- စစ်တွေတွင် လူငယ် ၄ ဦးကို စစ်ကောင်စီနှင့် ALP တို့ ဖမ်းဆီး
- တက္ကသိုလ်ကျောင်းသားများကို စစ်ကောင်စီက စစ်သင်တန်းပေးနေမှုအပေါ် ဗကသ ဆန့်ကျင်
- ချင်းတောင်တွင် စစ်ဘေးရှောင်များ ဝမ်းရောဂါဖြစ်ပွားမှုမြင့်တက်နေ၊ သေဆုံးသူ ၄ ဦးထိရှိလာ
- ကျောက်ဖြူတွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရ
- စစ်တွေတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ မိသားစုဝင်များ ရွှေ့ပြောင်း
ယူကရိန်းကို နာမည်ကြီး Leopard တင့်ကားများပေးရန် ဂျာမနီသဘောတူ
ဂျာမနီလုပ် Leopard တင့်ကားများ ယူကရိန်းကို ကူညီပေးရန် ကီယက်ဗ်နှင့် မဟာမိတ်များက သီတင်းပတ်များစွာ ဖိအားပေးမှုများ နောက်ပိုင်း၌ ဘာလင်က ယခုကဲ့သို့ သဘောတူလိုက်ခြင်း ဖြစ်သည်။
26 Jan 2023
၂၀၁၉ ခုနှစ်က ဂျာမနီနိုင်ငံ မြောက်ပိုင်းတွင်ပြုလုပ်သည့် နေတိုးစစ်ရေးလေ့ကျင့်မှု တစ်ခုအတွင်း Leopard 2 A7 တင့်ကားတစ်စီးကို တွေ့ရစဉ်။/ ဓာတ်ပုံ - AFP
ကမ္ဘာ့အကောင်းဆုံး တင့်ကားများအနက်တစ်ခု ဖြစ်သည့် Leopard အမျိုးအစား တင့်ကား ၁၄ စီးကို ယူကရိန်းသို့ ပေးအပ်ရန် ဘာလင်က ဗုဒ္ဓဟူးနေ့တွင် သဘောတူလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
Leopard 2 A6 တင့်ကား ၁၄ စီးပေးမည်ဟု အစိုးရပြောခွင့်ရပုဂ္ဂိုလ် စတီဖင် ဟီဘက်စထရစ်က ပြောကြားသည်။ အခြားနိုင်ငံများကလည်း Leopard တင့်ကားများ ယူကရိန်းကို ပေးအပ်လိုပါက ခွင့်ပြုကြောင်း ဘာလင်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ဂျာမနီလုပ် Leopard တင့်ကားများ ယူကရိန်းကို ကူညီပေးရန် ကီယက်ဗ်နှင့် မဟာမိတ်များက သီတင်းပတ်များစွာ ဖိအားပေးမှုများ နောက်ပိုင်း၌ ဘာလင်က ယခုကဲ့သို့ သဘောတူလိုက်ခြင်း ဖြစ်သည်။
အနောက်နိုင်ငံများက လက်နက်များ အမြောက်အများ ထောက်ပံ့ပေးနေသည့် တစ်ချိန်တည်း၌ ယူကရိန်းသည် ရုရှားတပ်များကို ပြန်လည်တိုက်ထုတ်ရာတွင် အသုံးပြုရန်အတွက် တင့်ကားများပါ တောင်းခံလျက်ရှိသည်။
ယခုကဲ့သို့ တင့်ကားများ ထောက်ပံ့မှုနှင့်အတူ ဂျာမနီသည် ယူကရိန်းတပ်များအတွက် တင့်ကားအသုံးပြုနည်း၊ လက်နက်ခဲယမ်း စီမံခန့်ခွဲမှုနှင့် တင့်ကားထိန်းသိမ်းရေး အတွက်ပါ သင်တန်းများကို ဂျာမနီနိုင်ငံတွင်း၌ လေ့ကျင့်ပေးသွားမည် ဖြစ်သည်။
ဂျာမနီသည် အစောပိုင်းတွင် ယူကရိန်းကို တင့်ကားများပေးအပ်ရန် ငြင်းဆန်နေခဲ့သည်။ ထိုစဉ်က ဘာလင်၏ ဝေခွဲမရဖြစ်နေမှုအပေါ် ယူကရိန်းဘက်က ရှုတ်ချပြောကြားခဲ့သလို ယူကရိန်းသမ္မတ အကြံပေး မီခေးလိုပိုဒိုယက်ကလည်း “နှောင့်နှေးနေတဲ့ နေ့ရက်တွေတိုင်းမှာ ယူကရိန်းနိုင်ငံသားတွေဟာ အသက်ဆုံးပါးနေရပါတယ်။ မြန်မြန် စဉ်းစားကြပါ” ဟု တွစ်တာပေါ်တွင် ရေးသားခဲ့သည်။
ယူကရိန်းသည် အမေရိကန်ထံမှလည်း Abrams တင့်ကားများ တောင်းခံထားသည်။ ဝါရှင်တန်ကမူ Abrams တင့်ကားများသည် လေ့ကျင့်သင်ကြားမှုနှင့် ထိန်းသိမ်းမှုအပိုင်းတွင် ခက်ခဲသဖြင့် ယူကရိန်းကိုပေးရန် အဆင်မပြေကြောင်း ပြောကြားထားသည်။