- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီး ပြင်သစ်သီလရှင် ကွယ်လွန်
လူစီရန်ဒင်အား ကိုဗစ်ကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့သည့် ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးအဖြစ်လည်း မှတ်တမ်းတင်ထားသည်။
19 Jan 2023
ဓာတ်ပုံ - AP
ကမ္ဘာ့အသက်အကြီးဆုံးဟု မှတ်တမ်းတင်ထားသော ပြင်သစ်မယ်သီလရှင်သည် ကွယ်လွန်သွားပြီဖြစ်ကြောင်း သူမနေထိုင်ခဲ့သည့် သက်ကြီးစောင့်ရှောက်ရေးဂေဟာမှ ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြောကြားလိုက်သည်။
ကွယ်လွန်ချိန်၌ အသက် ၁၁၈ နှစ်ရှိပြီဖြစ်သည့် လူစီရန်ဒင်သည် ၁၁၉ နှစ်ပြည့်ရန် သီတင်းပတ်အနည်းငယ် အလို၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ သူမသည် အင်္ဂါနေ့ နံနက်ပိုင်း ၂ နာရီတွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း တူလွန်မြို့ရှိ ကက်သရင်းလာဘိုး သက်ကြီးစောင့်ရှောက်ရေးဂေဟာ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
စစ္စတာအင်ဒရေဟု သိကြသည့် လူစီရန်ဒင်ကို ပြင်သစ်နိုင်ငံတောင်ပိုင်း အာလက်မြို့တွင် ၁၉၀၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မွေးဖွားခဲ့သည်။ အသက် ၁၁၉ နှစ်အရွယ် ဂျပန်အမျိုးသမီး ကာနဲတာနာကာ ပြီးခဲ့သည့်နှစ်က ကွယ်လွန်ခဲ့ပြီးနောက်တွင် သူမသည် အသက်အကြီးဆုံး ဖြစ်လာခဲ့သည်။
လူစီရန်ဒင်အား ကိုဗစ်ကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့သည့် ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးအဖြစ်လည်း မှတ်တမ်းတင်ထားသည်။ သူမသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ကိုဗစ်ကူးစက်ခံခဲ့ရသည်။ သို့သော်လည်း ကိုဗစ်လက္ခဏာ မဖြစ်စလောက်သာ ပြသခဲ့သလို သူမကိုယ်တိုင်ပင် သတိမပြုမိခဲ့ပေ။
ပြီးခဲ့သည့်နှစ် ဧပြီလက ပြင်သစ်မီဒီယာတစ်ခုက သူမအား ယခုကဲ့သို့ အသက်ရာကျော် ဖြတ်သန်းနိုင်ခဲ့မှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ၌ လူစီရန်ဒင်က
“အလုပ်လုပ်နေရင် လူက အသက်ဝင်နေတာလေ။ ကျွန်မအသက် ၁၀၈ နှစ်အထိ အလုပ်လုပ်ခဲ့တယ်” ဟု သူမကဖြေကြားခဲ့သည်။
သူမကွယ်လွန်ပြီးနောက် လက်ရှိတွင် စပိန်တွင်နေထိုင်နေသည့် အမေရိကန်ဖွား အမျိုးသမီး မာရီယာဘရာညာမိုရဲရာက အသက် ၁၁၅ နှစ်ဖြင့် ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ထားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။