သမ္မတဘိုင်ဒန်၏ ကိုယ်ပိုင်အိမ်မှာ ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းများ တွေ့ရှိ

အာဏာပိုင်များသည် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ အမှုကို စုံစမ်းစစ်ဆေးရင်း ယခုကဲ့သို့ ဘိုင်ဒန်ထံမှပါ စာရွက်စာတမ်းများ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

By Admin 13 Jan 2023

သမ္မတဘိုင်ဒန်၏ ကိုယ်ပိုင်အိမ်မှာ ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းများ တွေ့ရှိ

ဓာတ်ပုံ - AFP

ထိပ်တန်းလျှို့ဝှက်အဖြစ် သတ်မှတ်ထားသော စာရွက်စာတမ်း အနည်းငယ်အား ၎င်း၏ ကိုယ်ပိုင်နေအိမ်တွင် တွေ့ရှိခဲ့ရကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ အစိုးရစာရွက်စာတမ်းများအား တလွဲအသုံးပြုမှုဖြင့် လွှတ်တော်က ကြားနာစစ်ဆေးရန် ရှိနေကြောင်းလည်း သမ္မတဘိုင်ဒန်က ပြောကြားသည်။

ဒဲလာဝေးပြည်နယ် ဝယ်မင်တန်မြို့ရှိ ဘိုင်ဒန်၏နေအိမ်၌ အိုဘားမား-ဘိုင်ဒန်လက်ထက် ရက်စွဲများဖြင့် စာရွက်စာတမ်းများကို တွေ့ရှိခဲ့သလို အလားတူစာရွက်များကို ဘိုင်ဒန် ယခင်ကရုံးထိုင်ခဲ့သည့် ဝါရှင်တန်ရှိ အကြံပေးအဖွဲ့ရုံးခန်းတွင်ပါ တွေ့ရှိခဲ့ရသည်။ 

“ထိပ်တန်းလျှို့ဝှက် အချက်အလက်တွေနဲ့ ထိပ်တန်းလျှို့ဝှက် ပစ္စည်းတွေကို ကျွန်တော် အလေးထားတယ်ဆိုတာ လူတွေသိပါတယ်” ဟု ဘိုင်ဒန်က သတင်းထောက်များအား ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

အာဏာပိုင်များသည် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ အမှုကို စုံစမ်းစစ်ဆေးရင်း ယခုကဲ့သို့ ဘိုင်ဒန်ထံမှပါ စာရွက်စာတမ်းများ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

“တရားရေးဌာနရဲ့ သုံးသပ်ချက်ကို ကျွန်တော်တို့ အပြည့်အဝ လိုက်နာသွားမှာပါ။ ဒီဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကျွန်တော့်ရဲ့ ရှေ့နေတွေကလည်း ကျွန်တော် ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က စာရွက်စာတမ်းတွေကို တွေ့ရှိခဲ့ရတဲ့ အခြားနေရာတွေကို လေ့လာသုံးသပ်ပြီးပါပြီ” ဟု သူက ပြောကြားသည်။

FBI အဖွဲ့သည် သမ္မတဟောင်း ထရမ့်၏နေအိမ်တွင် လျှို့ဝှက်စာရွက်စာတမ်းများ တစ်သောင်းကျော်အထိ တွေ့ရှိခဲ့သည်။ ထရမ့်သည် တရားစီရင်ရေးကို ဖျက်လိုဖျက်ဆီးလုပ်မှုဖြင့် တရားစွဲဆိုခံရနိုင်ဖွယ် ရှိနေသည်။

သို့သော်လည်း ဘိုင်ဒန်ထံတွင် လျှို့ဝှက်အချက်အလက်များ တွေ့ရှိရမှုကမူ စာရိတ္တစံနှုန်းများကို အထူးအမွှမ်းတင်နေသည့် သမ္မတတစ်ဦးအတွက် နိုင်ငံရေးအရ လျော်ကန်မှုမရှိသည့် အနေအထားတစ်ရပ် ဖြစ်လျက်ရှိသည်။

ဗီဒီယိုများ