တောင်အာဖရိက ရေကြီးမှုကြောင့် သေဆုံးသူ ၄၄၃ ဦးအထိ ရှိလာ

ရေကြီးမှုဒဏ်ကို အသည်းအသန်ရင်ဆိုင်ခဲ့ရသည့် တောင်အာဖရိကနိုင်ငံတွင် သေဆုံးသူစုစုပေါင်းသည် ဧပြီလ ၁၇ ရက်နေ့အထိ ၄၄၀ ကျော်သွားပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

18 Apr 2022

ဓာတ်ပုံ - AP

DMG | ဧပြီ ၁၈

ရေကြီးမှုဒဏ်ကို အသည်းအသန်ရင်ဆိုင်ခဲ့ရသည့် တောင်အာဖရိကနိုင်ငံတွင် သေဆုံးသူစုစုပေါင်းသည် ဧပြီလ ၁၇ ရက်နေ့အထိ ၄၄၀ ကျော်သွားပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မိုးသည်းထန်နေခဲ့ရာက ယခုအခါ အရှိန်လျော့သွားပြီဖြစ်သည့် မုန်တိုင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်လာခြင်းနှင့်အတူ ယခုကဲ့သို့ သေဆုံးသူများ ပိုမိုတွေ့ရှိလာရခြင်းဖြစ်သည်။

အရှေ့တောင်ပိုင်း ကမ်းခြေဒေသတွင် ပြီးခဲ့သည့် သီတင်းပတ်၌ စတင်ခဲ့သည့် သည်းထန်သော မိုးရွာသွန်းမှုများကြောင့် ရေကြီးမှုများနှင့်အတူ ဒါဘန်းမြို့နှင့် ပတ်ဝန်းကျင်ဧရိယာသည် မြေပြိုမှုများပါ ဖြစ်ပွားရင်ဆိုင်ခဲ့ရသည်။

အဆောက်အအုံများပြိုကျပြီး နေအိမ်များ ရွှံ့နွံဖုံးလွှမ်းခံရမှုနှင့်အတူ အဆိုပါရေကြီးမှုများကြောင့် သေဆုံးသူအရေအတွက်သည် ဧပြီလ ၁၈ ရက်နေ့အထိ ၄၄၃ ဦးရှိသွားပြီဖြစ်ကာ ၎င်းတို့ထဲတွင် ကယ်ဆယ်ရေး ရဲဝန်ထမ်းနှစ်ဦးလည်း ပါဝင်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

နောက်ထပ် ပျောက်ဆုံးနေသူ သို့မဟုတ် သေဆုံးပြီဟု ယူဆရသူ ၆၃ ဦးအထိ ရှိနေပြီး ကမ်းခြေများတွင်လည်း အမှိုက်သရိုက်များနှင့် အပျက်အစီးများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။

တနင်္ဂနွေနေ့တွင် မိုးရွာသန်းမှုပမာဏ ကျဆင်းလာပြီဖြစ်သဖြင့် ဒါဘန်းမြို့နှင့် အနီးတစ်ဝိုက်တွင် ရှာဖွေရေးလုပ်ငန်းများနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ဒါဘန်းသည် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုဒဏ်ကို အများဆုံး ရင်ဆိုင်ခဲ့ရသည့် မြို့တော်ဖြစ်သည်။ မြို့တွင်း နေရာအများအပြားသည် ပြီးခဲ့သည့် သီတင်းပတ်အစ တနင်္ဂနွေနေ့ကတည်းက သောက်သုံးရေ ပြတ်တောက်လျက်ရှိသည်။ မုန်တိုင်းနှင့် ရေကြီးမှုကြောင့် ဆေးရုံအများအပြားနှင့်အတူ စာသင်ကျောင်း စုစုပေါင်း ၅၀၀ ကျော် ပျက်စီးခဲ့သည်။

“အသက်ဆုံးပါးမှု၊ နေအိမ်တွေ ပျက်စီးဆုံးရှုံးမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံတွေ ပျက်စီးမှုတွေကြောင့် ဒီသဘာဝဘေးဟာ ကျွန်တော်တို့ခရိုင်ရဲ့ သမိုင်းမှာ အဆိုးဆုံး ဘေးဒုက္ခတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါပြီ” ဟု ကာဝါဇူလူ ခရိုင်ဝန်ကြီး ဆီလီဇီကာလာလာက ပြောကြားသည်။

ဥတုရာသီပြောင်းလဲမှုကြောင့် ကမ္ဘာကြီး ပိုမိုပူနွေးလာမှုနှင့်အတူ ရေကြီးမှုနှင့် အခြားသော ပြင်းထန်မိုးလေဝသများသည် ပိုမိုအားကောင်းလာပြီး ခပ်စိတ်စိတ် ကြုံတွေ့လာနေရကြောင်း သိပ္ပံပညာရှင်များက သတိပေးလျက်ရှိသည်။

ဗီဒီယိုများ