ဗင်ဂိုး၏ ‘ပျိုးကြဲသူ’ ပန်းချီကားကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ပဲဟင်းဖြင့်ပက်

အီတလီနိုင်ငံ ရောမမြို့ရှိ ပြတိုက်တစ်ခုတွင် ချိတ်ဆွဲထားသော ပန်းချီဆရာ ဗန်ဂိုး၏ ‘ပျိုးကြဲသူ’ ပန်းချီကားကို နိုဝင်ဘာလ ၄ ရက်၊ သောကြာနေ့က ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများက ပဲဟင်းဖြင့်ပက်ခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 05 Nov 2022

ဗင်ဂိုး၏ ‘ပျိုးကြဲသူ’ ပန်းချီကားကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ပဲဟင်းဖြင့်ပက်

ဓာတ်ပုံ - AFP

DMG ၊ နိုဝင်ဘာ ၅

အီတလီနိုင်ငံ ရောမမြို့ရှိ ပြတိုက်တစ်ခုတွင် ချိတ်ဆွဲထားသော ပန်းချီဆရာ ဗန်ဂိုး၏ ‘ပျိုးကြဲသူ’ ပန်းချီကားကို နိုဝင်ဘာလ ၄ ရက်၊ သောကြာနေ့က ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများက ပဲဟင်းဖြင့်ပက်ခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပြတိုက်အတွင်း ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်၌ အမျိုးသမီးငယ်နှစ်ဦးသည် အရည်တစ်မျိုးဖြင့် ပန်းချီကားကို ပက်လိုက်သည်ကို တွေ့ရသည်။ ထို့နောက်တွင် ၎င်းတို့နှစ်ဦးနှင့်အတူ နောက်ထပ် အမျိုးသမီးငယ်တစ်ဦးတို့က ကော်သုတ်ထားသော ၎င်းတို့၏ လက်များကို နံရံတွင် ကပ်ထားပြီး အော်ဟစ်နေကြသည်ကို တွေ့ရသည်။

အဆိုပါပန်းချီကားအား မှန်ဖြင့်ဘောင်ကာထားသဖြင့် တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှုတော့ မရှိခဲ့ပေ။

ပျိုးကြဲသူ (The Sower) ဟုအမည်ပေးထားသည့် အဆိုပါပန်းချီကားကို ဒပ်ချ်ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုးက ၁၈၈၈ ခုနှစ်တွင် ရေးဆွဲခဲ့ခြင်းဖြစ်ကာ နေပူကြဲကြဲအောက်တွင် ပျိုးကြဲနေသူတစ်ဦးပုံကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ တက်ကြွလှုပ်ရှားသူ လေးဦးကို ဖမ်းဆီးထားကြောင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။

နောက်ဆုံးမျိုးဆက်ဟု အမည်ပေးထားသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူအဖွဲ့က ၎င်းတို့၏ ယခုလုပ်ရပ်အား “လက်သရမ်းဖျက်ဆီးမှုအဖြစ်သာ မြင်၍မရသည့် လက်တွေ့ကျကျ အသည်းအသန် ဒဏ်ပေးမှုတစ်ရပ်”ဟုဆိုသည်။

“ဓာတ်ငွေ့နှင့် ကျောက်မီးသွေးအသုံးကို ရပ်တန့်ရန်နှင့် ပြန်ပြည့်မြဲစွမ်းအင်အတွက် အနည်းဆုံး ၂၀ ဂီဂါဝပ်အထိ ရင်းနှီးမြှုပ်နှံရန် အစိုးရအပေါ် တောင်းဆိုထားမှုများအား နိုင်ငံသားများ အဖြေရရှိသည်အထိ အကြမ်းမဖက်သည့် တိုက်ရိုက်လုပ်ရပ်များကို ဆက်လက် လုပ်ဆောင်သွားမည်”ဟုလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥရောပတစ်ခွင်၌ ပြီးခဲ့သော သီတင်းပတ်များအတွင်း ပတ်ဝန်ကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများသည် သဘာဝပတ်ဝန်းကျင်အရေးအတွက် လူအမျိုး ပိုမိုသတိထားမိစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ လုပ်ရပ်များ လုပ်လာသည်ကို ခပ်စိပ်စိပ်တွေ့လာရပြီး ဟင်းချို၊ ကိတ်မုန့် အစရှိသည့်အရာများဖြင့် ပစ်ပေါက်ကြသည်ကို တွေ့ရသည်။ သူတို့သည် ပါရီမှ လူဗာပြတိုက်ရှိ မိုနာလီဆာပန်းချီကားနှင့် ပုလဲနားဆွဲနှင့် မိန်းကလေးငယ် ပန်းချီကားများကိုပါ ပစ်မှတ်ထားကာ ဆောင်ရွက်ခဲ့ကြသည်။

ပြီးခဲ့သော အောက်တိုဘာလကလည်း လန်ဒန် အမျိုးသားပြတိုက်တွင် ချိတ်ဆွဲထားသည့် ဗန်ဂိုး၏ နေကြာပန်းများ ပန်းချီကားကို Just Stop Oil အဖွဲ့က အာလူးဟင်းရည်များဖြင့် ပစ်ပေါက်ခဲ့သည်။ အဆိုပါပန်းချီကားများ အားလုံးသည် မှန်ဘောင်များဖြင့် ကာရံထားခြင်းဖြစ်သဖြင့် တစ်စုံတစ်ရာ ပျက်စီးမှုတော့ မရှိခဲ့ပေ။

ဗီဒီယိုများ