- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
အာဆီယံဥက္ကဌသစ် ကမ္ဘောဒီးယား မြန်မာအပေါ် ဆက်လက်ဖိအားပေးသွားမည်
အာဆီယံဥက္ကဌသစ် ဖြစ်လာမည့် ကမ္ဘောဒီးယားအနေဖြင့် မြန်မာအာဏာပိုင်များအား အတိုက်အခံများနှင့် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ရန် ဖိအားပေးသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြောကြားလိုက်သည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
30 Oct 2021

DMG ၊ အောက်တိုဘာ ၃၀
အာဆီယံဥက္ကဌသစ် ဖြစ်လာမည့် ကမ္ဘောဒီးယားအနေဖြင့် မြန်မာအာဏာပိုင်များအား အတိုက်အခံများနှင့် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ရန် ဖိအားပေးသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြောကြားလိုက်သည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖူးဘူးဆိုတဲ့ စည်းကမ်းကို ကျွန်တော်တို့အားလုံး လေးစားလိုက်နာတဲ့ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အသည်းအသန် စိုးရိမ်ဖွယ်ရာ ဖြစ်လာနေပါတယ်” ဟု ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆောခွန်က ရိုက်တာသတင်းဌာနသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“(ဒီအခြေအနေဟာ) ဒေသတွင်း၊ အာဆီယံရဲ့ ဂုဏ်သိက္ခာ၊ ကျွန်တော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေ ဖြစ်ကြတဲ့ မြန်မာပြည်သူလူထုတွေ အပေါ်မှာ မကောင်းတဲ့အကျိုးသက်ရောက်မှု ရှိလာနေပါတယ်” ဟု သူကပြောသည်။
မြန်မာသည် ပြည်တွင်းစစ်ဖြစ်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေကြောင်းလည်း ဝန်ကြီးက သတိပေးပြီး မိမိတို့ အာဆီယံဥက္ကဌ ရာထူး ရယူချိန်၌ မြန်မာနိုင်ငံအတွက် အာဆီယံအထူးသံတမန်တစ်ဦး အသစ် ခန့်အပ်မည်ဟု ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် အာဝင်ယူဆော့အား အာဆီယံလက်ရှိဥက္ကဌ ဘရူနိုင်းကို ကိုယ်စားပြုခန့်အပ်ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံမှ သက်ဆိုင်ရာအင်အားစုများ အားလုံးနှင့် တွေ့ခွင့်ရရန် အာဝင်ယူဆော့၏ တောင်းဆိုချက်ကို စစ်တပ်ဘက်က ငြင်းဆန်ခဲ့သည့်အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အာဆီယံညီလာခံ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ခြင်းကို ကမ္ဘောဒီးယားအနေဖြင့် ထောက်ခံကြောင်း ဆောခွန်က ပြောကြားသည်။
သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးအား ဆက်လက်ပိတ်ပင်နိုင်ခြေ ရှိ မရှိကို ယခုအချိန်၌ ပြောကြားရန် မသင့်တော်ကြောင်း သူက ပြောသည်။
“တိုးတက်ဖြစ်ထွန်းမှုတွေ ရှိကောင်းရှိလာနိုင်ပါတယ်… ဒါက မြန်မာအပေါ်မှာ မူတည်ပါလိမ့်မယ်” ဟု သူက ဖြေကြားသည်။