တစ်လကျော်ကြာအောင် စံချိန်တင်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် တောင်အာဖရိကတွင် လူ ၂၀၀ ကျော်သေဆုံး

အာဖရိကတောင်ပိုင်းတစ်လျှောက် ဖေဖော်ဝါရီလ ၆ ရက်နေ့တည်းက တိုက်ခတ်နေသည့် ဖရက်ဒီမုန်တိုင်းကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 16 Mar 2023

ဓာတ်ပုံ - AP
ဓာတ်ပုံ - AP

အာဖရိကတောင်ပိုင်းတစ်လျှောက် ဖေဖော်ဝါရီလ ၆ ရက်နေ့တည်းက တိုက်ခတ်နေသည့် ဖရက်ဒီမုန်တိုင်းကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဖရက်ဒီသည် ပြီးခဲ့သော စနေ၊တနင်္ဂနွေရက်များတွင် မိုဇမ်ဘစ်နိုင်ငံ၌ တိုက်ခတ်ခဲ့ပြီးနောက် တနင်္လာနေ့ အစောပိုင်းတွင် ကုန်းတွင်းပိတ် မာလာဝီနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည်။ 

မာလာဝီနိုင်ငံ ဘလန်တီယာ (Blantyre) မြို့သို့ ဖရက်ဒီ ဝင်ရောက်ခဲ့သည့်အတွက် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားကာ သေဆုံးရသူ အရေအတွက်သည် လက်ရှိအထိ အနည်းဆုံး ၁၉၀ ဦးရှိသည်။ ဒဏ်ရာရသူ ၅၈၄ ဦးရှိကာ ပျောက်ဆုံးနေသူ ၃၇ ဦးရှိကြောင်း မာလာဝီအစိုးရ၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဖရက်ဒီဟု စတင်အမည်ပေးခဲ့သည့် ဤဆိုင်ကလုန်းမုန်တိုင်းသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် မက်ဒါဂါစကာ နိုင်ငံတစ်လျှောက် ဝင်ရောက်တိုက်ခတ်ခဲ့သည်။ ထိုမှတစ်ဆင့် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် မိုဇမ်ဘစ်နိုင်ငံသို့ ဝင်ရောက်ပြီး အကြီးအကျယ် မွှေနှောက်တိုက်ခတ်ခဲ့သည်။

နှစ်နိုင်ငံလုံးတွင် သေဆုံးသူစုစုပေါင်း နှစ်ဒါဇင်နီးပါး ရှိခဲ့ပြီး မုန်တိုင်းဒဏ်သင့်သူ ၄ သိန်းနီးပါး ရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြချက်အရ သိရသည်။

ဖရက်ဒီသည် ထိုမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာသို့ ပြန်လှည့်သွားကာ ထိုနေရာ၌ ပြန်လည်အားကောင်းလာပြီး မူလလမ်းကြောင်းအတိုင်း ထပ်မံဝင်ရောက်ကာ တိုက်ခတ်ခဲ့သည်။ ဒုတိယအကြိမ် ဝင်ရောက်လာချိန်၌ ဆိုင်ကလုန်းသည် ယခင်ထက် ပိုမိုအားကောင်းပြီး တစ်နာရီလျှင် ၁၂၅ မိုင်အထိ အင်အားပြင်းထန်စွာ တိုက်ခတ်ခဲ့သည်။

မာလာဝီတွင် လာမည့်ရက်များ၌ ရာသီဥတုအခြေအနေ ပိုမိုကောင်းမွန်လာပြီး မုန်တိုင်းသည်လည်း အားပျော့ကာ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်သွားမည်ဟု ခန့်မှန်းထားသည်။ သို့သော်လည်း ရက်ပေါင်းများစွာ မိုးသည်းထန်ခဲ့သည့်အတွက် မတ်လ ၁၅ ရက်နေ့အထိ အချို့နေရာများတွင် ရေကြီးဆဲဖြစ်ကာ အရေးပေါ် အကူအညီများ လိုအပ်နေဆဲ ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသလေ့လာရေးအဖွဲ့ World Meteorological Organization က လက်ရှိ မှတ်တမ်းတင်ထားသည့် အကြာရှည်ဆုံး မုန်တိုင်းမှာ ဂျွန်ဟု အမည်ပေးထားသော မုန်တိုင်းဖြစ်ကာ ၁၉၉၄ ခုနှစ်က ၃၁ ရက်ကြာအောင် တိုက်ခတ်ခဲ့သည်။

ဗီဒီယိုများ