မျောက်ကျောက်ရောဂါကူးစက်မှု မြင့်တက်လာခြင်းနှင့်အတူ ဘရာဇီးတွင် မျောက်များ တိုက်ခိုက်ခံရမှုများ ရှိလာ

ဘရာဇီးနိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်မှုနှင့် ဆက်စပ်၍ မျောက်များ သတ်ဖြတ်ခံနေရသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သြဂုတ်လ ၉ ရက်နေ့တွင် ပြောကြားလိုက်သည်။

12 Aug 2022

ဓာတ်ပုံ - The Guardian

DMG ၊ ဩဂုတ် ၁၂

ဘရာဇီးနိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်မှုနှင့် ဆက်စပ်၍ မျောက်များ သတ်ဖြတ်ခံနေရသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သြဂုတ်လ ၉ ရက်နေ့တွင် ပြောကြားလိုက်သည်။

ဘရာဇီးနိုင်ငံ ဆာအိုပေါ်လိုပြည်နယ်ရှိ ဆာအိုဟိုဆေးဒိုရီယိုပရက်တိုမြို့တွင် တစ်ပတ်ပင်မပြည့်သေးသည့် ကာလအတွင်း အဆိပ်ခတ်ကာ သတ်ဖြတ်ခံရသော မျောက်ကောင်ရေ ၁၀ ကောင်အထိ ရှိသွားပြီဖြစ်ကြောင်း ဘရာဇီးသတင်းဝက်ဘ်ဆိုက် G1 တွင် ဖော်ပြထားသည်။

“ကျွန်မတို့ အခုကြုံနေရတဲ့ ကူးစက်မှုဟာ လူသားတွေကြားမှာ ဖြစ်တယ်ဆိုတာကို လူတွေသိဖို့လိုပါတယ်” ဟု WHO ပြောခွင့်ရပုဂ္ဂိုလ် မာဂရက်ဟဲရစ်က ဂျီနီဗာတွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားသည်။

ဘရာဇီးနိုင်ငံတွင် လက်ရှိ၌ မျောက်ကျောက်ရောဂါ ကူးစက်မှု ၁၇၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း WHO ၏ ပြောကြားချက်အရ သိရသည်။

ဘရာဇီးတွင် မျောက်ကျောက်ကြောင့် သေဆုံးသူ အမျိုးသားတစ်ဦးရှိပြီး ၎င်းသည် ကိုယ်ခံအားနည်းကာ အခြားရောဂါ အခံများပါ ရှိထားသူဖြစ်သည်ဟု ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောကြားထားသည်။

ကူးစက်ရောဂါများသည် တိရစ္ဆာန်များမှ လူသားများထံသို့ ကူးစက်နိုင်သော်လည်း လတ်တလော ကူးစက်မှုမှာ လူသားအချင်းချင်းသာ ကူးစက်နေခြင်းဖြစ်ကြောင်း ဟဲရစ်က ပြောကြားသည်။

“လူတွေအနေနဲ့ တိရစ္ဆာန်တွေကို လုံးဝ မတိုက်ခိုက်သင့်ပါဘူး” ဟုလည်း သူမက ပြောသည်။

ဘရာဇီးနိုင်ငံ၌ အဝါရောင်အဖျား (Yellow Fever) ဖြစ်ပွားချိန်ကလည်း မျောက်များ တိုက်ခိုက်ခံရမှုများရှိခဲ့သည်။

ပြီးခဲ့သော မေလမှစတင်၍ လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံ ၉၀ နီးပါးတွင် မျောက်ကျောက်ကူးစက်မှု ၂၉၀၀၀ ကျော် ရှိနေပြီဖြစ်သည်။ မျောက်ကျောက်ရောဂါ ကူးစက်မှုကို အရေးပေါ်အခြေအနေအဖြစ် WHO က ဇူလိုင်လတွင် ကြေညာခဲ့သည်။

ဗီဒီယိုများ