စီးပွားရေးကျပ်တည်းမှုနဲ့အတူ အမေရိကန်မီဒီယာကုမ္ပဏီကြီးတွေ ဝန်ထမ်းအများအပြားလျှော့ချ

စီအန်အန်ကနေ ဝါရှင်တန်ပို့စ်လို မီဒီယာကုမ္ပဏီကြီးတွေအထိ အမေရိကန်မီဒီယာ ကုမ္ပဏီကြီးတွေဟာ ခက်ခဲတဲ့ကာလကို ရင်ဆိုင်နေရပါတယ်။

By Admin 23 Jan 2023

စီးပွားရေးကျပ်တည်းမှုနဲ့အတူ အမေရိကန်မီဒီယာကုမ္ပဏီကြီးတွေ ဝန်ထမ်းအများအပြားလျှော့ချ

ဓာတ်ပုံ - AFP

စီအန်အန်ကနေ ဝါရှင်တန်ပို့စ်လို မီဒီယာကုမ္ပဏီကြီးတွေအထိ အမေရိကန်မီဒီယာ ကုမ္ပဏီကြီးတွေဟာ ခက်ခဲတဲ့ကာလကို ရင်ဆိုင်နေရပါတယ်။ ဒီနှစ်ဆောင်းရာသီကာလအတွင်း စီးပွားရေးကျဆင်းမှုနဲ့အတူ ကုမ္ပဏီအများအပြားဟာ ဝန်ထမ်းလျှော့ချမှုတွေ လုပ်နေကြပါတယ်။

Vox နဲ့ The Verge ဝက်ဘ်ဆိုက်တွေအပြင် အထင်ကရ New York မဂ္ဂဇင်းနဲ့ သူ့ရဲ့ အွန်လိုင်းပလက်ဖောင်းတွေကို ပိုင်ဆိုင်တဲ့ Vox Media ဟာ သူ့ရဲ့ ဝန်ထမ်း ၇ ရာခိုင်နှုန်း လျှော့ချမယ်လို့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာပဲ ကြေညာခဲ့ပါတယ်။ 

Vox ဝန်ထမ်းစုစုပေါင်း ၁၉၀၀ လောက်ရှိတာဆိုတော့ ၇ ရာခိုင်နှုန်းဆိုရင် အလုပ်ပြုတ်သူ အယောက် ၁၃၀ လောက် ရှိမှာပါ။

“အခက်အခဲရှိလာနေတဲ့ စီးပွားရေးအနေအထားက ကျွန်တော်တို့ရဲ့ လုပ်ငန်းနဲ့ နယ်ပယ်ကို အကျိုးသက်ရောက်မှု ရှိလာတဲ့အတွက် ဌာနတွေမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေထဲက ၇ ရာခိုင်နှုန်းကို လုပ်ငန်းရပ်ဆိုင်းဖို့ စီစဉ်လိုက်ရတာဟာ တော်တော်ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်” လို့ Vox ရဲ့ စီအီးအို ဂျင်ဘန်းကော့ဖ်က ပြောပါတယ်။

CNN ၊ NBC ၊ MSNBC ၊ Buzzfeed နဲ့ အခြားမီဒီယာတွေလည်း ဝန်ထမ်းလျှော့ချဖို့ စီစဉ်နေကြပါပြီ။ Washington Post သတင်းဌာနဟာ သူ့ရဲ့ ဝန်ထမ်းစုစုပေါင်း ၂၅၀၀ ထဲက ရာခိုင်နှုန်းအနည်းငယ် လျှော့ချမယ်ဆိုပြီး ပြီးခဲ့တဲ့လမှာ ကြေညာခဲ့ပါတယ်။ 

လျှော့ချရာမှာပါသွားတဲ့ သတင်းထောက်တစ်ချို့ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တွစ်တာပေါ်မှာ သူတို့ရဲ့ ခံစားချက်တွေကို ဖွင့်ဟခဲ့ကြပါတယ်။ ဒေါသထွက်သူတွေ၊ တုန်လှုပ်သွားရသူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်သူတွေရှိသူလို အလုပ်သစ်ရှာသူတွေလည်း ရှိပါတယ်။

NBC မှာ သတင်းထောက်တစ်ဦးအဖြစ် ငါးနှစ်လောက်လုပ်ခဲ့တဲ့ အမ်မီဆီးဂဲလ်ကတော့ “ကျွန်မတော့ ဘာဆက်လုပ်မလဲ စဉ်းစားရဦးမယ်။ ကျွန်မက အချက်အလက်တွေ စုဆောင်းတဲ့ သတင်းထောက်ပါ။ ကိုယ်တိုင်လည်းရေးသား ထုတ်ဝေပါတယ်” လို့ သူက တွစ်တာပေါ်မှာ ရေးထားပါတယ်။

Vice မီဒီယာရဲ့ စီအီးအိုဖြစ်သူ နန်စီဒူဘက်ကတော့ ကုမ္ပဏီကို ရောင်းဖို့စီစဉ်နေပြီလို့ ဝန်ထမ်းတွေကို သောကြာနေ့မှာ အသိပေးခဲ့ပါတယ်။

တကယ်တော့ စီးပွားရေးဆုတ်ယုတ်မှုဒဏ် ရင်ဆိုင်နေရတာ မီဒီယာတွေတင် မဟုတ်ပါဘူး။ မိုက်ခရိုဆော့နဲ့ ဂူးဂဲလ်တို့လည်းပါပါတယ်။ ဂူးဂဲလ်ကလည်း အလုပ်နေရာပေါင်း ၁၂၀၀၀ လျှော့ချမယ်လို့ သောကြာနေ့မှာပဲ ကြေညာခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံတစ်ဝန်းက မီဒီယာလုပ်ငန်းတွေမှာ ဝန်ထမ်းလျှော့ချရာမှာ ကပ်ပါသွားတဲ့ သတင်းသမား အရေအတွက် ပိုများလာနေပါတယ်။ ၂၀၀၈ က သတင်းသမားအရေအတွက် ၁၁၄၀၀၀ ရှိခဲ့ရာက ၂၀၂၀ မှာ ၈၅၀၀၀ ပဲရှိတော့တယ်လို့ Pew Research Center ရဲ့ ၂၀၂၁ လေ့လာချက်တစ်ရပ်အရ သိရပါတယ်။

ဗီဒီယိုများ