ကမ္ဘာ့အကြီးဆုံး စစ်ရေးလေ့ကျင့်မှုတွင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျသွား

သြစတြေးလျနှင့် အမေရိကန်စစ်တပ်တို့ ပူးတွဲကျင်းပပြီး “Talisman Sabre” ဟုအမည်ပေးထားသည့် ယခုလေ့ကျင့်မှုအား ဇူလိုင်လ ၂၁ ရက်နေ့က စတင်ကျင်းပခဲ့သည်။

By Admin 29 Jul 2023

သြစတြေးလျစစ်တပ်က အသုံးပြုနေသည့် MRH-90 Taipan အမျိုးအစား ရဟတ်ယာဉ်တစ်စီး။ ဓာတ်ပုံ - Australian Ministry of Defense
သြစတြေးလျစစ်တပ်က အသုံးပြုနေသည့် MRH-90 Taipan အမျိုးအစား ရဟတ်ယာဉ်တစ်စီး။ ဓာတ်ပုံ - Australian Ministry of Defense

သြစတြေးလျနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့အကြီးဆုံး စစ်ရေးလေ့ကျင့်မှုတွင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး လူလေးဦး ပျောက်ဆုံးနေသည့်အတွက် အဆိုပါလေ့ကျင့်မှုကို ရပ်နားထားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လေ့ကျင့်မှုတွင်ပါဝင်သည့် MRH-90 Taipan အမျိုးအစားရဟတ်ယာဉ်သည် သောကြာနေ့ညဉ့်က ကွင်းစလန်းမြို့ ဟာမီလ်တန်ကျွန်းအနီးတွင် ရေပြင်ပေါ်သို့ ပျက်ကျသွားခြင်း ဖြစ်သည်။ ရဟတ်ယာဉ်နှင့်အတူ လိုက်ပါသွားသူ လေးဦးလည်း ပျောက်ဆုံးနေပြီး စနေနေ့တွင် ၎င်းတို့ကို ဆက်လက်ရှာဖွေလျက်ရှိသည်။

“အခုလက်ရှိ ပြောနေချိန်အထိ လေးဦးလုံးကို ရှာနေတုန်းပါပဲ” ဟု သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချက်မားလက်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

သြစတြေးလျနှင့် အမေရိကန်စစ်တပ်တို့ ပူးတွဲကျင်းပပြီး “Talisman Sabre” ဟုအမည်ပေးထားသည့် ယခုလေ့ကျင့်မှုအား ဇူလိုင်လ ၂၁ ရက်နေ့က စတင်ကျင်းပခဲ့သည်။ ၂ နှစ်လျှင်တစ်ကြိမ်စီ ကျင်းပသည့် ဤစစ်ရေးလေ့ကျင့်မှုကို ၂၀၀၅ ခုနှစ်တွင် ပထမဆုံး စတင်ကျင်းပခဲ့သည်။

ပင်မနှစ်နိုင်ငံအပြင် အခြားနိုင်ငံပေါင်း ၁၁ နိုင်ငံပါ ပူးပေါင်းပါဝင်သည့် ဤစစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်အင်အား ၃ သောင်းအထိ ပါဝင်ပြီး နှစ်ပတ်ကြာကျင်းပနေခြင်း ဖြစ်သည်။ လေ့ကျင့်မှု ဒုတိယသီတင်းပတ်အတွင်း ယခုကဲ့သို့ ရဟတ်ယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို အာဏာပိုင်များဘက်က တစုံတရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ယခုလေ့ကျင့်မှုအတွင်း ဂျပန်၊ တောင်ကိုရီးယား၊ ပြင်သစ်နှင့် ဂျာမနီတို့လည်း ပါဝင်ပြီး အကြီးစား ထောက်ပို့ရေး၊ ကမ်းတက်စစ်ဆင်ရေး၊ မြေပြင်နှင့်ဝေဟင်စစ်ဆင်ရေးတို့ကို ဦးစားပေး လေ့ကျင့်နေကြခြင်းဖြစ်သည်။

သြစတြေးလျစစ်တပ်က လက်ရှိသုံးစွဲနေသည့် Taipan ရဟတ်ယာဉ်များသည် သက်တမ်းကြာမြင့်နေပြီဖြစ်ကာ ၎င်းတို့ကို အမေရိကန်လုပ် Black Hawk ရဟတ်ယာဉ်များဖြင့် အစားထိုးရန် စီစဉ်နေကြောင်း ကင်ဘာရာက အစောပိုင်းတည်းက ထုတ်ဖော်ပြောကြားထားသည်။

ပြီးခဲ့သည့် မတ်လကလည်း MRH-90 Taipan ရဟတ်ယာဉ်တစ်စင်းသည် ဆစ်ဒနီမြို့တောင်ပိုင်းတွင် ညဉ့်အချိန် ပျံသန်းနေစဉ် စက်ချို့ယွင်းသဖြင့် ပင်လယ်ထဲသို့ ထိုးဆင်းခဲ့ရသည်။ လိုက်ပါသွားသူများသည် အသေးစားထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး Taipan ရဟတ်ယာဉ်တပ်စု တစ်စုလုံးကို ထိုစဉ်က အသုံးပြုမှု တစ်လကြာ ရပ်နားထားခဲ့သည်။

ဗီဒီယိုများ