ယူကရိန်းစစ်တွင် ပူတင်သာ နျူကလီးယားလက်နက် သုံးလာခဲ့သော်...

ရုရှားသည် “တာတိုပစ်” သို့မဟုတ် တိုက်ပွဲသုံး နျူကလီးယားဗုံးများအား တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ နေရာချလာနိုင်ကြောင်း လေ့လာသူများက ယူဆကြသည်။

By Admin 10 Oct 2022

ယူကရိန်းစစ်တွင် ပူတင်သာ နျူကလီးယားလက်နက် သုံးလာခဲ့သော်...

ရုပ်ပုံ - Getty Images

မေမိုး ဘာသာပြန်ဆိုသည်။

ရုရှား၏ “နယ်မြေပေါင်းစည်းရေး” ကို ခြိမ်းခြောက်ခံရမည်ဆိုလျှင် ယူကရိန်းတွင် နျူးကလီးယားလက်နက် သုံးမည်ဟူသည့် သမ္မတ ဗလာဒီမာပူတင်၏ ခြိမ်းခြောက်မှုအား မည်သို့တုံ့ပြန်မည်ကို အနောက်နိုင်ငံများသည် အသည်းအသန် ဆွေးနွေးနေကြရသည်။
“နျူကလီးယားလက်နက်တွေနဲ့ ရုရှားကို အကြပ်ကိုင်ဖို့ ကြိုးစားနေသူတွေ သိထားရမှာက လေကြောင်းက သူတို့ဘက်ကိုလည်း လှည့်လာနိုင်တယ် ဆိုတာပဲ” ဟု ပူတင်က ပြောသည်။
“ဒါ ဖြီးဖြန်းပြောနေတာမဟုတ်ဘူး” ဟုလည်း သူက ဆိုလိုက်သေးသည်။
သို့သော် ရုရှားသမ္မတသည် အမေရိကန်တို့ ၁၉၄၅ ခုနှစ်တွင် ဂျပန်ကို ဗုံးကြဲခဲ့ပြီးနောက်ပိုင်း ပထမဆုံး နျူးကလီးယားလက်နက်သုံးတိုက်ခိုက်သူ ဖြစ်လိုသည့်ဆန္ဒ ရှိသည်ဟု လေ့လာ ဆန်းစစ်သူများက မယူဆကြပေ။
ရုရှားကသာ နျူးကလီးယားလက်နက်သုံး၍ တိုက်ခိုက်လာနိုင်မည်ဆိုပါက ဖြစ်လာနိုင်သည့် အခြေအနေများကို အေအက်ဖ်ပီသတင်းဌာနက ကျွမ်းကျင်ပညာရှင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ 

■ ရုရှားနျူးကလီးယားတိုက်ခိုက်မှုကြောင့် မည်သို့ဖြစ်လာနိုင်သနည်း
ရုရှားသည် “တာတိုပစ်” သို့မဟုတ် တိုက်ပွဲသုံး နျူကလီးယားဗုံးများအား တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ နေရာချလာနိုင်ကြောင်း လေ့လာသူများက ယူဆကြသည်။
အမေရိကန်ရှိ အကြီးဆုံးနျူးကလီးယားထိပ်ဖူး၏ ပြင်းအား ၁.၂ မဂ္ဂါတန်ချိန် သို့မဟုတ် ၁၉၆၁ ခုနှစ်တွင် စမ်းသပ်ခဲ့သည့် ရုရှား၏ ၅၈ မဂ္ဂါတန်ချိန် ဗုံးလက်နက်နှင့် နှိုင်းယှဉ်လျှင် ယခုလက်နက်များသည် လက်နက်အငယ်စားများ ဖြစ်ပြီး ဝ.၃ ကီလိုတန်မှ ၁၀၀ ကီလိုတန်အထိ ပေါက်ကွဲအားရှိသည်။
ပဲ့ထိန်းတပ် တာတိုပစ်ဗုံးများသည် တိုက်ပွဲဧရိယာများတွင် အကန့်အသတ်ဖြင့်သာ သက်ရောက်မှုရှိအောင် စီမံထားပြီး ဗျူဟာမြောက် နျူးကလီးယားလက်နက်များမှာ စစ်ပွဲများတွင် အပြတ်အသတ်ချေမှုန်း တိုက်ခိုက်နိုင်အောင် ဖန်တီးထားသည်။
သို့သော်လည်း “သေးငယ်ခြင်း” နှင့် “အကန့်အသတ်ရှိခြင်း” တို့သည် ဆက်စပ်နေသည်။ ၁၉၄၅ ခုနှစ်တွင် ဟီရိုးရှီးမားကို အမေရိကန်ကြဲချခဲ့သည့် အဏုမြူဗုံးလက်နက်၏ ဖျက်ဆီးနိုင်စွမ်းသည် ၁၅ ကီလိုတန်ချိန်အထိသာ ရှိခဲ့သည်။

