အင်္ဂလန်တစ်ဝန်း မိုးခေါင်ရေရှားမှု ရင်ဆိုင်နေရကြောင်း အစိုးရ တရားဝင်ကြေညာ

လပေါင်းများစွာ ကြာမြင့်ခဲ့သည့် စံချိန်တင် မိုးနည်းမှု၊ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မထင်မှတ်ဘဲ ရင်ဆိုင်ခဲ့ရသည့် အပူချိန် မြင့်တက်မှုတို့ ကြုံခဲ့ရပြီးနောက် အင်္ဂလန်နိုင်ငံတစ်ဝန်းတွင် မိုးခေါင်မှုဖြစ်ပွားလျက်ရှိကြောင်း ယူကေအစိုးရက သြဂုတ်လ ၁၂ ရက်နေ့၌ တရားဝင်ကြေညာလိုက်သည်။

15 Aug 2022

ဓာတ်ပုံ - AFP

DMG ၊ ဩဂုတ် ၁၅

လပေါင်းများစွာ ကြာမြင့်ခဲ့သည့် စံချိန်တင် မိုးနည်းမှု၊ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မထင်မှတ်ဘဲ ရင်ဆိုင်ခဲ့ရသည့် အပူချိန် မြင့်တက်မှုတို့ ကြုံခဲ့ရပြီးနောက် အင်္ဂလန်နိုင်ငံတစ်ဝန်းတွင် မိုးခေါင်မှုဖြစ်ပွားလျက်ရှိကြောင်း ယူကေအစိုးရက သြဂုတ်လ ၁၂ ရက်နေ့၌ တရားဝင်ကြေညာလိုက်သည်။

နိုင်ငံလုံးဆိုင်ရာ မိုးခေါင်ရေရှား လေ့လာစောင့်ကြည့်ရေးအဖွဲ့ (NDG) ၏ အစည်းအဝေးတစ်ခုတွင် အစိုးရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ (EA) က အင်္ဂလန် အနောက်တောင်ပိုင်း၊ တောင်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် မိုးခေါင်မှုသတ်မှတ်ချက် အဆင့်အထိ ရောက်ရှိသွားပြီဟု ပြောကြားခဲ့သည်။

အင်္ဂလန်သည် ၁၉၃၅ ခုနှစ် ဇူလိုင်လနောက်ပိုင်း အခြောက်သွေ့ဆုံးကာလကို ရင်ဆိုင်နေရသည်ဟု EA ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ယူကေ မိုးလေဝသဌာနရုံးကလည်း ယခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ အင်္ဂလန်နှင့် ဝေလပြည်နယ်တို့တွင် ၁၉၇၆ ခုနှစ်နောက်ပိုင်း မိုးရွာသွန်းမှု အနည်းဆုံးပမာဏကို ကြုံခဲ့ရသည်ဟု ပြောကြားသည်။

“ယခုကဲ့သို့ ပုံမှန်မဟုတ်သည့် ခြောက်သွေ့ကာလတွင် လူတိုင်းလူတိုင်း ရေကို စနစ်တကျသုံးစွဲကြရန်” NDG ဥက္ကဌ ဟာဗီဘရက်ရှောက ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။

အင်္ဂလန်တွင် နောက်ဆုံးအကြိမ် မိုးခေါင်မှု ကြေညာခဲ့သည်မှာ ၂၀၁၈ ခုနှစ်က ဖြစ်သည်။

ဗီဒီယိုများ