုင်းကြိုးအား ဂရုတစိုက်တပ်ဆင်ရန်နှင့် ဆိုင်ကယ်တစ်စီးလျှင် လူ ၂ ဦးထက်ပို မစီးရန် စသည့် စည်းကမ်းချက်များလည်း ထုတ်ပြန်ထားသည်။