■ ရုရှား၏ အဓိကပစ်မှတ်သည် မည်သည်နည်း
ယူကရိန်းတွင် ပဲ့ထိန်းတပ်တာတိုပစ်ဗုံးလက်နက်တစ်ခု သုံးစွဲလိုသည့် ရုရှား၏ ရည်ရွယ်ချက်သည် ယူကရိန်းကို အညံ့ခံလာအောင် ခြောက်လှန့်လိုခြင်း သို့တည်းမဟုတ် ညှိနှိုင်းဆွေးနွေးရန် ကမ်းလှမ်းလာစေလိုခြင်းနှင့် နိုင်ငံတွင်း အနောက်ကို ထောက်ခံနေမှုကို ပြိုကွဲစေလိုခြင်းတို့ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများကဆိုသည်။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ရှိ နိုင်ငံတကာလုံခြုံရေးအစီအစဉ် (CSIS) ၏ စစ်ရေး ကျွမ်းကျင်သူ တစ်ဦးဖြစ်သူ မာ့ခ်ကန်စီယန်ကမူ ရုရှားသည် ရှေ့တန်းတွင် နျူးကလီးယားလက်နက် ထုတ်သုံးနိုင်ဖွယ် မရှိဟုဆိုသည်။ 
၃၂ ကီလိုမီတာ (မိုင် ၂၀) ရှိသည့် ဧရိယာတစ်ခုကို သိမ်းပိုက်ရန်အတွက် နျူးကလီးယားဗုံးအသေးစား ၂၀ လိုအပ်နိုင်သည်။  နျူလက်နက် အသုံးပြုရခြင်းအန္တရာယ်၊ ရေဒီယိုသတ္တိကြွမှုများ ရင်ဆိုင်ရနိုင်ခြေရှိသည့် အန္တရာယ်တို့နှင့် နှိုင်းယှဉ်ပါက အရင်းကြီးပြီး အမြတ်နည်းသည့် အနေအထားဖြစ်သည်။
“တစ်ကြိမ်သုံးရုံနဲ့ ကိစ္စပြတ်မှာမဟုတ်ဘူး” ဟု ကန်စီယန်ကပြောသည်။
ထိုအစား မော်စကိုသည် နျူးကလီးယားဗုံးတစ်လုံးကို ရေတွင်ဖောက်ခွဲခြင်းဖြင့် အကြီး အကျယ်သေကြေပျက်စီးမှုကို ရှောင်ရှားပြီး ပြင်းထန်သည့် သတင်းစကားတခု ပါးခြင်း၊ သို့တည်းမဟုတ် ယူကရိန်းဝေဟင် အမြင့်တစ်ခုတွင် နိုင်ငံရှိ လျှပ်စစ်ပစ္စည်းများကို သုံးမရဖြစ်သွားစေမည့် လျှပ်စစ်သံလိုက် ကြိမ်နှုန်းတစ်ခု ထုတ်လွှတ်ခြင်းတို့ ပြုလုပ်နိုင်ခြေရှိသည်။
ထိုသို့မဟုတ်လျှင်လည်း ရုရှားသမ္မတပူတင်သည် ပိုမိုကြီးမားသည့် ပျက်စီးမှုနှင့် သေကြေမှုတို့ကို ရွေးချယ်နိုင်သည်။ ယူကရိန်း၏ စစ်ရေးအခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်ခြင်း၊ သို့မဟုတ် ကိယက်ဗ်မြို့လယ် နေရာတစ်ခုကို တိုက်ခိုက်ပြီး လူအစုလိုက်အပြုံလိုက် သေဆုံးစေခြင်း၊ အဆိုပါ သေဆုံးမှုတွင် နိုင်ငံ၏ နိုင်ငံရေးခေါင်းဆောင်များပါ သေစေခြင်းမျိုးလည်း လုပ်ဆောင်လာနိုင်သည်။
ထိုဖြစ်နိုင်ခြေများသည် “မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) မိတ်ဖက်တွေကွဲသွားဖို့နဲ့ ပူတင်ကိုဝိုင်းဝန်း ဆန့်ကျင်နေကြတဲ့ ကမ္ဘာ့နိုင်ငံတွေ အုပ်စုကွဲသွားဖို့ ရည်ရွယ် ဆောင်ရွက်မယ့်သဘော ဖြစ်ပုံရတယ်” ဟု အိမ်ဖြူတော်၌ နျူကလီးယား မူဝါဒရေးရာ ကျွမ်းကျင်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဂျွန် ဝုဖ်သဲက အွန်လိုင်းပလက်ဖောင်း ဆပ်စတက်တွင် သောကြာနေ့က ရေးသားထားသည်။
သို့စေကာမူ ထိုအခြင်းအရာ အောင်မြင်မည်လောဆိုသည်မှာ မရေရာသလို အလွန်ဆိုးဝါးသည့် အခြေအနေအဖြစ် အလွယ်တကူလက်ခံသိမြင်ပြီး ဖြေရှင်းလာနိုင်မည်လော ဆိုသည်မှာလည်း ရှင်းရှင်းလင်းလင်း မရှိလှဟု ဝုဖ်သဲက ဆိုသည်။

