အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် ဆယ်ဦး သေဆုံး

ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အင်ဂျလိစ်ရှိ အာရှနွယ်ဖွား အများစုနေထိုင်ရာ မွန်ထရီပက်ခ်မြို့တွင် စနေနေ့ညက သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးအထိ သေဆုံးခဲ့သည်။

By Admin 23 Jan 2023

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် ဆယ်ဦး သေဆုံး

ဓာတ်ပုံ - AP

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အင်ဂျလိစ်ရှိ အာရှနွယ်ဖွား အများစုနေထိုင်ရာ မွန်ထရီပက်ခ်မြို့တွင် စနေနေ့ညက သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးအထိ သေဆုံးခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဖုန်းခေါ်ဆိုမှု ရရှိခဲ့ပြီးနောက် သုံးမိနစ်ခန့်အတွင်း မွန်ထရီပက်ခ်ရှိ Star Ballroom Dance Studio သို့ ရဲအရာရှိများ ရောက်ရှိခဲ့ကြောင်း ရဲချုပ်စကော့ဝစ်စ်က တနင်္ဂနွေညပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ကလပ်အတွင်း၌ လူအများအပြား သေဆုံးလျက်တွေ့ရပြီး အချို့မှာလည်း တံခါးပေါက် အလန့်တကြား ပြေးထွက်လာကြသည်ကို တွေ့ရသည်ဟု သူကပြောသည်။

ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိပြီး ၇ ဦးမှာ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း လော့စ်အင်ဂျလိစ် ခရိုင်ရဲမှူး ရောဘက်လူနာက ပြောသည်။ သေဆုံးသူ ၁၀ ဦးလုံးမှာ အသက် ၅၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းရကြောင်း သူကပြောသည်။

သေနတ်သမားမှာ အသက် ၇၁ နှစ်အရွယ် ဟူကန်ထရန်ဆိုသူ ဖြစ်ပြီး အခြားတစ်စုံတစ်ဦး ပါဝင်ပတ်သက်မှု မတွေ့ရကြောင်း လူနာကပြောကြားသည်။

သေနတ်သမားသည် အဆိုပါနေရာ၌ ပစ်ခတ်မှုများ ပြုလုပ်ပြီးနောက် မိနစ် ၂၀-၃၀ ခန့်အကြာတွင် အနီးရှိမြို့တွင်ရှိသော Lai Lai ကပွဲသို့ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း အဆိုပါနေရာတွင် လူအချို့က သူ့ဆီမှလက်နက်ကို ဝင်လုကြသဖြင့် သူသည် ကားဖြင့် ထွက်ပြေးသွားသည်ဟု မျက်မြင်သက်သေများက အေပီကို ဖြေကြားသည်။

သေနတ်သမားကို တနင်္ဂနွေနေ့ နံနက်ပိုင်း၌ ဒုတိယအခင်းဖြစ်ပွားရာ နေရာနှင့် ၂၂ မိုင်ခန့်အကွာတွင် သူ၏ကားအတွင်း၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရကြောင်း အာဏာပိုင်များ၏ ပြောကြားချက်များအရ သိရသည်။

ပစ်ခတ်မှု ကျူးလွန်ရသည့် အကြောင်းရင်းကို လက်ရှိအချိန်အထိ မသိရသေးပေ။

လော့စ်အင်ဂျလိစ်အရှေ့ပိုင်းရှိ မွန်ထရီပက်ခ်မြို့တွင် လူဦးရေ ၆ သောင်းခန့်ရှိပြီး အများစုမှာ တရုတ်မှ ပြောင်းရွှေ့လာသူများ သို့မဟုတ် အာရှနွယ်ဖွား အမေရိကန်များ အနေများသည့်မြို့ ဖြစ်သည်။ တရုတ်နှစ်သစ်ကူး ပွဲတော်အတွက် ပြင်ဆင်ထားသည့် မြို့လယ်နေရာ၌ ယခုကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဗီဒီယိုများ