တရုတ်အားကောင်းလာမှုကို ကိုင်တွယ်ရာမှာ အမေရိကန်ဘက်က ဘယ်လိုမူဝါဒတွေနဲ့ လုပ်ရပ်တွေကို ရှောင်သင့်သလဲ။

တရုတ်ကို စစချင်းဆောက်နဲ့ထွင်းပြီး ရန်သူလို သွားမဆက်ဆံနဲ့။ မဟုတ်ရင်တော့ တရုတ်ဘက်ကလည်း အမေရိကန်ကို အာရှ-ပစိဖိတ်ကနေ ဖယ်ရှားရေးအတွက် တန်ပြန်မဟာဗျူဟာတစ်ရပ် ချလာလိမ့်မယ်။ တကယ်တော့ ခုတောင် ဒီလိုမဟာဗျူဟာမျိုး ဆွေးနွေးနေကြပါပြီ။

By လင်းခိုင် 16 Aug 2022

သြဂုတ် ၁၆ | DMG

တရုတ်ကို စစချင်းဆောက်နဲ့ထွင်းပြီး ရန်သူလို သွားမဆက်ဆံနဲ့။ မဟုတ်ရင်တော့ တရုတ်ဘက်ကလည်း အမေရိကန်ကို အာရှ-ပစိဖိတ်ကနေ ဖယ်ရှားရေးအတွက် တန်ပြန်မဟာဗျူဟာတစ်ရပ် ချလာလိမ့်မယ်။ တကယ်တော့ ခုတောင် ဒီလိုမဟာဗျူဟာမျိုး ဆွေးနွေးနေကြပါပြီ။

ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းမှာ အင်အားကြီးနေရာကို ရဖို့အတွက် ဒီနှစ်နိုင်ငံအကြားမှာ ရှောင်လွဲလို့မရတဲ့ ယှဉ်ပြိုင်မှုတစ်ရပ် ရှိလာလိမ့်မယ်။ ဒါပေမဲ့ ပဋိပက္ခအဆင့်အထိ ဦးတည်သွားဖို့တော့ မလိုဘူး။

အမေရိကန် လူ့အခွင့်အရေးအုပ်စုတွေ တရုတ်ဒေါသကို သွားဆွတာ၊ အထူးအခွင့်အရေး ရထားတဲ့ နိုင်ငံအဆင့် ဆုံးရှုံးသွားမယ့်သဘော ခြိမ်းခြောက်တာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒုံးပျံနည်းပညာ လွှဲပြောင်းပေးအပ်မှုတွေကြောင့် အမေရိကန်လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့က ဒဏ်ခတ်ပိတ်ဆို့တာတွေဟာ မတူကွဲပြားတဲ့ ယဉ်ကျေးမှု၊ စံတန်ဖိုး၊ သမိုင်းတွေကို မျက်ကွယ်ပြုထားရာရောက်တယ်။ တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ မဟာဗျူဟာရေးရာ ထည့်သွင်းတွက်ချက်ရမယ့် အချက်တွေကို ပြည်တွင်းလုပ်ငန်းစဉ်လောက် အလေးမထားရာ ရောက်တယ်။ ဒီလိုမျိုး ကြုံရာကျပန်း ချည်းကပ်ပုံတွေကြောင့် တရုတ်ဟာ အမေရိကန်ရဲ့ ရေရှည်ရန်ဘက်နိုင်ငံတစ်ခု ဖြစ်သွားနိုင်ခြေ ရှိနေတယ်။ ဆတ်ဆတ်ထိမခံ ဖြစ်နေတာကို လျှော့ချတာ၊ တရုတ်ရဲ့ ယဉ်ကျေးမှုဆိုင်ရာ အရှိတရားတွေကို နားလည်မှုပိုပေးတာမျိုးက နှစ်နိုင်ငံ ထိပ်တိုက်ရင်ဆိုင်မှုကို လျှော့ချပေးနိုင်တယ်။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီ ဖြစ်တဲ့အတွက် အမေရိကန်-တရုတ် ဆက်ဆံရေးတွေမှာ ဘုံရန်သူတစ်ရပ်က ပဲ့ကိုင်ထားတာမျိုး မရှိတော့ဘူး။ အမေရိကန်အနေနဲ့ တရုတ်အပေါ်မှာ နှစ်ပါတီပူးတွဲမူဝါဒတစ်ရပ် ချမှတ်ဖို့ လိုနေသေးတယ်။ တရုတ်မှာ ကမ္ဘာ့ထိပ်သီး အင်အားကြီးတစ်နိုင်ငံ ဖြစ်လာနိုင်တဲ့အလားအလာ ရှိတယ်။

အမေရိကန်ဟာ သူတစ်ဦးတည်း ကမ္ဘာ့ဥသျှောင်အဖြစ် ရှိနေတဲ့ ပိုနေမြဲကျားနေမြဲ အနေအထားကို ထိန်းထားချင်တယ်။ ဒါပေမဲ့ တရုတ်ရဲ့ အင်အားကြီးထွားလာမှုက နှစ်ပေါင်း ၃၀ အတွင်းမှာ ဒီပြိုင်ဘက်ကင်းနေရာကို စိန်ခေါ်လာနိုင်ခြေ ရှိနေတယ်။ တရုတ်အပေါ်ထားတဲ့ အမေရိကန်ရဲ့ မူဝါဒဟာ တီယန်အန်မင်အရေးအခင်းကို မီဒီယာတွေ စစ်စစ်ပေါက်ပေါက် ဖော်ပြတာ၊ တရုတ်အစိုးရကို ဆန့်ကျင်သူတွေ ဖိနှိပ်ခံရလို့ ထွက်ပြေးရတာ၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ဦးစားပေးခံရဆုံးနိုင်ငံအဆင့်၊ တိဘက်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးနဲ့ ဒလိုင်လားမားအရေး၊ ထိုင်ဝမ်က လွတ်လပ်တဲ့နိုင်ငံအဖြစ် ထူထောင်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ကြိုးစားနေတာစတဲ့ တိုက်ရိုက်မပတ်သက်တဲ့ အချက်အလက်တွေနဲ့ မောင်းနှင်နေတာ။

တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ စည်းလုံးညီညွတ်မှုကို စိန်ခေါ်တဲ့ ကိစ္စရပ်တွေဟာ တရုတ်ကို ရန်လိုအောင်ဆွပေးနေတဲ့ ကိစ္စတွေပဲ။ အမေရိကန်ရဲ့ မူဝါဒဟာ အလျင်အမြန် ထိုးတက်နေတဲ့ တရုတ်စီးပွားရေး နှေးကွေးသွားအောင် ဒါမှမဟုတ် နောက်ပြန်လန်သွားအောင် လုပ်ပြီး တရုတ်ကို ကန့်သတ်ထားချင်တာမျိုးဆိုမှ ဒီလိုကိစ္စရပ်တွေနဲ့ ဖိအားပေးနေတာက အဓိပ္ပာယ်ရှိမယ်။

စီးပွားရေးဆိုင်ရာ ဧရာမပြုပြင်ပြောင်းလဲမှုတွေက တရုတ်ကို လမ်းပွင့်သွားစေတယ်။ ဖြေလျှော့ပေးရေးဟာ အမေရိကန်မူဝါဒရဲ့ ပန်းတိုင်ဆိုရင် ဒီအတွက်အဖြေက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်ဖို့ပဲ။ ဒီအစား အမေရိကန်ဟာ တရုတ်ရဲ့ အထူးအခွင့်အရေးရနိုင်ငံ အဆင့်ကို ဖြတ်တောက်ပစ်မယ် ဆိုပြီး တလွဲခြိမ်းခြောက်နေတယ်။ အမေရိကန်ပြည်ထဲရေး ဝန်ကြီးဌာနဟာ ကျောင်းသားရဲ့ နှစ်ပတ်လည်အစီရင်ခံစာကို သူ့မိဘဆီပြဖို့ လုပ်နေတဲ့ ကျောင်းအုပ်ကြီးရဲ့ ရေးသားပုံမျိုးနဲ့ တရုတ်လူ့အခွင့်အရေး အစီရင်ခံစာကို ရေးတယ်။

ဒီလိုလုပ်လိုက်လို့ အမေရိကန်တွေအဖို့ အရသာတွေ့ပြီး တရုတ်တွေအဖို့လည်း သိမ်ငယ်သယောင် ဖြစ်ကောင်းဖြစ်မယ်။ ဒါတွေရဲ့ ရေရှည်အကျိုးဆက်တွေကိုတော့ အရှေ့အာရှက ဘဝင်မကျကြဘူး။

တရုတ်ကို နိုင်ငံတကာအသိုင်းအဝိုင်းထဲ ဆွဲခေါ်နိုင်တဲ့နေရာမှာ တခြားနိုင်ငံတွေထက် အမေရိကန်က ပိုအဓိကကျတယ်။ တရုတ်ကို ဒီမိုကရေစီပိုဆန်အောင် လုပ်ချင်ကြောင်း ပြသနေတဲ့ အမေရိကန်ရဲ့ သဘောထားကြောင့် အခက်အခဲတွေ ကြုံနေရတာ။ တရုတ်က ဒီသဘောထားဟာ သူ့ရဲ့ ပြည်တွင်းရေးကို စွက်ဖက်မှုအဖြစ် မြင်ပြီး သဘောမကျဘဲ ဆန့်ကျင်တယ်။ တရုတ်ရဲ့ ကိုယ်ပိုင်သရုပ်သကန်ကို ပြင်ပအင်အားတွေက ဒီဇိုင်းမပြောင်းနိုင်ဘူး။

အမေရိကန်လူမှုအသိုင်းအဝိုင်းဟာ အလွန်အမင်း ဗဟုသဘောဆန်ပြီး အကျိုးစီးပွားလည်း အမျိုးမျိုးကွဲပြားကြတဲ့အတွက် တရုတ်အပေါ်မှာ တစ်သဘောတည်း ရှိနေဖို့ မဖြစ်နိုင်ဘူး။ တခါတလေဆိုရင် အမေရိကရဲ့ ပြောဆိုရေးသားချက်တွေအရ တရုတ်ကို ထိတွေ့ဆက်ဆံတယ်ဆိုတာ စစ်ရေးအရ ထိတွေ့ဆက်ဆံတာမျိုးတော့ မဟုတ်လောက်ပါဘူး ဆိုတာမျိုးအထိ တရုတ်အတွက် စဉ်းစားစရာ ဖြစ်စေတယ်။ ကမ္ဘာကြီး လုံခြုံရေးနဲ့ တည်ငြိမ်ရေးဆိုင်ရာ မေးခွန်းတွေကို မဆွေးနွေးခင်မှာ အမေရိကန်အဖို့ တရုတ်နိုင်ငံကို ဖြိုခွဲချင်စိတ် မရှိဘူးဆိုတဲ့သဘောထားနဲ့ တရုတ်ကိုအရင်ဖျောင်းဖျဖို့ လိုအပ်တယ်။

လင်းခိုင်
(စင်္ကာပူခေါင်းဆောင် လီကွမ်ယု၏ ဖြေကြားချက်များ၊ မိန့်ခွန်းများနှင့် စာစုကောက်နုတ်ချက်များကို ၂၀၁၂ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် The Grand Master’s Insights စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။ ဓာတ်ပုံ - The Finder)

ဗီဒီယိုများ