ရုရှားအတွက် ဒုံးကျည်များနှင့် ဒရုန်းများ ထပ်ပို့ပေးရန် အီရန်သဘောတူထား

ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်ဆင်နွှဲနေသော ရုရှားအတွက် အီရန်ဘက်က မြေပြင်ပစ်ဒုံးကျည်များအပြင် ဒရုန်းများပါ ထပ်မံပို့ပေးရန် သဘောတူထားကြောင်း အီရန်သံတမန် သတင်းရင်းမြစ်များကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 20 Oct 2022

ရုရှားအတွက် ဒုံးကျည်များနှင့် ဒရုန်းများ ထပ်ပို့ပေးရန် အီရန်သဘောတူထား

ဓာတ်ပုံ - Reuters

DMG ၊ အောက်တိုဘာ ၂၀

ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်ဆင်နွှဲနေသော ရုရှားအတွက် အီရန်ဘက်က မြေပြင်ပစ်ဒုံးကျည်များအပြင် ဒရုန်းများပါ ထပ်မံပို့ပေးရန် သဘောတူထားကြောင်း အီရန်သံတမန် သတင်းရင်းမြစ်များကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အီရန်နိုင်ငံ၏ ဒုတိယသမ္မတ မိုဟာမက်မော့ဘာ၊ အီရန်အစောင့်တပ်မှ အရာရှိကြီးနှစ်ဦးနှင့် အီရန်လုံခြုံရေးကောင်စီမှ အရာရှိတစ်ဦးတို့ အောက်တိုဘာလ ၆ ရက်နေ့က မော်စကိုသို့ အလည်အပတ် သွားရောက်စဉ် သဘောတူခဲ့ခြင်း ဖြစ်သည်။

“ရုရှားက ဒရုန်းတွေ ထပ်မံပို့ပေးဖို့ တောင်းဆိုခဲ့သလို ပစ်မှတ်ကို ပိုမိုတိတိကျကျ ပစ်နိုင်အောင် အဆင့်မြှင့်ထားတဲ့ အီရန်ဒုံးကျည်တွေလည်း တောင်းဆိုခဲ့ပါတယ်။ အထူးသဖြင့် ဖာတက်နဲ့ဇိုဖာဟာ ဒုံးကျည်အမျိုးအစား အုပ်စုဝင်တွေ ဖြစ်ပါတယ်”ဟု အီရန်သံတမန် သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်ကို ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဖာတက်နှင့် ဇိုဖာဟာဒုံးကျည်များသည် တာတိုပစ် ဒုံးများဖြစ်ပြီး ကီလိုမီတာ ၃၀၀ နှင့် ၇၀၀ အကြား ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိသည်။

အီရန်ဘက်က ပေးအပ်ရန် သဘောတူခဲ့သည်များအနက် ပေါက်ကွဲစေသောဗုံး တပ်ဆင်ထားသည့် Shahed-136 အမျိုးအစား အသေခံဒရုန်းများလည်း ပါဝင်သည်။

ပြီးခဲ့သောသီတင်းပတ်များအတွင်း ယူကရိန်းမြို့ကြီးများအား ရုရှားတို့က အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာတွင် အီရန်လုပ် Shahed-136 ဒရုန်းများလည်း ပါဝင်ကြောင်း ယူကရိန်းဘက်က သတင်းထုတ်ပြန်ထားသည်။ ရုရှားတို့ကမူ ယူကရိန်းအား မိမိတို့က အီရန်ဒရုန်းများဖြင့် တိုက်ခိုက်သည်ဆိုခြင်းမှာ အခြေအမြစ်မရှိသော စွပ်စွဲချက်သာဖြစ်ကြောင်း အောက်တိုဘာလ ၁၈ ရက်နေ့က ငြင်းဆိုခဲ့သည်။

ဗီဒီယိုများ