■ အနောက်ဘက်ကလည်း နျူကလီးယားလက်နက်များဖြင့် တုံ့ပြန်သင့်သလား
အနောက်အုပ်စုနိုင်ငံများသည် နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်လာမည့်အခြေအနေအား မည်သို့တုံ့ပြန်မည်ကို ဝေခွဲမရ ရှိနေဆဲဖြစ်သည်။ ရွေးချယ်စရာ များမှာလည်း ရှုပ်ထွေးလျက်ရှိသည်။
အမေရိကန်နှင့်နေတိုး (NATO) တို့သည် သွယ်ဝိုက်ခြိမ်းခြောက်လာသည့် နျူးကလီးယား အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် အားပျော့သည့်ပုံစံဖြစ်မည်ကို မလိုလားချေ။ 
သို့တိုင်အောင် နေတိုးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံမဟုတ်သည့် ယူကရိန်းတွင် ဖြစ်ပွားနိုင်ခြေရှိသည့် စစ်ပွဲကြောင့် ဆိုးဝါးစွာပျက်စီးစေမည့် ကမ္ဘာ့နျူးကလီးယား စစ်ပွဲအထိ ပိုမိုကျယ်ပြန်သည့်ကမ္ဘာစစ်ကြီး တစ်ခုအသွင် ဆောင်လာနိုင်ခြင်းကို ရှောင်ရှားလိုသည့် ဆန္ဒရှိသည်။
အနောက်နိုင်ငံများမှာမူ တုံ့ပြန်ရန်မှတပါး အခြားရွေးချယ်စရာမရှိကြောင်းနှင့် အမေရိကန်တစ်နိုင်ငံတည်း တုံ့ပြန်ခြင်းထက် နေတိုးအဖွဲ့အနေဖြင့်သာ တုံ့ပြန်သင့်ကြောင်း ကျွမ်းကျင်သူများကဆိုသည်။
 “ပူတင်ရဲ့ စစ်ရေးအခြေအနေဟာ ဒီလိုတိုက်ခိုက်မှုမျိုးလုပ်ပြီးတော့ တိုးတက်မလာအောင်နဲ့ ဒီလို လုပ်ခြင်းကြောင့် နိဂုံးအနေနဲ့ သူရဲ့ နိုင်ငံရေး၊ စီးပွားရေးနှင့် ပုဂ္ဂိုလ်ရေးအခြေ အနေတွေကိုလည်း ဆုံးရှုံး သွားစေမယ့် ဘယ်တုံ့ပြန်မှုကိုမဆို လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဝုဖ်သဲလ်ကပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့်လည်း နေတိုး(NATO) အဖွဲ့ဝင်နိုင်ငံများတွင် ပဲ့ထိန်းတပ် နျူကလီးယား လက်နက် ၁၀၀ ခန့်ဖြန့်ကြက်ချထားပြီးဖြစ်ပြီး ထိုနေရာများကတစ်ဆင့် ရုရှားတပ်ဖွဲ့များကို တိုက်ခိုက်တုံ့ပြန်သွားနိုင်သည်။
ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ရုရှား၏ အန္တရာယ်ရှိသည့် လုပ်ရပ်များကို မည့်သို ့ဖြေရှင်းမည် ကိုပြနေသကဲ့သို့ဖြစ်နေပြီး တပ်လှန့်ပြီးသားဖြစ်ကြောင်း အတ္တလန္တိတ်ကောင်စီက မက်သယူးကရိုးနစ်က ပြောကြားသည်။ 
၎င်းကပင်ဆက်လက်ပြီး “ဒီလိုလုပ်ခြင်းအားဖြင့်လည်း တဖက်မှာ ရုရှားကို ပိုကြီးတဲ့ နျူကလီးယား လက်နက်ကို သုံးပြီးထိုးစစ်ဆင်လာအောင် လှုံ့ဆော်ရာရောက်သွားစေနိုင်ကာ လူသားမျိုးနွယ်ကို ပိုမိုဆိုးဝါးစွာသက်ရောက်စေနိုင်တဲ့ နျူကလီးယား စစ်ဘေးကြီးအသွင် ဦးတည်သွားနိုင်ကြောင်း” သုံးသပ်ပြောကြားခဲ့သည်။
နောက်တစ်ချက်မှာ နျူကလီးယားလက်နက်ဖြင့် တုံ့ပြန်မည့် အစီအစဉ်ကို နေတိုးအဖွဲ့ဝင် နိုင်ငံတချို့က ပယ်ချနိုင်သည့်အခြေအနေ ဖြစ်သည်။ မဟာမိတ်များ အားနည်းစေလိုသည့် ပူတင်၏ ရည်ရွယ်ချက်ကို အထောက်အကူပြုနိုင်သည့် အခြေအနေမျိုးဖြစ်သည်။

