အမ်စတာဒမ်မှာ စက်ဘီးအစီးရေ ၇ ထောင် ရပ်နားနိုင်သည့် ရေအောက်စက်ဘီးဂိုဒေါင် ဖွင့်လှစ်

အမ်စတာဒမ်တွင် မြို့နေလူဦးရေ ၆၃ ရာခိုင်နှုန်းသည် နေ့စဉ်သွားလာမှုများအတွက် စက်ဘီးကို အဓိကအသုံးပြုကြပြီး တစ်မြို့လုံး အတိုင်းအတာဖြင့် စက်ဘီးအစီးရေ ၉ သိန်းခန့်ရှိမည်ဟု ခန့်မှန်းရသည်။

By Admin 27 Jan 2023

အမ်စတာဒမ်မှာ စက်ဘီးအစီးရေ ၇ ထောင် ရပ်နားနိုင်သည့် ရေအောက်စက်ဘီးဂိုဒေါင် ဖွင့်လှစ်

စက်ဘီးဂိုဒေါင်ကြီးအား ယခုမြင်နေရသည့် ရေပြင်အောက်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဓာတ်ပုံ - Bouwwebcam.nl Youtube

စက်ဘီးအစီးရေ ၉ သိန်းခန့်အထိ ရှိနေသည့် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့၌ စက်ဘီးရပ်နားရန် နေရာသစ်တစ်ခုကို ရေအောက်တွင် ဖွင့်လှစ်လိုက်ကြောင်း Evening Standard သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၅) ဖွင့်လှစ်လိုက်သော ဤစက်ဘီးဂိုဒေါင်၌ အစီးရေ ၇ ထောင် ရပ်နားနိုင်မည် ဖြစ်သည်။ ဂိုဒေါင်တွင်း၌ ကိုယ်ပိုင်သုံးအတွက် အစီးရေ ၆,၃၀၀ စာနေရာနှင့် အများသုံးအတွက် အစီးရေ ၇၀၀ စာနေရာ ပါရှိသည်။ အဆိုပါနေရာကို ပိတ်ရက်မရှိ ဖွင့်လှစ်ထားမည် ဖြစ်သည်။

IJ မြစ်လက်တက်နှင့် ဆက်စပ်နေသည့် Open Heaven Front နေရာ၏ အောက်ခြေတွင် တည်ဆောက်ထားသည့် ယခုစီမံကိန်းအတွက် ယူရိုငွေ သန်း ၆၀ အသုံးပြုထားကာ စုစုပေါင်း တည်ဆောက်ချိန် ၄ နှစ်ကြာမြင့်ခဲ့သည်။

အမ်စတာဒမ် မြူနီစီပါယ်ဌာနက ဖော်ပြသည့် ဗီဒီယိုဖိုင်၌ Open Heaven Front နေရာအချို့မှ ရေများကို စုပ်ထုတ်ပြီး အဆောက်အအုံကို ဆောက်လုပ်ကာ ပြီးစီးချိန်၌ ရေများ ပြန်လည်ဖြည့်တင်းလိုက်သည်ကို တွေ့ရသည်။

အမ်စတာဒမ်တွင် မြို့နေလူဦးရေ ၆၃ ရာခိုင်နှုန်းသည် နေ့စဉ်သွားလာမှုများအတွက် စက်ဘီးကို အဓိကအသုံးပြုကြပြီး တစ်မြို့လုံး အတိုင်းအတာဖြင့် စက်ဘီးအစီးရေ ၉ သိန်းခန့်ရှိမည်ဟု ခန့်မှန်းရသည်။

စက်ဘီးအစီးများသဖြင့် သဘာဝပတ်ဝန်းကျင်အတွက် အကျိုးရှိသော်လည်း အခြားတစ်ဘက်တွင်မူ သိန်းနှင့်ချီသော စက်ဘီးများ ရပ်နားခြင်း၊ စွန့်ပစ်ခြင်းများအတွက် နေရာလိုအပ်ချက် အခက်အခဲနှင့်လည်း ရင်ဆိုင်နေရသည်။

ဗီဒီယိုများ