တရုတ်နှင့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များ နှစ်နိုင်ငံနယ်စပ်တွင် ပဋိပက္ခ ဖြစ်ပွား

နှစ်နိုင်ငံအကြား ပိုင်ဆိုင်မှု အငြင်းပွားနေကြသည့် ဟိမဝန္တာတောင်ကြားဒေသတွင် အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့ဝင်များ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဘက်လုံးက အများအပြား ဒဏ်ရာရရှိခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 13 Dec 2022

တရုတ်နှင့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များ နှစ်နိုင်ငံနယ်စပ်တွင် ပဋိပက္ခ ဖြစ်ပွား

ဓာတ်ပုံ - South China Morning Post

DMG | ဒီဇင်ဘာ ၁၃

နှစ်နိုင်ငံအကြား ပိုင်ဆိုင်မှု အငြင်းပွားနေကြသည့် ဟိမဝန္တာတောင်ကြားဒေသတွင် အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့ဝင်များ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဘက်လုံးက အများအပြား ဒဏ်ရာရရှိခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါပဋိပက္ခသည် အိန္ဒိယနိုင်ငံ အရူနာရှာပရာဒက်ရှ်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ တာဝမ်ဒေသတွင် ဒီဇင်ဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါဒေသအား တရုတ်က တိဘက်တောင်ပိုင်းအဖြစ် ခေါ်ဆိုသုံးစွဲကာ ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ်ထားသည်။

နှစ်ဘက်နယ်စပ်ဟု သတ်မှတ်ထားပြီး နှစ်နိုင်ငံလုံးက ကင်းလှည့်ခြင်းမပြုရန် သဘောတူထားသည့် ဧရိယာအနီးသို့ တရုတ်စစ်သားများ ရောက်ရှိလာရာမှ ပဋိပက္ခ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး အေအက်ဖ်ပီက ဖော်ပြသည်။

ဖြစ်စဉ်၌ တရုတ်စစ်သား ၃၀၀ ခန့်ပါဝင်ပြီး အများအပြား ဒဏ်ရာရရှိသွားကြသည်ဟု အိန္ဒိယသတင်းများက ဖော်ပြမှုများရှိသည်။

အေအက်ဖ်ပီ၏ သတင်းရင်းမြစ်တစ်ခုကမူ နှစ်ဘက်လုံးတွင် အသေးစား ဒဏ်ရာရသူ အနည်းအကျဉ်း ရှိခဲ့သည်ဟု ပြောကြားသည်။

ပဋိပက္ခဖြစ်ပွားပြီးနောက် နှစ်ဘက်တပ်များသည် အဆိုပါနေရာမှ ချက်ချင်း ပြန်လည်ဆုတ်ခွာခဲ့ကြသည်ဟုလည်း အေအက်ဖ်ပီက ဖော်ပြသည်။

အာရှနျူကလီးယားနိုင်ငံကြီးများဖြစ်သည့် အိန္ဒိယနှင့် တရုတ်တို့အကြားတွင် ဆက်ဆံရေးသည် ၂၀၂၀ နယ်စပ်ပဋိပက္ခ နောက်ပိုင်းတွင် အဆိုးဆုံးအခြေအနေသို့ ရောက်လျက်ရှိသည်။ ၂၀၂၀ ဇွန်လက နှစ်ဘက်နယ်စပ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ၌ အိန္ဒိယစစ်သား ၂၀ ဦးသေဆုံးကာ တရုတ်စစ်သား အနည်းဆုံး ၄ ဦးအထိ သေဆုံးခဲ့သည်။

ဗီဒီယိုများ