■ ရုရှားကိုတိုက်ခိုက်မည့်အင်အား ယူကရိန်းအတွက် အားဖြည့်ပေးမည်လား
နျူကလီးယားတိုက်ခိုက်မှုကို ဖြေရှင်းသည့်နည်းလမ်းမှာ ပိုပြီးသမာရိုးကျဆန်သည့်စစ်ရေး သို့မဟုတ် သံတမန်ရေးဖြင့် ဖြေရှင်းနည်းနှင့် ယူကရိန်းကို ပြင်းထန်သည့်စစ်လက်နက်များ ပိုမိုပံ့ပိုးပေးခြင်းနည်း လမ်းတို့သည် ပိုမိုထိရောက်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။
“ရုရှားက နျူးကလီးယားလက်နက်ကို အသုံးချလာရင် ခုချိန်ထိတုံံ့ဆိုင်းနေတဲ့နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ အပြင် တရုတ်လိုနိုင်ငံ တွေအထိကို စည်းရုံးဖို့ လမ်းစပွင့်သွားနိုင်တယ်။ ပိတ်ဆို့အရေးယူမှုတွေ ထပ်တိုးလုပ်လာနိုင်ပါတယ်” ဟု ခရိုနစ်ခ်ကဆိုသည်။
ထို့အပြင် အမေရိကန်သည် ယူကရိန်းကို နေတိုးတိုက်လေယာဉ် ပက်ထရီရော့ထ်၊ ဝေဟင်ပစ်ဒုံးခွင်း ဒုံးစနစ် (THAAD)နှင့် တာဝေးတိုက်ချင်းပစ် ဒုံးစနစ်(ATACMS) များကို ရုရှားအတွင်းပိုင်းအထိ ထိုးစစ်ဆင်နိုင်ရန် ပံ့ပိုးပေးသွားနိုင်သည်။
“ကျွန်တော်တို့မှာ ယူကရိန်းတပ်တွေအပေါ် အကန့်အသတ်တွေ ဘယ်လိုပဲရှိရှိ၊ အကန့်အသတ်တစ်ချို့ ရှိနေတယ်လို့လည်း ကျွန်တော်ထင်ပါတယ်။ ဒါတွေအားလုံးကို ကျွန်တော်တို့ ဖယ်ရှားရမယ်လို့ ထင်ပါတယ်” ဟုကန်စီယန်က ဆိုလေသည်။
မေမိုး
What could happen if Putin used nuclear weapons in Ukraine?, AFP ကို မြန်မာဘာသာ ပြန်ဆိုပါသည်။

ဗီဒီယိုများ