ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော ကိုဗစ်-၁၉ ရန်ပုံငွေများ အမေရိကန်ထံမှ တရုတ်ဟက်ကာများ ခိုးယူ

တရုတ်ဟက်ကာများသည် ၂၀၂၀ နောက်ပိုင်းတွင် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော ကိုဗစ်-၁၉ ရန်ပုံငွေများကို ခိုးယူထားကြောင်း အမေရိကန်ထောက်လှမ်းရေးဌာနက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

By Admin 06 Dec 2022

ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော ကိုဗစ်-၁၉ ရန်ပုံငွေများ အမေရိကန်ထံမှ တရုတ်ဟက်ကာများ ခိုးယူ

သရုပ်ဖော်ပုံ - Getty Images

DMG | ဒီဇင်ဘာ ၆

တရုတ်ဟက်ကာများသည် ၂၀၂၀ နောက်ပိုင်းတွင် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော ကိုဗစ်-၁၉ ရန်ပုံငွေများကို ခိုးယူထားကြောင်း အမေရိကန်ထောက်လှမ်းရေးဌာနက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

တရုတ်ဟက်ကာအဖွဲ့ APT41 သည် ယခုဖြစ်ရပ်အတွက် တာဝန်ရှိကြောင်း NBC သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ အဆိုပါသတင်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ ထပ်မံဖြေကြားရန် ထောက်လှမ်းရေးဘက်က ငြင်းဆိုခဲ့သော်လည်း သတင်းမှန်ကန်ကြောင်းကို အတည်ပြု ပြောကြားခဲ့သည်။

APT41 သည် ထင်ရှားသည့် ဆိုက်ဘာရာဇဝတ်ဂိုဏ်းဖြစ်ကာ အစိုးရကျောထောက်နောက်ခံ ပေးထားသည့် ဆိုက်ဘာတိုက်ခိုက်မှုများနှင့် အချက်အလက် ခိုးယူမှုများ လုပ်ဆောင်လေ့ရှိသည့် အဖွဲ့ဖြစ်ကြောင်း ကျွမ်းကျင်သူများ၏ ပြောကြားချက်များအရ သိရသည်။

အမေရိကန် တရားရေးဌာနက ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်တို့တွင် APT41 အဖွဲ့ဝင်အများအပြားအား ကုမ္ပဏီတစ်ရာကျော်ထံမှ အချက်အလက်များ ခိုးယူမှုဖြင့် တရားစွဲဆိုခဲ့သည်။ ၎င်းတို့အဖွဲ့၏ ခိုးယူခြင်း ခံခဲ့ရသည့် ကုမ္ပဏီများတွင် ဆော့ဖ်ဝဲကုမ္ပဏီများ၊ ဆက်သွယ်ရေးကုမ္ပဏီများ၊ ဆိုရှယ်မီဒီယာကုမ္ပဏီများနှင့် ဗီဒီယိုဂိမ်းထုတ်လုပ်သည့် ကုမ္ပဏီများ ပါဝင်သည်။

“ဆိုက်ဘာရာဇဝတ်သမားတွေ တရုတ်ပြည်ပြင်ပက ကွန်ပျူတာတွေကို တိုက်ခိုက်ပြီး တရုတ်အတွက် အကျိုးရှိတဲ့ ဉာဏပစ္စည်းမူပိုင်ခွင့်တွေကို ခိုးယူနေသရွေ့ တရုတ်ပြည်ဟာ သူတို့အတွက် လုံခြုံတဲ့နေရာတစ်ခု ဖြစ်အောင် တရုတ်ကွန်မြူနစ်ပါတီက ဖန်တီးပေးထားတာကတော့ စိတ်မကောင်းစရာပါပဲ” ဟု ယခင်ရှေ့နေချုပ်လက်ထောက် ဂျက်ဖရီရိုဆင်က ထိုစဉ်က ပြောကြားခဲ့သည်။

ဝါရှင်တန်ရှိ တရုတ်သံရုံးကမူ ယခုသတင်းနှင့် ပတ်သက်၍ ရိုက်တာဘက်မှ မေးမြန်းမှုကို တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမျိုး မရှိသေးပေ။

ဗီဒီယိုများ