ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးဇုန်သို့ တရုတ်လေယာဉ် ၅၇ စီးနှင့် စစ်သင်္ဘော ၄ စီးအထိ ဝင်ရောက်ခဲ့

ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးဇုန်သို့ ဇန်နဝါရီလ ၉ ရက်နေ့ အစောပိုင်း ၂၄ နာရီအတွင်း တရုတ်ဘက်မှ စစ်လေယာဉ် ၅၇ စီးဝင်ရောက်ခဲ့သလို ရေပြင်သို့လည်း စစ်သင်္ဘော ၄ စီး ဝင်ရောက်ခဲ့သည်။

By Admin 11 Jan 2023

ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးဇုန်သို့ တရုတ်လေယာဉ် ၅၇ စီးနှင့် စစ်သင်္ဘော ၄ စီးအထိ ဝင်ရောက်ခဲ့

ဓာတ်ပုံ - Taiwan News

ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးဇုန်သို့ ဇန်နဝါရီလ ၉ ရက်နေ့ အစောပိုင်း ၂၄ နာရီအတွင်း တရုတ်ဘက်မှ စစ်လေယာဉ် ၅၇ စီးဝင်ရောက်ခဲ့သလို ရေပြင်သို့လည်း စစ်သင်္ဘော ၄ စီး ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာန၏ တနင်္လာနေ့ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်ဝမ်နှင့် တရုတ်ပြည်မကြီးကို ခြားထားသည့် ကြားခံမျှဉ်းကိုကျော်လွန်၍ တရုတ်လေယာဉ် ၂၃ စီး ဝင်ရောက်ခဲ့ပြီး ထိုင်ဝမ်ကျွန်း၏ အရှေ့တောင်ဘက် လေကြောင်းရန် ကာကွယ်ရေးဇုန်သို့လည်း နျူကလီးယား သယ်ဆောင်နိုင်သည့် H-6 ဗုံးကြဲလေယာဉ် နှစ်စီးနှင့် BZK-005 ဒရုန်းသုံးစီးလည်း ဝင်ရောက်ခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ အရှေ့ပိုင်း စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှီယီက မိမိတို့တပ်များသည် ထိုင်ဝမ်တစ်ဝိုက်ရှိ ရေပြင်နှင့် ဝေဟင်ဧရိယာများတွင် ပူးပေါင်းစစ်ဆင်ရေးနှင့် တိုက်ခိုက်ရေး လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်ဟု ဇန်နဝါရီလ ၈ ရက်နေ့ ညဉ့်ပိုင်းတွင် ပြောကြားသည်။

“ယခုလေ့ကျင့်မှုများသည် ပြည်ပမှ လှုံ့ဆော်ရန်စမှုများနှင့် ထိုင်ဝမ် ခွဲထွက်ရေးအင်အားစုများကို တုံ့ပြန်ရေးအတွက် ရည်ရွယ် လေ့ကျင့်ခြင်းဖြစ်သည်” ဟုလည်း ရှီယီက ပြောကြားသည်။

တရုတ်စစ်တပ်၏ လေ့ကျင့်မှုများနှင့် ပတ်သက်၍ တိုင်ပေသမ္မတရုံးက တနင်္လာနေ့တွင် ကန့်ကွက်စာတစ်စောင် ထုတ်ပြန်ပြီး ရှုတ်ချခဲ့သည်။ တရုတ်၏ လေ့ကျင့်မှုများသည် ထိုင်ဝမ်ရေလက်ကြားနှင့် ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေသည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

“ကွန်မြူနစ်တပ်များသည် ပြီးခဲ့သော ရက်ပိုင်းတွင် အခြေအမြစ်မရှိသော ပြောကြားချက်များနှင့် အကြောင်းပြချက်များဖြင့် ထိုင်ဝမ်ကျွန်းဆွယ်တစ်ဝိုက်တွင် တောက်လျှောက်ဆိုသလို စစ်ဆင်ရေးများ လေ့ကျင့်လျက်ရှိသည်။ ဤလုပ်ရပ်များအား သမ္မတရုံးက ပြင်းပြင်းထန်ထန် ရှုတ်ချသည်” ဟု သမ္မတရုံးပြောခွင့်ရ ရှာဗီယာချန်းက ကြေညာချက်တွင် ထည့်သွင်းပြောကြားသည်။

တရုတ်သည် ထိုင်ဝမ်ကျွန်းဆွယ်အနီးတွင် တစ်လအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် အကြီးစား လေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သော ဒီဇင်ဘာလ ၂၅ ရက်နေ့ကလည်း တရုတ် တိုက်သင်္ဘော ၄ စီးနှင့် စစ်လေယာဉ် ၇၁ စီးအထိ ထိုင်ဝမ်အနီးတစ်ဝိုက်တွင် တွေ့ရှိခဲ့ရသည်ဟု ကာကွယ်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